နိုင်ငံတော်တွင် ဈေးကွက် စီးပွားရေး ပီပြင်စွာ ဖြစ်ပေါ်လာရေး အတွက် ပြည်တွင်းပြည်ပမှ အတတ်ပညာနှင့် အရင်းအနှီးများ ဖိတ်ခေါ် ဆောင်ရွက်လျက် ရှိရာ မြန်မာနိုင်ငံ၏ တည်နေရာ အနေအထားနှင့် နိုင်ငံတော် အစိုးရ၏ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ် များကြောင့် နိုင်ငံတကာမှ လာရောက် ရင်းနှီး မြှုပ်နှံမှုများ ဝင်ရောက် လာနေပြီ ဖြစ်သည်။
နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန၌ စက်တင်ဘာ ၁ဝ ရက်တွင် ကျင်းပသော စီးပွားရေး ဖိုရမ်သို့ အာရှဖွံ့ဖြိုးရေးဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးဆောင်သော နိုင်ငံတကာ အဖွဲ့အစည်း ၃၅ ဖွဲ့မှ ကိုယ်စားလှယ် ၈၅ဝ ကျော် တက်ရောက် ဆွေးနွေး ခဲ့ကြသည်။
နိုင်ငံတော်၏ စီးပွားရေးသည် စိုက်ပျိုးရေး အခြေခံသော စီးပွားရေး ဖြစ်သည့်အားလျော်စွာ စိုက်ပျိုးရေး လုပ်ငန်း ပိုမိုဖွံ့ဖြိုး တိုးတက်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်မှာ နိုင်ငံတော် အစိုးရနှင့် ပုဂ္ဂလိကတို့ အပြင် ပြည်တွင်းပြည်ပမှ စိုက်ပျိုးရေး ပညာရှင်များ ပူးပေါင်း ဆောင်ရွက်ကြ ရမည် ဖြစ်သည်။ မည်သည့် လုပ်ငန်းမဆို ပူးပေါင်း ဆောင်ရွက်ကြရာတွင် စာနာထောက်ထား မှုနှင့် စိတ်ရှည် သည်းခံမှုတို့ ထားရှိကာ တွေ့ကြုံရမည့် အခက်အခဲများကို ကျော်လွှားနိုင်အောင် ကြိုးပမ်းကြရမည် ဖြစ်သည်။
ဒီမိုကရေစီတွင် ရန်သူမရှိ မိတ်ဆွေသာ ရှိသည်ဆိုသော အဓိပ္ပာယ် ဖွင့်ကြစေကာမူ ဒီမိုကရေစီ၏ ပင်ကိုသဘောမှာ ယှဉ်ပြိုင်မှု မျိုးစေ့ဖြင့် ရှင်သန်ကြောင်း တွေ့ရမည်ဖြစ်သည်။ သို့သော် နိုင်ငံ တည်ဆောက်ရေး လုပ်ငန်းစဉ် များမှာမူ တစည်းတလုံး တည်းသော အင်အားဖြင့် တူညီသော ရည်မှန်းချက် ပန်းတိုင်ဆီသို့ လျှောက်လှမ်း ကြရမည် ဖြစ်သည်။
ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် သတ္တမ ပုံမှန် အစည်းအဝေး ပဉ္စမနေ့တွင် ဧရာဝတီတိုင်း ဒေသကြီး ငပုတောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က ဆွေးနွေးရာတွင် ပြည်သူတွေကို ခုတုံးလုပ်ကာ ကိုယ်ကျိုးစီးပွားရှာမှုနှင့် နိုင်ငံရေး အမြတ်ထုတ်မှုများ ရှိနေကြောင်း၊ ဗဟုသုတ နည်း၍ မှန်ကန်စွာ တွေးတော ဆုံးဖြတ်နိုင်စွမ်း မရှိသော လယ်သူမ တစ်ဦးထံမှ ငွေတောင်းသွားသူ နှစ်ဦးရှိသည်ဟု သိရကြောင်း၊ လယ်မြေ ပြန်ရအောင် ဆောင် ရွက်ပေးမည်ဟု ဆိုကာ ပါတီတစ်ခုမှ ပုဂ္ဂိုလ်က ငွေခြောက်သိန်းကို လမ်းစရိတ်နှင့် ဝန်ဆောင်ခ အဖြစ် တောင်းသွားပြီး ရှေ့နေ တစ်ဦးကလည်း အလားတူ ငွေကျပ် သိန်း ၂ဝ တောင်း သွားကြောင်း၊ ယနေ့အချိန်ထိ ထိုငွေများ စုံးစုံးမြုပ်သွားကြောင်း ပြောကြားသွား သည်။ ဤသို့သော လယ်ယာမြေ ပြဿနာများသည် သွေးထိုး လှုံ့ဆော်သူများ နှင့် ကြားပွဲစားများက ဦးဆောင် လုပ်ကိုင်နေခြင်းကြောင့် တစ်ပြည်လုံးသို့ ပျံ့နှံ့သွား ခြင်းဖြစ် သည်။
မြန်မာ့သမိုင်းတွင် ဖက်ဆစ် တော်လှန်ရေး ကာလအတွင်း အမျိုးသား လွတ်မြောက်ရေး လုပ်ငန်းများကို ဖျက်လိုဖျက်ဆီး လုပ်နေကြသူများ ရှိနေကြောင်း ရည်ညွှန်း၍ ဘာအရေးကြီးဆုံးလဲ ပြဇာတ်ကို ဆရာကြီး မောင်ထင်က ၁၉၄၄ ခုနှစ်တွင် ရေးခဲ့သည်။ ကိုယ့်ကိစ္စကိုယ်သာ အရေးကြီး နေကြပုံ ကို ရေးဖွဲ့ရာ၌ ခရိုင်ဝန်က ဖဲထုပ်ရရေးနှင့် ဂျပန်လက်ဝါး ပါးပေါ်မကျရေး၊ သူဌေးက စပါးသိုလှောင် ရေးနှင့် အထည်လက်ကားက ကိုယ်စားလှယ်ရရေး၊ သူကြီးက လက်ရုံးတပ် ဆွဲရေး၊ အာရှလူငယ်က တိုင်းပြည်ပြုပြင်ရေး၊ စာရေးဆရာက စက္ကူရရေး၊ ဈေးသည်က အမြတ်ရရေး တို့ကိုသာ အရေးကြီး နေကြပုံကို ဟာသဆန်ဆန် ရေးဖွဲ့ခဲ့သည်။
ရည်ရွယ်ချက် တူပါလျက် စိတ်ဝမ်းကွဲ နေကြလျှင် အောင်မြင်မည် မဟုတ်ကြောင်း သတိပေးရာ၌ ကျွန်ုပ်တို့သည် လောက၏ အကျိုးကို ဆောင်ရွက် ရာတွင် လောက၏ အဖြေမှန်ကို မသုံးသပ်ဘဲလူထုနှင့် ကင်းကွာသော နေရာကို ယူ၍ မိုးကောင်းကင်ကို မျှော်ကာ မိမိအတွေးနှင့် မိမိ အရေးကြီးနေကြပါလျှင် ဘုံခုနစ် ဆင့်ပြာသာဒ်ကြီး၏ အောက်ခြေ၌ မဒမတိုင်များ ပိုးစားနေသည်ကိုသာ တွေ့ရ ချေအံ့။ ဘာအရေးကြီးဆုံးလဲ ဆိုသည်မှာ ဤသဘောတရားမှ ပေါက်ဖွားလာခဲ့ သည်ဟု ဆရာကြီးမောင်ထင်က ညွှန်ပြခဲ့သည်မှာ ယနေ့ဒီမိုကရေစီ နိုင်ငံသစ် တည်ဆောက်နေသော ကျွန်ုပ်တို့ တိုင်းရင်းသား ပြည်သူအပေါင်း မှတ်သား ဆင်ခြင်ဖွယ်ပင် ဖြစ်ပါကြောင်း။
By မြ၀တီ
0 comments:
Post a Comment