Friday, July 25, 2014

လူသားဖွံ့ဖြိုးမှုညွှန်းကိန်း အာဆီယံတွင် မြန်မာအနိမ့်ဆုံး


ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP)က ထုတ်ပြန် သည့် လူသားဖွံ့ဖြိုးမှုအစီရင်ခံစာ(၂၀၁၄)တွင် မြန်မာနိုင်ငံ၏ လူ သားဖွံ့ဖြိုးမှုအညွှန်းကိန်း (HDI) အဆင့်မှာ အာဆီယံတွင် အနိမ့် ဆုံးဖြစ်ပြီး ပြီးခဲ့သည့်နှစ်ကထက် အဆင့်တစ်ဆင့်လျော့ကျသွား ကြောင်း သတင်းရရှိသည်။


လူသားဖွံ့ဖြိုးမှုအညွှန်းကိန်း ၂၀၁၄ တွင် မြန်မာနိုင်ငံမှာ လူ သားဖွံ့ဖြိုးမှုနိမ့်ကျသော Low Human Development အုပ်စု တွင်ပါဝင်ပြီး အဆင့် ၁၅၀ တွင်ရှိသည်။ ပြီးခဲ့သည့်နှစ်ကထုတ်ပြန်သော အစီရင်ခံစာတွင် မြန်မာနိုင်ငံမှာ အဆင့် ၁၄၉ ဖြစ်သည်။

‘‘၁၄၉ ကနေ ၁၅၀ ဖြစ်တာ တော့မကောင်းဘူး။ ဒါပေမဲ့ အဆင့်ကိုတိုင်းတဲ့နေရာမှာ နှစ် ပိုင်းရှိတယ်။ ပကတိအခြေအနေ ကိုတိုင်းတာရှိတယ်၊ အခြားနိုင်ငံ နဲ့ယှဉ်ပြိုင်တိုင်းတာရှိတယ်’’ ဟု နိုင်ငံတော် သမ္မတ၏ စီးပွားရေး အကြံပေးဒေါက်တာအောင်ထွန်း သက်က သုံးသပ်သည်။

လူသားဖွံ့ဖြိုးမှု အညွှန်းကိန်း ကို အသက်ရှည်ခြင်း၊ ပညာ တတ်ခြင်းနှင့် နေထိုင်မှုအဆင့် အတန်းတို့ဖြင့် တိုင်းတာကြပြီး မြန်မာလူမျိုးများ၏ ပျမ်းမျှသက် တမ်းမှာ ၆၅ ဒသမ ၂ နှစ်ဖြစ်သည်။ပျမ်းမျှပညာသင်ကြားသော ကာလမှာ လေးနှစ်နှင့် နိုင်ငံသားတစ်ဦးချင်း တစ်နှစ်ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၃,၉၉၈ ရှိသည်ဟု ဖော်ပြထားသည်။

‘‘ပညာရေးနဲ့ ကျန်းမာရေး ဘတ်ဂျက်တွေတိုးလာပေမယ့် ဒီ ဘတ်ဂျက်တွေကို ထပ်တိုးဖို့လိုပါ သေးတယ်’’ဟု UNDP မှ အကြီး တန်း စီးပွားရေး အကြံပေး Mr Daniel Kostzer က ပြောသည်။

ထို့အပြင် မွေးကင်းစ ကလေးများ သေနှုန်းလျှော့ချနိုင်ရန် အတွက် ကလေးသူငယ်များအား ဆေးရုံတွင် မွေးဖွားခြင်းနှင့် ဆေးရုံ၊ ဆေးခန်းများ သန့်ရှင်းအောင်ဆောင်ရွက်ရန် လိုကြောင်း UNDP မှ အကြီးတန်း အရာရှိကြီးတစ်ဦးက အကြံပြုသည်။

‘‘နယ်တွေမှာ ကလေးတွေ နွားကျောင်းနေရတယ်။ လက် ဖက်ရည်ဆိုင်တွေမှာ အလုပ်လုပ် နေရတယ်။ အဲဒီကလေးတွေကို ကျောင်းကိုပို့ပေးဖို့လုပ်ရမယ်’’ဟု လည်း UNDP မှ အကြီးတန်း စီး ပွားရေး အကြံပေး Mr Daniel Kostzer က သုံးသပ်သည်။

အာဆီယံဒေသတွင်း နိုင်ငံ များထဲတွင် လာအိုနိုင်ငံမှာ လူ သားဖွံ့ဖြိုးမှု အညွှန်းကိန်း ၁၃၉ ရှိပြီး ပျမ်းမျှသက်တမ်း ၆၈ ဒသမ ၂ နှစ်ရှိ၍ ကမ္ဘောဒီးယားနိုင်ငံမှာ အဆင့် ၁၃၇ တွင်ရှိပြီး ပျမ်းမျှသက်တမ်းမှာ ၇၁ ဒသမ ၉ နှစ်ဖြစ်သည်။

ယခုနှစ်ထုတ်ပြန်သော လူ သားဖွံ့ဖြိုးမှု အညွှန်းကိန်းတွင် နော်ဝေးနိုင်ငံမှာ ထိပ်ဆုံးမှရှိနေ ပြီး ဒုတိယတွင် ဩစတြေးလျ၊တတိယတွင် ဆွစ်ဇာလန်နိုင်ငံတို့ ရှိကြသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...