Monday, October 14, 2013

သီလ၀ါ အထူးစီးပွားရေးဇုန်နှင့် စီမံကိန်း ဧရိယာအတွင်း ပါဝင်သည့် ဒေသခံများကို သန်လျင်-ကျောက်တန်း လမ်းမကြီး နံဘေးသို့ ပြောင်းရွှေ့နေရာ ချထားမည်


Monday, October 14, 2013



သီလ၀ါ အထူးစီမံကိန်းဇုန် မြေနေရာ အစိတ်အပိုင်းကို တွေ့ရစဉ်

သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်း တည်ဆောက်ရေး လုပ်ငန်းများကို ၂၀၁၄ နှစ်ဆန်းပိုင်းတွင် စတင်နိုင်မည်ဖြစ်ကြောင်း သီလ၀ါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြားသည်။

သို့ဖြစ်ရာ သီလ၀ါ အထူးစီးပွားရေးဇုန် ပထမအဆင့် စီမံကိန်း ဧရိယာအတွင်း ပါဝင်သည့် ဒေသခံ ကျေးရွာများကို သန်လျင်-ကျောက်တန်း လမ်းမကြီးနံဘေးသို့ မကြာမီ ပြောင်းရွှေ့နေရာ ချထားပေးမည် ဖြစ်ကြောင်း၊ လက်ရှိကာလ၌ လမ်းများစတင် ဖောက်လုပ်နေပြီဖြစ်ကြောင်း သိရသည်။

"သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်း ပထမအဆင့် ဧရိယာ ဟက်တာ ၄၀၀ မှာ ပါဝင်တဲ့ ကျေးရွာတွေကို သန်လျင်-ကျောက်တန်း လမ်းမကြီးဘေးက မြိုင်သာယာ ရပ်ကွက်ကို ပြောင်းရွှေ့နေရာ ချထားပေးမှာ ဖြစ်ပါတယ်။ အခုဆိုရင် အဲဒီမှာ လမ်းတွေစဖောက်နေပါပြီ။ ပြီးရင် ခြံစည်းရိုးတွေ ခတ်ပါမယ်။ ပြီးရင် အိမ်ဆောက်တာတွေ လုပ်ပြီးရင် ဒေသခံတွေကို နေရာပြောင်းရွှေ့ ချထားပေးမှာ ဖြစ်ပါတယ်။ အိမ်ထောင်စု တစ်ခုကို ၂၅ ပေ၊ ပေ ၅၀ ရှိတဲ့ မြေတစ်ကွက်နဲ့ ၁၂ ပေ၊ ၁၆ ပေရှိတဲ့ အိမ်တစ်လုံးစီ ဆောက်လုပ်ပေးသွား မှာပါ" ဟု သီလ၀ါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

သီလ၀ါ အထူးစီးပွားရေး စီမံကိန်း စတင်အကောင်အထည်ဖော် ဆောင်ရွက်ပါက ပြောင်းရွှေ့ပေးရမည့် ဒေသခံများအတွက် ပြန်လည်နေရာ ချထားရေး လုပ်ငန်းစီမံချက် (Resettlement Action Plan- RAP) ကို ဒေသခံ အများစု လက်မှတ်ရေးထိုး ပြီးသွားပြီ ဖြစ်ကြောင်းလည်း သီလ၀ါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေး ကော်မတီမှ သိရသည်။

"ကျွန်တော်တို့ကို RAP နဲ့ ပတ်သက်ပြီး လက်မှတ်ထိုးခိုင်းတယ်။ ဒါပေမဲ့ ဒီအထဲမှာ ဘယ်လိုအချက်တွေ ပါလဲ။ ဘယ်လိုအကြောင်းအရာတွေ ပါလဲတော့ မသိပါဘူး။ လက်မှတ်ထိုးဆိုလို့သာ ထိုးလိုက်ရတာပါ" ဟုလည်း အောက်တိုဘာ ၁၀ ရက်က ရန်ကုန်မြို့ရှိ မြန်မာဂျာနယ်လစ် ကွန်ရက်ရုံးတွင် ကျင်းပပြုလုပ်သည့် သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းအတွင်း လူ့အခွင့်အရေးနှင့် ပတ်သက်၍ သီလ၀ါ ဒေသခံတို့၏ သတင်းစာ ရှင်းလင်းပွဲတွင် ဒေသခံ တစ်ဦးက ပြောကြားသည်။

"RAP ကို လုပ်မယ်ဆိုရင် ဒေသခံတွေနဲ့ အတူတူ လုပ်ရတယ်။ ဘယ်နေရာမှာ ဘာတွေလုပ်မယ်ဆိုတာ ဒေသခံတွေနဲ့ တိုင်ပင်ရတယ်။ ပြီးရင် အကုန်လုံးကို ချပြပြီးမှ ခုနကပြောတဲ့ ပြောင်းမယ်မပြောင်းဘူး ဆိုတာတွေ လက်မှတ်ထိုးရတာ။ အခုက resettlement plan မှာလည်း ဒေသခံတွေ ပါတာမရှိဘူး" ဟု ထားဝယ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့မှ ကိုဘိုဘိုက ပြောကြားသည်။

သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းအား အပိုင်း (က)၊ အပိုင်း (ခ)ဟူ၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ရာ အပိုင်း (က) Class A ၌ မော်တော်ကား စက်ရုံ၊ အီလက်ထရောနစ် စက်ရုံများ ပါဝင်ပြီး အပိုင်း(ခ) Class B ၌ အထည်ချုပ် စက်ရုံနှင့် စားသောက်ကုန် စက်ရုံများ ပါဝင်မည် ဖြစ်သည်။
EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...