Created on Saturday, 19 October 2013
မြ၀တီနယ်စပ် ကုန်သွယ်ရေးဇုန်အား အောက်တိုဘာ လဆန်းပိုင်းက တွေ့မြင်ရစဉ်
မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးမှ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် အောက်တိုဘာ ၁၁ ရက်အထိ အမေရိကန်ဒေါ်လာ ၃၅၂ သန်းကျော်သာ ကုန်သွယ်မှု ပြုလုပ်နိုင်ခဲ့သော်လည်း ယခင်ဘဏ္ဍာနှစ် အလားတူကာလ ကုန်သွယ်မှုထက် အမေရိကန်ဒေါ်လာ ၁၄၁ သန်းကျော် ပိုမိုရရှိခဲ့ကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန၏ စာရင်းများအရ သိရသည်။
၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ဧပြီ ၁ ရက်မှ အောက်တိုဘာ ၁၁ ရက်အထိ မြန်မာ-ထိုင်း နယ်စပ်ကူးသန်း ရောင်းဝယ်ရေး စခန်းများမှ ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၃၅၂ ဒသမ ၆၇၄ သန်းရရှိခဲ့ပြီး ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် ဧပြီ ၁ ရက်မှ အောက်တိုဘာ ၁၁ ရက်အထိ မြန်မာ-ထိုင်း နယ်စပ် ကူးသန်းရောင်းဝယ်ရေး စခန်းများမှ ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၂၁၁ ဒသမ ၀၉၆ သန်းသာ ရရှိခဲ့သဖြင့် ယခုနှစ် ကုန်သွယ်မှု ပမာဏမှာ ယခင်နှစ်ထက် အမေရိကန်ဒေါ်လာ ၁၄၁ ဒသမ ၅၇၈ သန်း ပိုမိုရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာ-ထိုင်း နယ်စပ်ကူးသန်း ရောင်းဝယ်ရေး စခန်းများဖြစ်သည့် တာချီလိတ်၊ မြ၀တီ၊ ကော့သောင်း၊ မြိတ်၊ နဘုလယ်၊ ထီးခီး၊ မောတောင်စသည့် စခန်းခုနစ်ခုမှ နှစ်နိုင်ငံကုန်သွယ်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ဖွင့်လှစ်ထားပြီးဖြစ်သည့် နယ်စပ်ကူးသန်း ရောင်းဝယ်ရေး စခန်းများတွင် မြန်မာ-ထိုင်း ကုန်သွယ်မှု ပြုလုပ်နိုင်ရန် ဖွင့်လှစ်ထားသည့် စခန်းမှာ အများဆုံးဖြစ်ပြီး မြန်မာ-တရုတ် ကုန်သွယ်မှု ပြုလုပ်နိုင်သည့် တရားဝင်စခန်းမှာ မူဆယ်၊ လွယ်ဂျယ်၊ ကန်ပိုက်တီး၊ ချင်းရွှေဟော် စသည့် စခန်းလေးခု ရှိကြောင်း သိရသည်။
မြန်မာ-ထိုင်း နယ်စပ် ကုန်သွယ်မှု ပြုလုပ်နိုင်သည့် စခန်းမှာ များပြားသော်လည်း နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှု ပြုသည့်ပမာဏမှာမူ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှု ပမာဏထက် များစွာလျော့နည်း နေသေးကြောင်း သိရသည်။
လက်ရှိဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ပမာဏကို အမေရိကန်ဒေါ်လာ ၂၅ ဘီလျံကျော် ရရှိရန် လျာထားခဲ့ပြီး နယ်စပ်ကုန်သွယ်မှုမှ ရာခိုင်နှုန်း ၂၀ နှင့်ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ရာခိုင်နှုန်း ၈၀ ကုန်သွယ်မှု ပြုလုပ်နိုင်ရန် လျာထားကြောင်း သိရသည်။
ကုန်သွယ်မှု ပမာဏ တိုးတက်ရေးအတွက် တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး လုပ်ငန်းများကို နယ်စပ်ကူးသန်း ရောင်းဝယ်ရေး လမ်းကြောင်းများတွင် ပြုလုပ်နေသကဲ့သို့ ပင်လယ်ရေကြောင်း ကုန်သွယ်ရေး လမ်းကြောင်းများတွင်ပါ စတင်စစ်ဆေး နေပြီဖြစ်ကြောင်း သိရသည်။
EMG

0 comments:
Post a Comment