Sunday, September 8, 2013

သိမ်းဆည်းလယ်မြေ ဧက ၅၀ ပြန်ပေးမည်ဟု ဦးဇော်ဇော်ဆို


ရန်ကုန်၊ ဇွန် ၆

ဧရာဝတီတိုင်းဒေသကြီး ပုသိမ် မြို့နယ် ငွေသောင်ယံ မြို့နယ်ခွဲ ချောင်းသာ ကျေးရွာအုပ်စုတွင် ပုစွန်ကန် တူးဖော်ရန် သိမ်းယူထားသော လယ်ယာမြေ ဧက ၅၀ ကို တောင်သူလယ်သမား ၂၁ ဦးသို့ ပြန်ပေးမည်ဟု မက်စ် (မြန်မာ) စီးပွားရေးလုပ်ငန်းစု ဥက္ကဋ္ဌ ဦးဇော်ဇော်က The Voice သို့ ပြောကြားသည်။

လန ၃၉ ရရှိထားသော အဆိုပါ လယ်မြေ ဧက ၅၀ ကျော်သည် ပုစွန်ကန် မတူးဖော်ဖြစ်သည့် အပြင် တောင်သူလယ်သမားများ စားဝတ်နေရေး ကျပ်တည်းကြောင်း တင်ပြသောကြောင့် ပြန်လည် ပေးအပ်ခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။

အဆိုပါ လယ်ယာမြေများကို ၂၀၀၂ ခုနှစ်က သိမ်းယူခဲ့ပြီး လယ် တစ်ဧကလျှင် ကျပ် ၄၅,၀၀၀ နှုန်းဖြင့် သီးပင်စားပင် အလိုက် လျော်ကြေးငွေများ ပေးအပ်ပြီး ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရသို့ ဧပြီ ၂၄ ရက်နေ့တွင် ပေးပို့သောစာကို မက်စ် (မြန်မာ) စီးပွားရေးလုပ်ငန်းစု၏ တရားဝင် အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံ မြို့နယ် ပုလဲမြို့သစ် ရွှေနံ့သာကျေးရွာ အုပ်စုတွင် ရွှေနံ့သာရွာနှင့် ပေါင်းကူရွာရှိ လယ်သမား ၇၁ ဦးပိုင် လယ်ဧက ၈၀၀ ကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်ရွှေက ၂၀၀၉ ခုနှစ်တွင် အငြင်းပွားဖွယ်ရာ သိမ်းယူခဲ့သည်ဟု ဒေသခံလယ်သမားများက စွပ်စွဲ ပြောကြားပြီး ဆန္ဒပြမှုများ မကြာခဏ ဖြစ်ပွားနေသော်လည်း ယင်းကိစ္စမှာ ယခုအချိန်ထိ မဖြေရှင်းနိုင်သေးပေ။

လက်ရှိ ဖြစ်ပေါ်လျက်ရှိသော လယ်ယာမြေ သိမ်းဆည်းမှု ပြဿနာများသည် ယခင် တပ်မတော် အစိုးရလက်ထက်က ပြဿနာ ဖြစ်ပြီး ယခုအစိုးရ လက်ထက်တွင် ထပ်မံသိမ်းယူခြင်း မရှိဘဲ ဖြေရှင်းရန် ကြိုးစားနေခြင်းသာ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ နော်ဝေ ခရီးစဉ်တွင် သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်းက ပြောကြားခဲ့သည်။

အကြောင်း ကြောင်းကြောင့် လယ်ယာမြေ ဆုံးရှုံးခဲ့ရသည့် တောင်သူ လယ်သမားများအတွက် ဥပဒေနှင့်အညီ ညှိနှိုင်း ဆောင်ရွက်ပေးမည်ဟု ဇွန်လ ၂ ရက်နေ့တွင် ကျင်းပသော ကျေးလက်ဒေသ ဖွံ့ဖြိုးရေး နှင့် လူမှုစီးပွားဘဝ မြှင့်တင်ရေး အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကလည်း ပြောကြားထားသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...