Thursday, September 26, 2013

တနင်္သာရီမြို့နှင့်ပတ်ဝန်းကျင် ကျေးရွာများတွင် ဒုတိယအကြိမ်မြောက် အိမ်ခြေရာနှင့်ချီ ရေလွှမ်းခံရ


Created on Thursday, 26 September 2013


တနင်္သာရီ မြစ်ရေကြီးမှုကြောင့် တနင်္သာရီမြို့အတွင်း ရေကြီးရေလျှံမှု ဖြစ်ပေါ်နေစဉ်

တနင်္သာရီမြစ်ရေမှာ စိုးရိမ်ရေ အမှတ်ထက်သို့ ကျော်လွန်သွားပြီဖြစ်ပြီး တနင်္သာရီမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာတွင် ဒုတိယအကြိမ်မြောက် အိမ်ခြေ ရာနှင့်ချီပြီး ရေလွှမ်းမိုး ခံရလျှက်ရှိကြောင်း သိရသည်။

ယခုတစ်ကြိမ် တနင်္သာရီ မြစ်ရေကြီးမှုမှာ ဒုတိယအကြိမ်ဖြစ်ကာ ပြီးခဲ့သည့် ဇူလိုင်လအကုန်ပိုင်းမှ သြဂုတ်လ အစပိုင်းအတွင်း ရေကြီးမှု ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။ ''ထားဝယ်ဘက်က စီးဆင်းလာတဲ့ တောင်ကျရေတွေအပြင် မိုးသည်းထန်စွာ ရွာသွန်းနေတာကြောင့် မောတောင်ဘက်က ချောင်းတွေရော၊ ချောင်းနောက်ပြန်ထဲက ရေတွေပါ တနင်္သာရီချောင်းငယ်ထဲကို စီးဆင်းလာပြီး ရေကြီးနေတာဖြစ်ပါတယ်။ အရင်က ရေဖုံးလွှမ်း ခံနေရတဲ့ ရပ်ကွက်နဲ့ ကျေးရွာတွေအပြင် ဒီနှစ်မှာ ထူးထူးခြားခြား ချောင်းလမုရွာမှာ ရေလွမ်းမှု ဖြစ်နေပါတယ်။ အခုဆိုရင် ချောင်းလမုတစ်ရွာတည်းမှာကို အိမ်ခြေ ၂၀၀ လောက် ရေမြုပ်နေပါပြီ'' ဟု တနင်္သာရီမြို့နယ်မှ ကိုသန်းစိုးဝင်းက ပြောကြားခဲ့သည်။ တနင်္သာရီမြစ်ရေမှာ စက်တင်ဘာ ၂၅ ရက် နံနက်ပိုင်း တိုင်းထွာချက်အရ စိုးရိမ်ရေမှတ်၂၄ ပေ အထက်သို့ ကျော်လွန်နေကာ ၂၄.၅ ပေ အထိ တက်လာနေကြောင်း သိရသည်။

''မြစ်ရေက မိုးဆက်ရွာနေရင်တော့ တက်လာဦးမှာပဲ။ စိုးရိမ်ရေမှတ်ကို ကျော်လွန်နေပြီး အခုမြေနိမ့်ပိုင်းတွေ အားလုံးမြုပ်နေပါပြီ။ ရွှေလိပ်ပြာလမ်းမှာ ရေအနက် ၆ ပေအထိ တက်နေပါတယ်။မြစ်ရေက စက်တင်ဘာ ၂၁ ရက်ကစပြီး တက်လာတာပါ။ မိုးဆက်ရွာနေရင်တော့ တစ်ပတ်ဆယ်ရက်လောက် ရေလွှမ်းနေဦးမှာပဲ။ လက်ရှိ မြို့ပေါ်မှာ ကယ်ဆယ်ရေးစခန်း ၃ ခုဖွင့်ထားပါတယ်။ လူဦးရေ ရာချီရှိနေပြီး တနင်္သာရီမြို့နယ်ခန်းမမှာ ကားလမ်း ရေကျော်နေတာကြောင့် ခရီးသည်တွေ ခိုနားနေရပါတယ် '' ဟု တနင်္သာရီမြို့ခံတစ်ဦးမှ ပြောကြားခဲ့သည်။

တနင်္သာရီ မြစ်ရေလွှမ်းမှုကြောင့် မြို့ပေါ်နှင့် ကျေးရွာများတွင် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားပြီး တာဝန်ရှိသူများမှ ကယ်ဆယ်ရေးလုပ်ငန်းများ လိုက်လံ ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။ တနင်္သာရီမြို့ပေါ်ရှိ မြေနိမ့်ပိုင်း ရပ်ကွက်များနှင့် ကျေးရွာ ၁၄ ရွာတွင် ရေလွှမ်းမှုဒဏ်ခံနေရပြီး စာသင်ကျောင်းများလည်း ပိတ်ထားရကြောင်း သိရသည်။

ရန်ကုန်-ထားဝယ်-မြိတ်-ကော့သောင်း ကားလမ်းမပေါ်တွင်ရှိသော လယ်တောင်ယာရွာတွင် ရေကြီးမှုကြောင့် ကားလမ်းမှာ ၅ ပေအထိ ရေနစ်မြုပ်နေကာ ကားလမ်းများ ပိတ်ဆို့နေပြီး ခရီးသည် တချို့လည်း တနင်္သာရီမြို့တွင် ခိုနားနေရကြောင်း သိရသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...