"သူရဲကောင်းလုပ်ကြစတမ်းဆိုရင် စစ်တပ်က သူရဲကောင်းလုပ်ဖို့အတွက် အခွင့်အလမ်း ပိုများတယ်"
RNDP ပါတီ အထွေထွေအတွင်းရေးမှူး ဦးဦးလှစောနှင့် တွေ့ဆုံခြင်း
(ယမန်နေ့မှအဆက်)
Voice ။ ။ ဖွဲ့စည်းပုံကို အသစ်ပြန် ရေးမယ်လို့ပြောတာတွေ ဒီလပိုင်းမှာ တော်တော် အားကောင်းလာတယ်။ NLD နဲ့ဆိုင်တဲ့သူ အချို့လည်း အခြေခံဥပဒေ ပြန်ဖျက်ရေးလို့ ပြောတာတွေရှိတယ်။ NLD လိုလွှတ်တော်ထဲက ပါတီတစ်ခု အနေနဲ့ ဘာလုပ်သင့်တယ် ယူဆပါသလဲခင်ဗျ။
UUHS ။ ။ ဒီနေရာမှာ ကျွန်တော်က နိုင်ငံရေးပါတီ တာဝန်ရှိသူတစ်ယောက် အနေနဲ့။ ကျွန်တော်တို့က ပြတ်ပြတ်သားသားပဲ။ ပြင်မယ်၊ ရတဲ့နည်းနဲ့ ကျွန်တော်တို့ ပြင်မယ်။ ပြင်ဖို့ဆိုတာ အင်မတန် ခက်ပါတယ်။ ခက်ခဲပေမယ့် သွားရလိမ့်မယ်။ ခက်တဲ့အတွက် မပြင်ဘဲနဲ့ အသစ်ပြန်ရေး မယ်ဆိုတာ ပိုပြီးခက်ခဲတယ်။ ကျွန်တော်တို့ ကတော့ ပြင်ရေးပဲ သွားမယ်။ ဒီနေရာမှာ NLD အနေနဲ့ ဖွဲ့စည်းပုံပြင်မယ် ဆိုပြီးတော့ ရွေးကောက်ပွဲ ဝင်လာတယ်။ ဒီတော့ ပြတ်ပြတ်သားသား ပြောပါ။ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဥပဒေအကြံပေးတွေ၊ လွှတ်တော်အမတ် တွေသည် ကျွန်တော် တို့ရဲ့ လမ်းကြောင်းဟာ ပြင်ရေးလမ်းကြောင်းပဲ ဖြစ်တယ်၊ အသစ်ပြန်ရေးတဲ့ လမ်းကြောင်း မဟုတ်ဘူး ဆိုတာ ပြတ်ပြတ်သားသား ပြောဖို့လိုပြီ။ ကျွန်တော်တို့ တိုင်းရင်းသားအနေနဲ့ ပြောရမယ်ဆို ခု Liberalized ဖြစ်နေတဲ့ Process ဟာ ပျက်သွားလည်း ကျွန်တော်တို့ အတွက် မထူးဘူး။ ဒါပေမဲ့ မပျက်စေချင်ဘူး။
၂၀၀၈ ဟာ ကျွန်တော်တို့ ကြိုက်တဲ့ဟာ မဟုတ်ဘူး။ ဒါပေမဲ့ ဒီနိုင်ငံရေးလုပ်တယ် ဆိုတာ ၂၀၀၈ ဖွဲ့စည်းပုံကို ကြိုက်ခြင်း၊ မကြိုက်ခြင်းနဲ့ ကျွန်တော်တို့ ပါတီထောင်လာတာ မဟုတ်ဘူး။ တစ်စုံတစ်ရာရှေ့ကို Steps လေး နည်းနည်းကျော်လာမယ်။ အသက်ရှူပေါက်လေး နည်းနည်း ရလာမယ်။ ပြည်သူလူထုကို အကြောက်တရား ကင်းအောင်၊ Democracy Conscious လေး နည်းနည်းရလာအောင် ပါတီထောင်ပြီး အမုန်းခံပြီး လုပ်လာတာ။
ဒီ Process မှာ သွားနေတဲ့ဟာကို အလွန်အကျွံ လက်တွေ့မကျတဲ့ Scholar လည်း မဆန်တဲ့ Emotional ဆန်ဆန် တင်လာတဲ့ဟာတွေ ကိုတော့ ကျွန်တော်တို့ လက်မခံဘူး။ နောက်တစ်ခု နိုင်ငံရေးမှာ Demand တွေ ကြွေးကြော်သံတွေ လုပ်ရတယ်ဆိုတာ လူထု သဘောတူညီမှုနဲ့ လုပ်ရတာ။ တာဝန်မဲ့ သူရဲကောင်းဆန်ဆန် ပြောတာတွေတော့ ကျွန်တော်မကြိုက်ဘူး။ Democratic Process ဆိုတာ သူရဲကောင်းဆန်ဆန် သွားတဲ့ Process မဟုတ်ဘူး။
မြန်မာပြည်မှာ သူရဲကောင်းဖြစ်ချင်သူတွေ သိပ်များတယ်။ သူရဲကောင်း လုပ်ကြစတမ်း ဆိုရင် စစ်တပ်က သူရဲကောင်းလုပ်ဖို့ အတွက် ပိုအခွင့်အလမ်း များတယ်။ အများပြည်သူ အကျိုးစီးပွားအတွက် Scholar ဆန်ဆန် မျှမျှတတသွားရတဲ့ Process ပါ။
Voice ။ ။ ပြင်မယ်ဆိုရင်ရော ဘယ်လို ပုံစံမျိုးပြင်ကြမလဲ။
UUHS ။ ။ ပြင်ဖို့ဆိုတာ အင်မတန် ခက်ခဲသိမ်မွေ့တယ်။ ပြင်ဖို့ဆိုတာမှာ ပါတီတိုင်းက မကြိုက်တာတွေ အများကြီး။ Principal ထဲမှာလည်း မကြိုက်တဲ့ဟာတွေ အများကြီးပဲ။ ဥပမာ-ကာလုံ မကြိုက်ဘူး။ ကာလုံဖျက်သိမ်းရေး။ ကာလုံဖျက်သိမ်းရေး ဆိုရင် တပ်နဲ့ ထိပ်တိုက်တိုးလိမ့်မယ်။ လောလောဆယ် ကျွန်တော်တို့ ပါတီအနေနဲ့ ကျွန်တော်တို့ပြည်သူတွေရဲ့ ရသင့်ရထိုက်တဲ့ Democratic Rights တွေ၊ Power Sharing တွေ၊ Resource Sharing၊ စာပေ၊ ယဉ်ကျေးမှု၊ သမိုင်းတွေကို ဖော်ထုတ်ခွင့် ဆိုတာတွေကို ၂၀၁၅ မှာ ခိုင်ခိုင်မာမာ Guarantee နဲ့ လုပ်နိုင်မယ်ဆို ကျွန်တော်တို့ အတွက် ကောင်းတဲ့လက္ခဏာပဲ။ မြန်မာပြည်ထောင်စု အတွက်လည်း ကောင်းတဲ့ လက္ခဏာပဲ။ ဖက်ဒရယ်လစ်ဇင်က ဒါပဲ။
နောက်တစ်ခုက ဒီ ဖက်ဒရယ်လစ်ဇင်ဆိုတာ ဟာ တိုင်းရင်းသားတွေ အတွက်ပဲ ပြောနေတာမဟုတ်ဘူး။ စစ်ကိုင်းတိုင်း အတွက်လည်း ပါတယ်။ စစ်ကိုင်းတိုင်းမှာရှိတဲ့ Resource တွေကို စစ်ကိုင်းတိုင်းမှာရှိတဲ့ ပြည်သူတွေဟာ ဖန်တီးပိုင်ခွင့် မရှိဘူး။ ခံစားပိုင်ခွင့် မရှိတဲ့ အတွက် လက်ပံတောင်းတောင် စီမံကိန်းလိုဟာမျိုး ပေါ်လာတာ။ အဲဒီတော့ ဖက်ဒရယ်လစ်ဇင် ဆိုတာ စစ်ကိုင်းတိုင်းမှာ ရှိတဲ့ ပြည်သူနဲ့လည်း ဆိုင်တယ်၊ ရန်ကုန်တိုင်းမှာ ရှိတဲ့ လူမျိုးပေါင်းစုံ ပြည်သူနဲ့လည်း ဆိုင်တယ်။ ရခိုင်တွေအတွက်၊ ရှမ်းတွေအတွက် ဖက်ဒရယ်လစ်ဇင်ကို ပြောနေတာမဟုတ်ဘူး။ အကုန်လုံး ဗဟိုက ချုပ်ကိုင်ပြီး Transparency မရှိတဲ့၊ Accountability မရှိတဲ့ Unitary System ကြီးကို ကျွန်တော်တို့က မကြိုက်တာ။ ခု ၂၀၀၈ ဖွဲ့စည်းပုံဟာ Unitary အနှစ်သာရတွေ အများကြီးပါနေတယ်။
Voice ။ ။ လက်နက်ကိုင်အဖွဲ့ တွေ က ၂၀၀၈ ဖွဲ့စည်းပုံကို အခြေခံပြီး မဆွေးနွေးနဲ့ လို့ ပြောတာတွေ ရှိတယ်။ ငြိမ်းချမ်းရေးအတွက် မှာတော့ ဘယ်လိုညှိယူရင် အဆင်ပြေမလဲ ဆရာ။
UUHS ။ ။ ကျွန်တော်နားလည်တာ ခုလောလောဆယ် အပစ်အခတ် ရပ်စဲရေး အတွက် ဆွေးနွေးနေတယ်။ ရတဲ့အဖွဲ့တွေလည်း ရတယ်။ မရတဲ့အဖွဲ့တွေလည်း မရသေးဘူး။ အပစ်အခတ် ရပ်စဲရေး ပြီးရင် နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်မယ်။ နောက်တစ်ခုက ၂၀၁၄ မှာ တိုင်းရင်းသား လက်နက်ကိုင် အင်အားစု တွေရယ်၊ နောက် တပ်မတော်ရယ်၊ လွှတ်တော်ထဲမှာ ရှိတဲ့ အမတ်တွေ အပါအဝင် အင်အားစုတွေရယ်၊ အစိုးရတွေရယ်၊ နောက် Civil Society က တက်တက်ကြွကြွ လုပ်နေတဲ့ သူတွေရယ်၊ Scholar တွေရယ် အကုန်လုံးပါဝင်တဲ့ ပြည်ထောင်စု ညီလာခံကြီးတစ်ရပ် လုပ်ပြီးတော့ National Accord ပေါ့လေ၊ အများသဘောတူညီမှု လုပ်ယူမယ် ဆိုတာကတော့ နှစ်ဖက်လုံးမှာ ရှိနေတာ။ အဲဒီအထဲက ဘယ်လို ထွက်လာမလဲ။ အဲဒီမှာ ၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်မယ် ဆိုတာတော့ ဒီ Dialogue ထဲမှာ ရောက်မလာနိုင်ဘူး။ နောက်တစ်ခု ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ လွှတ်တော်မှာ အမတ်တွေရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း ရှိတယ်။ NLD လည်း ရှိတယ်။ ဆွေးနွေးကြတယ်။ ဥပဒေတွေ ပြဋ္ဌာန်းတယ်။ ဥပဒေတွေဟာ လူထုအကျိုးစီးပွားနဲ့ ဝေးနေတာတွေလည်း ရှိတယ်။ ဒီ Liberalization ကို အောက်ခြေပြည်သူတွေ မခံစားရသေးဘူး။ ဒါပေမဲ့ ဒီဖြစ်စဉ်ထဲမှာပဲ ကျွန်တော်တို့က Political Dialogue ကို သွားမယ်။ အဲဒါ ဘယ်မှာရှိသလဲ။ ခင်ဗျားတို့ ဂျာနယ်တွေမှာ ရှိတယ်။ ဦးအောင်မင်းက ပြောမယ်။ ကျွန်တော်က ပြောမယ်။ ဒါတွေက ဂျာနယ် Platform တွေမှာရှိနေတယ်။ အဲလိုပဲ လွှတ်တော်မှာလည်း ရှိတယ်။ အပြင်မှာလည်း ရှိတယ်။ MPC ထဲမှာလည်းရှိတယ်။ စကားပြောနေကြတယ်။ ဒါ Political Dialogue ပဲ။ အရင်တုန်းက မရှိခဲ့တဲ့ Political Dialogue ဆိုတာ မြန်မာပြည်မှာ ဖြစ်နေတယ်။
ဒါပေမဲ့ ဖွဲ့စည်းပုံကို အသစ်ပြန် ရေးမယ်ဆိုရင် အဲဒီလမ်းကြောင်းဟာ Beyond the Political Dialogue၊ Political Dialogue ရဲ့ အပြင်ဘက်ကို ရောက်သွားတယ်လို့ ကျွန်တော်မြင်တယ်။ အဲဒီတော့ ကျွန်တော်တို့ကိုယ်တိုင် ပြောနေတဲ့ Political Dialogue ဆိုတဲ့ မူကို ကျွန်တော်တို့ ကိုယ်တိုင် ချိုးဖောက်သလို ဖြစ်သွားလိမ့်မယ်။ ဟိုဘက်က အဲဒီလိုမြင်သွားရင် မကောင်းဘူး။ ဆုံးရှုံးမှုပဲ။
တပ်မတော် ဆိုတာကလည်း အင်မတန် သတိကြီးကြီးနဲ့ နိုင်ငံရေးသမားတွေကို ကြည့်နေတာ။ နိုင်ငံရေးသမားတွေ ဆိုတာလည်း တပ်မတော်ကို မယုံကြည်ဘူးဆိုတဲ့ အမြင်မျိုးနဲ့ ကြည့်နေတယ်။ အဲဒီတော့ ဒီနှစ်ခုကြားမှာ နားလည်မှု လွဲသွားမှာကို နိုင်ငံရေးပါတီ အနေနဲ့ စိုးရိမ်တယ်။ အဲဒီ နားလည်မှု လွဲသွားတယ် ဆိုရင် ပြည်သူတွေ အများကြီးထိခိုက်မယ်။ မြန်မာပြည်ရဲ့ အင်မတန် ဆိုးရွားနေတဲ့ ကံကြမ္မာဆိုး ကြုံနေရတဲ့ ပြည်သူတွေအတွက် နောက်ထပ် ကံကြမ္မာ ဆိုးမလာဘူးလို့ ဘယ်သူမှ မပြောနိုင်ဘူး။ အဲဒီတော့ လက်တွေ့ကျကျ လုပ်ဖို့လိုတယ်။ စကားကို ဆင်ဆင်ခြင်ခြင် ပြောဖို့လိုတယ်။
Voice ။ ။ နိုင်ငံက ဒီအချိန်မှာ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးကိစ္စတွေ လုပ်ရမယ့် အခါမှာ အခြေခံဥပဒေကို ပြန်ရေးရင် ကာလတစ်ခု ထပ်ကြာဦးမယ်။ အဲဒါဆိုရင် ခုချိန်မှာ တကယ်လုပ်ရမယ့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ Power Sharing ဖော်ဆောင် ရေးဆိုတဲ့ အခြေအနေ ပျက်သွားနိုင်တယ်လို့ ထောက်ပြတဲ့ သူတွေလည်း ရှိပါတယ် ဒီအပေါ် ဘယ်လို သုံးသပ်ပါသလဲ။
UUHS ။ ။ အသစ်ဆွဲမယ့်သူတွေက ဘယ်လို Procedure နဲ့တင်မလဲ ဆိုတာ ကျွန်တော်လည်း နားမလည်ဘူး။ ခုဟာကို အသိအမှတ် မပြုဘူးလား။ Pending လုပ်ထားမလား။ သူတို့ အခြေခံဥပဒေတစ်ခု ရေးဆွဲပြီးပြီဆိုရင် Legitimacy ရအောင် ဘယ်လိုလုပ်မလဲ ဆိုတာ အဲဒီ Process တွေဟာ Very Academic ပဲ။ ကျွန်တော်လည်း နားမလည်ဘူး။ ဆွဲရအောင်။ ဒီဖွဲ့စည်းပုံကို မကြိုက်ဘူး ဖျက်လိုက်မယ်လို့ ပြောလို့ လွယ်တယ်။ ဒါပေမဲ့ ဒီနေရာမှာ ဒါကို အသစ်ဘယ်လို ပြန်တင်မလဲ။ Legitimacy ကို ဘယ်လိုယူမလဲ။ ဒီဖွဲ့စည်းပုံ နဲ့ တည်ဆောက်ပြီးသား Institutions တွေကို၊ ခု လွှတ်တော်တွေ ရှိတယ်။ ပါတီ တွေရှိတယ်၊ အမတ်တွေရှိတယ်။ ဒါတွေကို ဘယ်လိုလုပ်မလဲ ဆိုတာ သူတို့ဘယ်လို စဉ်းစားလဲ သူတို့ သွားမေးရမှာပဲ။ ကျွန်တော်လည်း နားမလည်ဘူး။
Voice ။ ။ လက်ရှိမှာ ကြံ့ခိုင်ရေးပါတီက တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ ပုဒ်မ ၁၈၈ ကို ပြင်ဖို့ဟာကို အဓိက ပြောတယ်။ NLD မှာတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် အရွေးခံနိုင်ရေး တင်တာရှိတယ်။ အဲဒီလမ်းကြောင်းနှစ်ခုကို ဘယ်လို မြင်ပါလဲ။
UUHS ။ ။ လက်ရှိဖွဲ့စည်းပုံမှာတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်စရာ အကြောင်းမရှိဘူး ပေါ့လေ။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်တယ် ဆိုတာလည်း ကောင်းပါတယ်။ ပြင်မယ်ဆိုရင် တပ်မတော်ခေါင်းဆောင် တွေနဲ့၊ အစိုးရနဲ့ NLD ကြားမှာ Agreement ပဲ၊ Pact ပဲ။ ယုံကြည်မှုတစ်ခု ခိုင်ခိုင်မာမာ တည်ဆောက်ပြီး ပွင့်ပွင့်လင်းလင်း ပြောရမယ့် ကိစ္စပဲ။ သဘောထား ကြီးရင်လည်း ရတယ်။ ဒီဟာက သိမ်မွေ့တယ်။ ဟိုးအရင် ၄၇ ကတည်းက ဒီစံနှုန်းတွေက သတ်မှတ်လာခဲ့တာ ဆိုတော့ ပြောဖို့တော့ခက်တယ်။
ကျွန်တော့် ပုဂ္ဂိုလ်ရေးအရ တစ်ယောက်တည်း အမြင် ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရင်လည်း ကောင်းတာပဲ။ ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်ဘဲ ဖွဲ့စည်းပုံ Reform လုပ်ပြီးတော့ ခိုင်မာတဲ့ အစိုးရတစ်ခု ပေါ်လာရင်လည်း ကောင်းတာပဲ။ အရေးကြီးတာက စနစ်ပဲ။ အဲဒီတော့ စနစ်ကောင်းနေဖို့ပဲ။ ကောင်းနေတဲ့စနစ် တစ်ခုပေါ်မှာ ဒေါ်အောင်ဆန်းစုကြည် တို့လို အင်မတန်ထက်မြက်တဲ့ ခေါင်းဆောင် တစ်ယောက်က လုပ်မယ်ဆို ကောင်းသည်ထက် ကောင်းသွားမှာပေါ့။
အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး မဖြစ်ရေး ဆိုတာထက် ဒီဖွဲ့စည်းပုံဟာ ခိုင်ခိုင်မာမာ ကျစ်ကျစ်လျစ်လျစ်နဲ့ အများ တိုင်းရင်းသားပြည်သူ အကျိုးစီးပွားကို ဖော်ဆောင်နိုင်တဲ့ ဥပဒေဖြစ်ရေး အရေးကြီးတယ်။ အဲဒီ တိုင်းရင်းသားအကျိုးစီးပွား တွေကို ဖော်ဆောင်နိုင်တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေအပေါ်မှာ တကယ့် Gradually တဖြည်းဖြည်း Amendment တွေနဲ့ သွားနေတယ်။
အဲဒီလို ကာလမျိုးမှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်သွားမယ် ဆိုရင် သားရွှေအိုးထမ်းလာတဲ့ ကိန်းပဲ။
Voice ။ ။ အခြေခံဥပဒေကို အသစ် ပြန်ရေးမယ်ဆိုတဲ့ သူတွေကိုရော ဆရာ့ အနေနဲ့ ဘာများ အကြံပြုချင်တာ ရှိပါလဲ။
UUHS ။ ။ သူတို့မှာလည်း သူတို့အယူအဆနဲ့ သူတို့ ဆိုတော့။ ဖွဲ့စည်းပုံတစ်ခု အသစ်ရေးဖို့ ဆိုတာ ခက်တယ်။ အသစ်ဆွဲမယ်ဆို သူတို့အနေနဲ့ ရှင်းရှင်းလင်းလင်းပေါ့ ကြိုတင် စဉ်းစားထားတာတွေ ရှိမှာပါ။ အသစ်ဆွဲမယ်ဆို ၂၀၀၈ မှာရှိနေတဲ့ လွှတ်တော်တွေ၊ အမတ်တွေကို ဘယ်လို လုပ်မလဲ။ အသစ်ဆွဲမယ် ဆိုရင်တော့ ဒါတွေပျက်မှာပဲ။ ရှင်းရှင်းလေးပဲ။ အသစ်ဆွဲမယ်ဆို ၂၀၀၈ အောက်မှာ တည်ဆောက်ထားတာတွေ အကုန်လုံး ပျက်မှာပဲ။ ဒါပျက်ရင် ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆို စစ်တပ်ရဲ့ အခန်းကဏ္ဍကို သွယ်ဝိုက်ပြီး စိန်ခေါ်တယ် ဆိုတာမျိုး ဖြစ်နေတယ်။ Directly Regime Change မဟုတ်ပေမယ့် Indirectly Regime Change ဆိုတဲ့ အဓိပ္ပာယ်မျိုး ထွက်သွားနိုင်တယ်။ အဲဒါဆိုရင်တော့ မကောင်းဘူး။
အဲဒီတော့ ရှင်းရှင်းလင်းလင်း ပြောဖို့ လိုမှာပေါ့။ သူတို့တင်လာတဲ့ လမ်းကြောင်းရဲ့ နောက်ကွယ်မှာ ဘယ်လို Idea နဲ့ တင်လဲ ဆိုတာ ကျွန်တော်မသိဘူး။
Voice ။ ။ ဘာများ ထပ်ဖြည့် ပြောချင်ပါသေးလဲ ဆရာ။
UUHS ။ ။ ထပ်ဖြည့်ပြောရရင် မြန်မာပြည်က အင်မတန် ရှုပ်ထွေးပါတယ်။ နှစ်ပေါင်း ငါးဆယ်ခြောက်ဆယ်လောက် အင်မတန် ရှုပ်ထွေးလာတဲ့ အမှိုက်ပုံကြီး တစ်ပုံပေါ် ရောက်နေတယ်။ ခေါင်းဆောင်ပိုင်း တွေကအစ အောက်ခြေအထိ ကိုယ်ကျင့်တရားပိုင်း၊ Democratic Practices အပိုင်း၊ နောက် Scholar Approach ပိုင်း၊ ဘက်ပေါင်းစုံ အင်မတန် အားနည်းရှုပ်ထွေး နေတဲ့ အမှိုက်ပုံကြီးတစ်ပုံ ဖြစ်နေတယ်။
ခု ကျွန်တော်တို့ လုပ်တဲ့အခါ ဒါ Evolution ပဲ။ အဓိက ဒီ Process ကို တောင်းခဲ့ကြတယ်၊ တိုက်ခဲ့ကြတယ်၊ မိုက်ခဲ့ကြတယ်။ ကျွန်တော်တို့လည်း မိုက်ခဲ့ကြတယ်။ အသက်ပေးတဲ့ သူတွေလည်း ပေးသွားကြတယ်။ တပ်မတော် ဘက်ကလည်း အမှားတွေ အများကြီး မှားခဲ့တာပဲ။ သူတို့လည်း မှားခဲ့တယ်။ အဲဒီတော့ အမုန်းတရားတွေနဲ့ မရဘူး။ ခုတပ်မတော်က တစ်စုံတစ်ရာ ထိန်းချုပ်ထားတဲ့ Process မှာ သဘောထားကြီးကြီးနဲ့ ဆုတ်သင့်တယ်။ အဲဒီလို ဆုတ်သွားရင်းနဲ့ တပ်မတော်ရဲ့ ဂုဏ်သိက္ခာ မြင့်မြင့်လာမယ်။ အဲဒီမှာ ကျွန်တော်တို့ ဒီဘက်ကလည်း ဂုဏ်သိက္ခာရှိစွာနဲ့ တဖြည်းဖြည်းချင်း တက်လာရမယ်။ အဲဒီနှစ်ခုကြား မှာ Dialogue ကို သွားရမယ်။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် မြန်မာပြည်ရဲ့ အနာဂတ်ဟာ ကောင်းနိုင်စရာမရှိဘူး။
(အောင်ဘိုဘိုရှိန်၊ နော်ကိုကို)
-------------------------------------
ကိုယ်ရေးအကျဉ်း
အမည် - ဦးဦးလှစော (မောင်ခိုင်အောင် - စစ်တွေ)
မွေးသက္ကရာဇ် - ၁၉၅၃ မေ ၂၇
ပညာအရည်ချင်း - စက်မှုတက္ကသိုလ် ပဉ္စမနှစ် (မြို့ပြ)
၁၉၇၅ တွင် ကျောင်းသား လှုပ်ရှားမှုဖြင့် ကျောင်းအထုတ်ခံရ။ စစ်ခုံရုံး ထောင်ဒဏ် ၉ နှစ်
နိုင်ငံရေးလှုပ်ရှားမှု - ၁၉၈၈ လူထုလှုပ်ရှားမှုတွင် ပါဝင်၊
စစ်တွေအထွေထွေ သပိတ်ကော်မတီ အတွင်းရေးမှူး အဖြစ် ဆောင်ရွက်။ ထောင်ဒဏ် ၁၄ နှစ် ကျခံခဲ့ရ။
၂၀၁၀ ရွေးကောက်ပွဲမှစတင်ကာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး အဖြစ် ဆောင်ရွက်။
From : ..the voice
0 comments:
Post a Comment