14 October 2013
ဘရူနိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် အာဆီယံထိပ်သီး ဆွေးနွေးပွဲတွင် အာဆီယံ ခေါင်းဆောင်များနှင့် တောင်ကိုရီးယား သမ္မတတို့ တွေ့ဆုံကြစဉ်
၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံက အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်မည်ဖြစ်ပြီး အဆိုပါ တာဝန်ကြောင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ဆက်လက်ဖြစ်ပေါ် လာလိမ့်မည်ဟု နိုင်ငံတကာ အသိုင်းအ၀ိုင်းက မျှော်လင့်ထားကြောင်း သိရသည်။
အာဆီယံ အနေဖြင့် ၂၀၁၅ ခုနှစ်တွင် အာဆီယံ အသိုက်အမြုံ (ASEAN Community) နှင့်အတူ အာဆီယံ စီးပွားရေး အသိုက်အ၀န်း (ASEAN Economic Community) ကို အကောင်အထည် ဖော်နိုင်ရန် မျှော်လင့်ချက် ရှိနေသည်။
မြန်မာနိုင်ငံက အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန် ယူချိန်တွင် AC နှင့် AEC အတွက် မျှော်မှန်းချက်များ ပြည့်မီရန် လုပ်ဆောင်ရမည့်အပြင် ဒေသတွင်း တည်ငြိမ်ရေး အပါအ၀င် နိုင်ငံတကာနှင့် ဆက်ဆံရေး ကိစ္စရပ်များ လုပ်ဆောင်ရာတွင် ဒေသတွင်း ခေါင်းဆောင်အနေဖြင့် ဦးဆောင်ရမည် ဖြစ်သည်။
သို့သော် ပြည်တွင်း၌ ဖြစ်ပေါ်နေသော ပဋိပက္ခများ၊ တိုင်းရင်းသားအရေး ပြေလည်မှု မရရှိသေးခြင်းနှင့် အာဆီယံကို ဦးဆောင်ရန် အဆင်သင့် ဖြစ်နိုင်၊ မဖြစ်နိုင်ခြင်းကိုလည်း နိုင်ငံတကာ မီဒီယာများက ဆန်းစစ်မှုများ ပြုလုပ်လျက် ရှိနေသည်။
အခြား တစ်ဖက်တွင်လည်း အဖွဲ့ဝင် နိုင်ငံများ၏ ပြည်တွင်းရေးကို ၀င်ရောက်မစွက်ဖက်ရေးဆိုသည့် အာဆီယံ၏ မူဝါဒကြောင့် မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသော ပြည်တွင်းရေး ပြဿနာများ ပြေလည်မှု မရှိပါက အာဆီယံ အဖွဲ့အပေါ် ရိုက်ခတ်မှုများ ရှိလာနိုင်သည်။
၂၀၀၆ ခုနှစ်က အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို မြန်မာနိုင်ငံက ရရှိရန် အခွင့်အလမ်း ပေါ်ခဲ့သော်လည်း မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေ ဆိုးဝါးမှုများကြောင့် အာဆီယံ ဥက္ကဋ္ဌ တာဝန်ကို လက်လွှတ်ခဲ့ရ ပါသည်။ ထိုအချိန်က မြန်မာနိုင်ငံက အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန် ယူမည်ကို အမေရိကန်နှင့် ဥရောပသမဂ္ဂ (EU) တို့က အပြင်းအထန် ကန့်ကွက်ခဲ့ပြီး အာဆီယံနှင့် ဆက်စပ်အစည်းအဝေးများ၊ အခြားဆက်နွှယ်မှုများ အားလုံးကို သပိတ်မှောက်မည်ဟု ထုတ်ဖော်ပြောကြား ခဲ့ကြသည်။ ထိုအခြေအနေများက အာဆီယံ သမိုင်း၌ မြန်မာနိုင်ငံ၏ ပုံရိပ်သည် အဆိုးဝါးဆုံး မှတ်တမ်းဝင်ခဲ့ပြီး မြန်မာနိုင်ငံက ရယူရမည့် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ဖိလစ်ပိုင်နိုင်ငံက လွှဲပြောင်းရယူ ခဲ့သည်။ ထို့အပြင် အာဆီယံ ထိပ်သီးဆွေးနွေးပွဲတိုင်းတွင် မြန်မာနိုင်ငံက အာဆီယံ၏ ပုံရိပ်ဆိုးတစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရပြီး နိုင်ငံတကာနှင့် မီဒီယာများ၏ ဖိအားပေးမှုကိုလည်း ခံခဲ့ရသည်။
နိုင်ငံတကာ အသိုင်းအ၀ိုင်းကနေ လုပ်ဆောင်ပေးနိုင်တဲ့ အကောင်းဆုံး အရာကတော့ မြန်မာနိုင်ငံကို မှန်ကန်တဲ့ လမ်းကြောင်းပေါ် ဆက်လျှောက်လှမ်းဖို့ အားပေးတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံကို အာဆီယံဥက္ကဋ္ဌ တာဝန်ပေးပြီး ပြောင်းလဲမှုတွေကို ထောက်ပံ့အားပေး လိုက်တာပါပဲ . . . . .
၂၀၁၁ ခုနှစ် သမ္မတဦးသိန်းစိန်က အစိုးရ အဖွဲ့သစ်ကို တာဝန်ယူပြီးချိန်တွင် (၁၈) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွင် မြန်မာနိုင်ငံက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်လိုကြောင်း အဆိုပြုခဲ့သည်။ (၁၉) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ အဆိုပြုမှုကို အာဆီယံ ခေါင်းဆောင်များက လက်ခံခဲ့ကြပြီး ထိုအချိန်က အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန် ထမ်းဆောင်နေသော အင်ဒိုနီးရှားနိုင်ငံက မြန်မာနိုင်ငံကို ထောက်ခံမှုများ ပေးအပ်ခဲ့သည်။
လက်ရှိ အချိန်တွင် မြန်မာနိုင်ငံက အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူမှုကို နိုင်ငံတကာ မီဒီယာများက ဝေဖန်မှုများ ရှိနေသော်လည်း နိုင်ငံတကာ အသိုင်းအ၀ိုင်းကမူ အကောင်းဘက်က မျှော်လင့်ထားသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲ မှုများသည် ပြီးပြည့်စုံခြင်း မရှိသေးသော်လည်း စိတ်လှုပ်ရှားဖွယ် ဖြစ်သည်ဟု (၂၃) ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲ ကာလအတွင်း အာဆီယံလူငယ် ခေါင်းဆောင်များနှင့် တွေ့ဆုံချိန်၌ ပြောကြားခဲ့သည်။
မြန်မာနိုင်ငံက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန် ဖြစ်ရေးအတွက် ထောက်ခံမှုများ ပြုလုပ်ခဲ့သော အင်ဒိုနီးရှား နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး မာတီနာ တလီဂါဝါကလည်း ၎င်းတွင် ဝေဖန်မှုများနှင့် ဆန့်ကျင်သော အမြင်ရှိကြောင်း ထုတ်ဖော်ပြောကြား ခဲ့သည်။
"မြန်မာနိုင်ငံဟာ အာဆီယံ ဥက္ကဋ္ဌရာထူး လက်ခံရယူခဲ့တဲ့အတွက် လက်ရှိပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို မြန်မြန်ဆန်ဆန် လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်" ဟု မာတီနာ တလီဂါဝါက ဆိုပါသည်။
မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများအပေါ် အမြဲတစေ ဝေဖန်လေ့ရှိသော ဖိလစ်ပိုင်နိုင်ငံကလည်း အကောင်းမြင် ရှုထောင့်က ပြောကြားခဲ့သည်။
"ကိစ္စရပ်တွေ ကျန်ရှိနေသေးတယ်ဆိုတာ ကျွန်တော်တို့ ၀န်ခံပါတယ်။ ဒါတွေကိုလည်း သူတို့ (မြန်မာအစိုးရ)အနေနဲ့ အတတ်နိုင်ဆုံး၊ အကောင်းဆုံး လုပ်ဆောင်ဖြေရှင်း နေကြတယ်လို့ ယုံကြည်ပါတယ်။ နိုင်ငံတကာ အသိုင်းအ၀ိုင်းကနေ လုပ်ဆောင်ပေးနိုင်တဲ့ အကောင်းဆုံး အရာကတော့ မြန်မာနိုင်ငံကို မှန်ကန်တဲ့ လမ်းကြောင်းပေါ် ဆက်လျှောက်လှမ်းဖို့ အားပေးတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံကို အာဆီယံဥက္ကဋ္ဌ တာဝန်ပေးပြီး ပြောင်းလဲမှုတွေကို ထောက်ပံ့အားပေး လိုက်တာပါပဲ" ဟု ဖိလစ်ပိုင်သမ္မတ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ရစ်ကီကရန်တန်က ပြောကြားခဲ့သည်။
ထို့အပြင် အာဆီယံ၏ အတွင်းရေးမှူးချုပ် လီလောင်မင်းက မြန်မာနိုင်ငံသည် အာဆီယံ အဖွဲ့ဝင် နိုင်ငံများ၏ ထောက်ခံအားပေးမှုကို ရရှိနေသည်ဟု ဘရူနိုင်းတိုင်းမ် သတင်းစာနှင့် သီးခြားတွေ့ဆုံခန်းတွင် ပြောကြားခဲ့သည်။
"အာဆီယံနဲ့ အာဆီယံ ဥက္ကဋ္ဌအတွက် ၂၀၁၄ ခုနှစ်မှာ လုပ်စရာတွေ အများကြီး ရှိပါတယ်။ အာဆီယံ အသိုက်အမြုံ တည်ဆောက်ဖို့အတွက် ၂၀၁၄ ဟာ အရေးပါတဲ့ နှစ်တစ်နှစ် ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ အဖွဲ့ဝင် နိုင်ငံတွေအပြင် အာဆီယံ အတွင်းရေးမှူးချုပ် ဆီကပါ ခိုင်မာတဲ့ အားပေးထောက်ခံမှုတွေ ရနေပါတယ်။ လာမယ့် အာဆီယံ ဥက္ကဋ္ဌရာထူးကို မြန်မာနိုင်ငံက ထိထိရောက်ရောက် အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်" ဟု အာဆီယံ အတွင်းရေးမှူးချုပ် လီလောင်မင်းက ပြောကြားသည်။
၂၀၁၃ ခုနှစ်အတွက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ရယူထားသည့် ဘရူနိုင်းနိုင်ငံ၏ဘုရင် ဆူလတန် ဟာဂျီဟာဆန် နယ်လ်ဘိုကီးယားမူအစ် ဇာဒင်ဝါဒူလာက အာဆီယံ၏ မျှော်မှန်းချက်များ ပြည့်မီနိုင်ရန်အတွက် အဖွဲ့ဝင် နိုင်ငံအချင်းချင်း နီးကပ်စွာ ပူးပေါင်းဆောင်ရွက် သွားမည်ဟု ဆိုသည်။
"အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေရဲ့ ကူညီမှု၊ တူညီတဲ့ စိတ်ပိုင်းဖြတ်မှုတွေကြောင့် အာဆီယံဟာ ရရှိပြီးသား အောင်မြင်မှုတွေကို အခြေခံပြီး ကျွန်တော်တို့ရဲ့ ပြည်သူတွေနဲ့ ကျွန်တော်တို့ရဲ့ အနာဂတ်အတွက် အကျိုးဖြစ်ထွန်းစေမယ့် ငြိမ်းချမ်းပြီး ကြွယ်ဝချမ်းသာတဲ့ ဒေသတစ်ခုကို ဖော်ဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်" ဟု အာဆီယံ ဥက္ကဋ္ဌတာဝန် လွှဲပြောင်းပေးအပ်သည့် အခမ်းအနားတွင် ဆူလတန်ဟာဂျီဟာ ဆန်နယ်လ်ဘိုကီးယားမူ အစ်ဇာဒင် ၀ါဒူလာက ပြောကြားခဲ့သည်။
အာဆီယံ အနေဖြင့် အာဆီယံ အသိုက်အမြုံ (AE) နှင့်အတူ အဓိက အရေးပါသော အာဆီယံ စီးပွားရေး အသိုက်အ၀န်း (AEC) ကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် စတင် အကောင်အထည်ဖော်ရန် မျှော်မှန်းချက် ထားရှိပြီး AEC ကို အပြည့်အ၀ အကောင်အထည် ဖော်နိုင်ရန် ခက်ခဲမှုများစွာ ရှိနေသည်။
လက်ရှိအခြေအနေတွင် AEC အတွက် အဆင်သင့် ဖြစ်နေသည့် နိုင်ငံမှာ စင်ကာပူ တစ်နိုင်ငံတည်းသာ ရှိနေပြီး ထိုင်းနိုင်ငံမှာ AEC အတွက် ငွေကြေးအများဆုံး အသုံးပြုပြီး ပြင်ဆင်နေသော နိုင်ငံဖြစ်သည်။ AEC အတွက် ပြင်ဆင်မှုမှာ ရာခိုင်နှုန်း ၈၀ ခန့်သာ ပြီးစီးနေသည့် အခြေအနေ၌ ၂၀၁၅ ခုနှစ်အလွန် အာဆီယံ မျှော်မှန်းချက်အသစ် ချမှတ်နိုင်ရေးကို စင်ကာပူ၊ အင်ဒိုနီးရှားနှင့် မလေးရှား နိုင်ငံတို့က ဦးဆောင်ပြီး လုပ်ဆောင်ခဲ့သည်။
၂၀၁၄ ခုနှစ် မြန်မာနိုင်ငံက အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန် ယူချိန်တွင် အာဆီယံ၏ ၂၀၁၅ ခုနှစ် မျှော်မှန်းချက် ပြည့်မီရေးကို လုပ်ဆောင်ရမည့်အပြင် ၂၀၁၅ အလွန် အာဆီယံ၏ မျှော်မှန်းချက်အသစ် ချမှတ်နိုင်ရေးကိုလည်း ဆုံးဖြတ်ပေးရမည့် အခန်းကဏ္ဍတွင် ပါဝင်လာမည် ဖြစ်သည်။
အာဆီယံ ဥက္ကဋ္ဌတာဝန် လွှဲပြောင်းပွဲ အခမ်းအနားအပြီး အာဆီယံ ခေါင်းဆောင်များအား တွေ့ရစဉ်
"မြန်မာနိုင်ငံ အနေနဲ့ အာဆီယံ နိုင်ငံအားလုံးနဲ့အတူ အာဆီယံ အသိုက်အ၀န်း လမ်းပြမြေပုံကို အကောင်အထည်ဖော်ဖို့ ကျန်ရှိနေသေးတဲ့ အစိတ်အပိုင်းများကို ဖြည့်ဆည်းဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ အာဆီယံ အသိုက်အ၀န်းကို ပိုမိုခိုင်မာစေမယ့် နောက်ဆက်တွဲ လုပ်ငန်းစဉ်တစ်ရပ် ပေါ်ပေါက်ရေးကို ဦးတည်ဆောင်ရွက် သွားလိုပါတယ်။ အာဆီယံ နိုင်ငံအသီးသီးရဲ့ ပြည်သူ့ဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာတွေနဲ့ ကိုက်ညီတဲ့ အာဆီယံကို ပြည်သူဗဟိုပြုတဲ့ အဖွဲ့အစည်းအဖြစ် မြှင့်တင်လိုပါတယ်" ဟု သမ္မတ ဦးသိန်းစိန်က အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန် လွှဲပြောင်းလက်ခံသည့် အခမ်းအနားတွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် ၂၀၁၄ ခုနှစ်တွင် ပြည်တွင်းပဋိပက္ခများကို တည်ငြိမ်အောင် ဆောင်ရွက်နိုင်ရေးအပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ တိုင်းရင်းသားအရေး ပြေလည်မှု ရရှိနိုင်ရေး အစရှိသော ပြည်တွင်းရေး ပြဿနာများကိုလည်း ပြေလည်အောင် ဖြေရှင်းရမည့် အခြေအနေ ရှိနေသည်။
ထို့အပြင် ထိပ်သီးဆွေးနွေးပွဲ နှစ်ခုအပါအ၀င် အစည်းအဝေးပေါင်း ၁၀၀၀ ကျော်ကို မည်ကဲ့သို့ စီမံခန့်ခွဲပြီး ဦးဆောင်ကျင်းပမည် ဆိုခြင်းအပေါ် မေးခွန်းထုတ်မှုများ ရှိနေသည်။
"ကျန်တဲ့ အာဆီယံ နိုင်ငံတွေမှာလည်း သူတို့နိုင်ငံတွေမှာ ပြည်တွင်းပဋိပက္ခ ရှိနေတဲ့ အချိန်မျိုးမှာပဲ အာဆီယံ ဥက္ကဋ္ဌ ရာထူးကို အောင်မြင်စွာ လုပ်ဆောင်ခဲ့တာပဲ။ နောက်တစ်ခါ ပထမဆုံးအကြိမ်ဆိုတော့ ဘယ်ကိစ္စမဆို ပထမဆုံးအကြိမ်ဆိုတာ ရှိတာပဲလေ။ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေမှာလည်း ပထမဆုံးအကြိမ် ဥက္ကဋ္ဌတာဝန် ယူရတယ်ဆိုတဲ့ အတွေ့အကြုံ ရှိတာပဲ။ သူတို့လည်း အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်တော့ ကျွန်တော်တို့လည်း အောင်မြင်အောင် ကျော်ဖြတ်နိုင်ရမှာပေါ့" ဟု နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ပြောကြားသည်။
သို့ရာတွင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို နိုင်ငံတကာ အဖွဲ့အစည်းများနှင့် မီဒီယာများက ဆက်လက်စောင့်ကြည့်နေပြီး အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်နှင့် ပြည်တွင်းရေး ပြဿနာများကို မြန်မာအစိုးရက မည်မျှအထိ ဖြေရှင်းနိုင် ဆောင်ရွက်နိုင်မည် ဆိုခြင်းကို မေးခွန်းထုတ်မှုများ ဆက်ရှိနေသည်။
EMG

0 comments:
Post a Comment