Sunday, September 15, 2013

အလုပ်သမား အခွင့်အရေး တောင်းဆိုမှုများတွင် ပါဝင်ခဲ့သည့် အလုပ်သမား ခေါင်းဆောင်များကို အလုပ်ထုတ်ပယ်မှုများ ရှိနေ

  Created on Sunday, 15 September 2013


မေလအတွင်းက YES အထည်ချုပ် စက်ရုံရှေ့တွင် အလုပ်သမားများ ဆန္ဒထုတ်ဖော်နေစဉ်

၂၀၁၃ ခုနှစ် မေလမှ စတင်ကာ ဖြစ်ပွားခဲ့သည့် အလုပ်သမား အခွင့်အရေး တောင်းဆိုမှုများတွင် ပါဝင်ခဲ့သည့် အလုပ်သမား ခေါင်းဆောင်များကို အလုပ်မှ အကြောင်းအမျိုးမျိုးဖြင့် ထုတ်ပယ်မှုများ ရှိနေကြောင်း အလုပ်သမားရေးရာ ဆောင်ရွက်သူများထံမှ သိရသည်။

အလုပ်ရှင်များ အနေဖြင့် တောင်းဆိုချက်များကို အလုပ်သမားများအား လိုက်လျောပေးခဲ့သော်လည်း အလုပ်သမားများ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက် လုပ်ကိုင်ချိန်တွင် ထိုကဲ့သို့ လုပ်ငန်းခွင် ဖိအားပေးခြင်း၊ အကြောင်းအမျိုးမျိုးဖြင့် အလုပ်မှ ထုတ်ပယ်များ ပြုလုပ်နေခြင်း ဖြစ်သည်။

လက်ရှိတွင် ထိုကဲ့သို့ အလုပ်မှ ထုတ်ပယ်ခြင်းခံရသူ လေးဦးအထိ ရှိနေကြောင်း၊ ၎င်းတို့မှာ အချိန်ပိုကြေး၊ လုပ်ခလစာ တိုးမြှင့်ပေးရေးနှင့် အလုပ်သမား အခွင့်အရေး တောင်းဆိုမှုများ ပြုလုပ်ခဲ့ရာတွင် ဦးဆောင်ပါဝင် ခဲ့သူများဖြစ်ပြီး လှိုင်သာယာမြို့နယ် Lucky Shoe ဖိနပ်စက်ရုံ အခြေခံ အလုပ်သမား အဖွဲ့အစည်း ဥက္ကဋ္ဌ၊ ဘိုဆန်းပိုက် စက်ရုံအခြေခံ အလုပ်သမား အဖွဲ့အစည်း ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အလုပ်သမား တစ်ဦးတို့ ဖြစ်သည်။

"Lucky Shoe ဖိနပ်စက်ရုံက မသင်းသင်းချိုက အပြစ်မရှိတဲ့အတွက် အလုပ်ပြန်ခန့်ဖို့ကို မြို့နယ်အလုပ်သမား ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့က ဆုံးဖြတ်ချက် ချခဲ့ပေမယ့် အလုပ်ပြန်မခန့်တဲ့အတွက် ရန်ကုန်တိုင်းဒေသကြီး ခုံသမာဓိအဖွဲ့ကို ဆက်လက်တိုင်ကြားထားတယ်။ ဘိုဆန်းပိုက်စက်ရုံက အလုပ်သမားတွေကတော့ ခုံသမာဓိကောင်စီ (နေပြည်တော်)အထိ တိုင်ကြားထားပါတယ်" ဟု အလုပ်သမားအရေး ဆောင်ရွက်သူ ရှေ့နေဦးဌေးက ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော် အလုပ်သမား အလုပ်ရှင် အခွင့်အရေး လေ့လာရေးပူးပေါင်း ကော်မရှင်မှ အတွင်းရေးမှူး ဦးခိုင်မောင်ရည်က "ကျွန်တော်တို့ ကော်မရှင် အနေနဲ့ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ဒီလထဲမှာ စက်ရုံအလုပ်ရုံတွေကို ကွင်းဆင်းစစ်ဆေး သွားမှာပါ။ အလုပ်သမားနဲ့ အလုပ်ရှင်တွေရဲ့ကြားမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ အမြန်ဆုံး ဖြေရှင်းနိုင်ဖို့ လွှတ်တော်နဲ့ အုပ်ချုပ်ရေး တာဝန်ရှိသူတွေ ပူးပေါင်းပြီး ဆောင်ရွက်နေပါတယ်။ ဒီလိုဆောင်ရွက်နေတဲ့ အချိန်မှာ အလုပ်သမားနဲ့ အလုပ်ရှင်တွေ အနေနဲ့ သည်းခံပြီး စောင့်ဆိုင်းပေးဖို့ လိုပါတယ်။ သက်ဆိုင်ရာကို အကြောင်းမကြားဘဲ အလုပ်ရှင်တွေက အလုပ်သမားတွေကို မတရား အကြောင်းမဲ့ အလုပ်ထုတ်တာ၊ လက်လွတ်စပယ် အလုပ်ထုတ်တာမျိုးရှိရင် အလုပ်ရှင်ကို အမြန်ဆုံး အရေးယူသင့်ပါတယ်။ ကျွန်တော်တို့ ကော်မရှင်ကလည်း ဒီကိစ္စတွေကို အမြန်ဆုံး ဖြေရှင်းနိုင်ဖို့ ဆောင်ရွက်သွားမှာပါ" ဟု ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စက်ရုံအလုပ်ရုံများတွင် အလုပ်ရှင်များ၏ အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုများကြောင့် အလုပ်သမားများ ဆန္ဒဖော်ထုတ်မှုများ ပြန်လည်ဖြစ်ပွားလျက်ရှိပြီး၊ အချို့အလုပ်ရုံများတွင် ဆန္ဒဖော်ထုတ်မှုများ မရှိသော် အလုပ်ရှင် အလုပ်သမားအကြား တင်းမာမှုများ ဖြစ်ပေါ်နေသည်ဟု အလုပ်သမားအရေး ဆောင်ရွက်သူများက ဆိုသည်။

အလုပ်ရှင်များ အနေဖြင့် အလုပ်သမားများကို အလုပ်ခန့်ထားမှု သဘောတူညီချက် စာချုပ်ချုပ်ဆိုခြင်း၊ လုပ်ခလစာကို အနိမ့်ဆုံး အခကြးငွေအပေါ် အခြေခံ၍ မျှတစွာ သတ်မှတ်ပေးခြင်း၊ အလုပ်ချိန်နှင့် အချိန်ပိုတို့ကို ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်း၊ အလုပ်သမား အဖွဲ့အစည်းများ ဖွဲ့စည်းခြင်း၊ အလုပ်သမား အလုပ်ရှင် အငြင်းပွားမှုများကို ဖြေရှင်းဆောင်ရွက်ရန်နှင့် အလုပ်သမား အလုပ်ရှင် ဆက်ဆံရေး ညီညွတ်မျှတရန် ပြည်ထောင်စုလွှတ်တော် အလုပ်သမား အလုပ်ရှင် အခွင့်အရေး လေ့လာရေးပူးပေါင်း ကော်မရှင်က အကြံပြု တင်ပြထားသည်။

Eleven Media Group

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...