Friday, October 18, 2013

အမြင်တစ်မျိုး အကြည့်ခံလာနေရတဲ့ စာနယ်ဇင်းလောက


တစ်နှစ်သား စာနယ်ဇင်း လွတ်လပ်ခွင့် ပြီးခဲ့တဲ့နှစ် စာပေစိစစ်ရေးအဖွဲ့ကို ဖျက်သိမ်းပြီး သိပ်မကြာခင် ပြန်ကြားရေး ၀န်ကြီး ဦးအောင်ကြည် ပြည်သူ့လွှတ်တော်ထဲသွားပြီး 'ပုံနှိပ်ထုတ်ဝေ' ဥပဒေကြမ်း သွားတင် ပါတယ်။



အဲဒီ ဥပဒေကြမ်းတင်တဲ့အခါ ၀န်ကြီးက စာပေစိစစ်ရေး မရှိတော့လို့၊ စာနယ်ဇင်း လွတ်လပ်ခွင့်ပေးလိုက်လို့ ဂျာနယ်တွေမှာ လောင်းကစားနဲ့ ပတ်သက်တာတွေ ဖော်ပြလာကြတယ်၊ မြန်မာ့ယဉ်ကျေးမှုနဲ့ မအပ်စပ် တာတွေ ဖော်ပြလာကြတယ်၊ ဒါတွေကြောင့် အဲဒီဥပဒေကြမ်းလွှတ်တော်ကို တင်ရတာပါလို့ ပြောဆိုခဲ့ ပါ တယ်။


ခုလို ပြန်ကြားရေးဝန်ကြီးဌာနနဲ့ စာနယ်ဇင်း လောကသားတွေကြား သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး အကြီး အကျယ် အငြင်းပွားနေကြတဲ့ ကိစ္စကို တခြား အစိုးရအဖွဲ့ဝင်တွေ၊ အာဏာရပါတီ ခေါင်းဆောင်နဲ့ အမတ်တွေ၊ အင်န်အယ်လ်ဒီပါတီနဲ့ ဒေါ်အောင် ဆန်းစုကြည်တို့ကပါ စိတ်ဝင်တစား စောင့်ကြည့်ခဲ့တာ တွေ့ရပါတယ်။



ခုဆို ရုပ်သံနဲ့ ရေဒီယိုမပါတဲ့ စာနယ်ဇင်း လွတ်လပ်ခွင့် အပြည့်အ၀ရတာ တစ်နှစ် ကျော်သွားပါပြီ။ လွှတ်တော်ထဲ ရောက်နေတဲ့ စာနယ်ဇင်း ဥပဒေကြမ်းတွေလည်း တစ်ခုမှ အတည်မပြုရသေးပါဘူး။ လက်ရှိ စာနယ်ဇင်းလောကအပေါ် သမ္မတကအစ၊ ဒေါ်အောင်ဆန်းစုကြည် နဲ့ ပြည်ခိုင်ဖြိုးပါတီဒုဥက္ကဋ္ဌဦးဌေးဦး အလယ်၊ တပ်မတော်ဗိုလ်ချုပ်ကြီးတွေ အဆုံး သူတို့ရဲ့ အမြင်တွေကို ထုတ်ဖော်ပြောဆို လာကြပါပြီ။လက်ရှိ မြန်မာစာနယ်ဇင်းလောကကို သူတို့ ဘယ်လို မြင်ကြပါသလဲ၊ စာနယ်ဇင်းလောက ရေစီးကြောင်း ဘယ်ဘက် ကို စီးနေပါသလဲ၊ ရှေ့ဘာတွေဖြစ်လာနိုင်သလဲဆိုတာ ခုတစ်ပတ်ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။



ဘယ်လို မြင်နေကြသလဲ သမ္မတ ဦးသိန်းစိန်ကတော့ အောက်တိုဘာ ၁ ရက်နေ့ ရေဒီယို အသံလွှင့် မိန့်ခွန်းမှာ သတင်းမီဒီယာ လွတ်လပ် ခွင့် ပြဿနာနဲ့ ပတ်သက်ပြီး ခုလို ပြောဆိုခဲ့ပါတယ်။ "လွတ်လပ် ခွင့်တွေထဲက တစ်ခုဖြစ်တဲ့ မီဒီယာလွတ်လပ်ခွင့်ကိုလည်း အရှေ့တောင်အာရှ နိုင်ငံ အတော်များများ ထက်ပင် ရှေ့ရောက်အောင် တိုးတက်ဖော်ဆောင်ပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ လွတ်လပ်ခွင့် ရှိလာတာနဲ့အမျှ တာဝန်ယူမှုလည်း ပိုမိုတိုးတက်လာဖို့ လိုပါတယ်။ ဒါမှသာ ဘက်ညီမျှတတဲ့ လူ့ဘောင်ကို ဖန်တီး နိုင်မှာ ဖြစ်ပါတယ်။ အခုလို ဒီမိုကရေစီ အတွက် မရှိမဖြစ်လိုအပ်တဲ့ မီဒီယာ လွတ်လပ်ခွင့်ကို မျိုးစေ့ချ ဆောင်ရွက်နေတဲ့အချိန်မှာ မီဒီယာကျင့်ဝတ်၊ မီဒီယာစည်းကမ်းတွေကို လိုက်နာဖို့၊ အခြေအမြစ်မရှိတဲ့ သတင်းတွေ၊ ပုဂ္ဂိုလ်ရေး တိုက်ခိုက်ပုတ်ခတ်မှုတွေလုပ်ခြင်းကို ရှောင်ရှားကြဖို့လည်း ကျွန်တော့်အနေနဲ့ တိုက်တွန်းပြောကြားလိုပါတယ်။ ယခုလို သမိုင်းဝင် နိုင်ငံတည်ဆောက်ရေး လုပ်ငန်းစဉ်ကြီးကို တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရမယ့် အချိန်အခါမျိုးမှာ မီဒီယာလွတ်လပ်ခွင့်ကို ခုတုံးလုပ်ပြီးပုဂ္ဂိုလ်ရေး တိုက်ခိုက်တာတွေ၊ မီဒီယာစည်းကမ်းနဲ့ မညီတဲ့ အပြုအမူတွေကို မပြုလုပ်ကြဘဲ အားလုံး စုစုစည်းစည်း ညီညီညွတ် ညွတ်နဲ့ ကြိုးပမ်းဆောင်ရွက်ကြဖို့ လိုပါတယ်" လို့ ပြောကြားခဲ့ပါတယ်။



သမ္မတရဲ့ ပြောဆိုချက် ရှင်းလင်းတဲ့အတွက် အကျယ်ချဲ့ပြောဆိုဖို့ မလိုတော့ပါဘူး။ လက်ရှိအာဏာရပါတီ ဒုဥက္ကဋ္ဌ ဦးဌေးဦးဟာ အရေးပါတဲ့ နိုင်ငံရေး ခေါင်းဆောင်တစ်ယောက်ပါ။ စက်တင်ဘာ ၁၅ ရက်၊ နေပြည်တော်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဖွဲ့စည်းပုံပြင်ရေးနဲ့ ပတ်သက်ပြီး သတင်းထောက်တွေက မေးတာကို ဦးဌေးဦးက "ပြည်သူတွေ ပြင်ချင်တယ်ဆိုတာကျွန်တော်ကတော့ မယုံကြည်ဘူး။ ဘာလို့လဲဆိုတော့ ဖွဲ့စည်းပုံကို လေ့လာတဲ့ ပြည်သူတွေဆိုတာရှားပါတယ်။ ကျွန်တော်တောင် အခုမှ လေ့လာပြီး ပြန်ပြုစုနေရတာ၊ ပြင်ချင်တဲ့သူတွေက ပြည်သူတွေဆီ သွားရှင်းပြပြီး ပြည်သူတွေက ပြင်ချင်တာ ဖြစ်နေတယ်လို့ ကျွန်တော်တော့ ထင်တယ်။ လူတွေက ရူးပြီး ဖြစ်နေကြတာပါ" လို့ ပြောတယ်ဆိုပြီး စက်တင်ဘာ ၁၇ ရက် အလဲဗင်းသတင်းစာစာမျက်နှာ ၅ မှာ ဖော်ပြခဲ့ပါတယ်။



အဲလို ဖော်ပြပြီးနောက် ဦးဌေးဦးက "လူတွေက ရူးပြီး ဖြစ်နေကြတာပါ" လို့ ပြောတဲ့အကြောင်း တခြား သတင်းစာ ဂျာနယ်တွေမှာလည်း ပျံ့နှံ့သွားခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး နောက်လေးရက်အကြာမှာ အလဲဗင်း သတင်းစာက မှားယွင်းတယ်ဆိုတဲ့ အကြောင်း 'ရှင်းလင်းချက်' ထည့်ခဲ့ပါတယ်။



သူကိုယ်တိုင်ကြုံရတဲ့ အဖြစ်၊ ၀န်ကြီး ဦးစိုးသိန်း ပုဂ္ဂိုလ်ရေး အတိုက်ခိုက်ခံရတဲ့အဖြစ်၊ မမှန်ကန်တဲ့ ၁၁ ဘီလျံကိစ္စ ဖော်ပြလို့ အစိုးရလွှတ်တော် အလုပ်ရှုပ်ရတဲ့ အဖြစ်အပျက်တွေကို အခြေခံပြီးဦးဌေးဦးက အောက်တိုဘာ လ ၅ ရက်နေ့ သတင်းစာမှာ ဆောင်းပါးရှင် 'ရဲမာန်' နာမည်နဲ့ ခုလိုရေးသားဖော်ပြပါတယ်။



"စာနယ်ဇင်းတွေက ထိန်းကျောင်းရမယ့် တာဝန်တွေ၊ စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေလည်း ရှိဖို့လိုတယ်။ အဲဒါတွေ မရှိဘူးဆိုရင်လည်း တစ်ခုခုနဲ့ ထိန်းကျောင်းရမယ်လို့ ကျွန်တော်ထင်တယ်။ဒါကတော့ နောင်ကျရင် စဉ်းစားလာကြလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်"တဲ့။ဒေါ်အောင်ဆန်းစုကြည်ကလည်း နေပြည်တော်မှာ စာနယ်ဇင်းကောင်စီ တာဝန်ရှိသူတွေနဲ့တွေ့ဆုံစဉ် ခုလို စကားမျိုးတွေ ပြောဆိုခဲ့ ပါသေးတယ်။


"တချို့တွေကလည်း သတင်းထောက်တွေကို ကြောက်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ တစ်ခါတပြောလိုက်ရင် အမှန်ပြောရရင် ကျွန်မပြောတာတွေလည်း ထော်လော်ကန့်လန့်တွေ၊ ပြောင်းပြန်တွေ ထွက်လာတာတွေ ရှိတယ်။ အဲဒီ သတင်းကိုလည်း ကြောက်နေတဲ့ ကြောက်နေတာတွေရှိတယ်၊ ဒါကို ဆရာတို့အနေနဲ့ ဆရာတို့ လုပ်ပေးရမယ်။ ဘာဖြစ်လို့လဲဆို တာဝန်မဲ့တဲ့ သတင်းသမားတွေကြောင့်ဖြစ်တဲ့ ကိစ္စတွေပေါ့နော်။ တခါတလေ ကျပ်ကျပ်ကိုင်တယ် ဆိုတာကလည်း စိုးရိမ်ကြောင့်ကျမှုကြောင့် ကိုင်တာပဲ"လို့ ဆိုပါတယ်။



စာနယ်ဇင်းတွေရဲ့ ရေးသားဖော်ပြမှုနဲ့ ပတ်သက်ပြီး နောက်ဆုံး ဝေဖန်လာ သူကတော့ ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်စိုး ပါ။ ပြီးခဲ့တဲ့ ရက်ပိုင်း မြစ်ကြီးနားမှာ ကေအိုင်အိုနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအပြီး ဆဲဗင်းဒေး သတင်းစာနဲ့အင်တာဗျူးမှာ သူက ခုလို ပြောခဲ့ပါတယ်။ "မီဒီယာပိုင်းမှာလည်း တစ်ဖက်သတ် ရေးတာတွေ ရှိတယ်" ဟိုတလောကပဲ ကျွန်တော် မီဒီယာတစ်ခုမှာ တွေ့လိုက်တယ်။ အပစ်အခတ် ရပ်စဲရေးဆိုတာနဲ့ တပ်မတော်ကနေ ညတွင်းချင်းမှာ အမိန့်တစ်ခု ထုတ်လိုက်လို့ရှိရင် အပစ်အခတ် ရပ်သွားတာပဲတဲ့။ ဘာမှ မထူးပါဘူးတဲ့။ ဒါကိုဖော်ပြတဲ့ ဂျာနယ်ကလည်း ဖော်ပြတယ်။ မီဒီယာဆိုတာ ကျွန်တော်တို့က စတုတ္ထမဏ္ဍိုင်အဖြစ် သတ်မှတ်ထားတယ်။ ဘာကြောင့်လဲ။ တို့ရဲ့ ပထမ၊ ဒုတိယ၊ တတိယ မဏ္ဍိုင်တို့ကို သူက အထောက်အကူပြုတယ်။ ကိုယ် ဟိုနေ့တုန်း က မီဒီယာမှာ ဆဲဗင်းဒေးကလား မသိဘူး။ 
ဒီကေဘီစီက ဒေါက်တာ ဆမ်ဆွန် ပြောတာပေါ့။ ထည့်တာရှိပါတယ်။ ဒီနေ့ဆွေးနွေးပွဲအပေါ် ဘယ်လိုမြင် လဲဆိုတော့။ ဒါက အာဆီယံ ဥက္ကဋ္ဌ အလှည့်၊ ဥက္ကဋ္ဌနီးလို့ မရရအောင် လုပ်တယ်လို့သူတို့ကမြင်တယ်လို့။ နောက်တစ်ခုက ဒေါက်တာ စိုင်းမောက်ခမ်း လာတဲ့အခါမှာ ဘာမှလည်း သိပုံမရဘူးလို့။ ဒုသမ္မတဆိုတာ နိုင်ငံတော် အကြီးအကဲ တစ်ယောက်ပဲ။ ဒါမျိုးတွေက နိုင်ငံတော်အကြီးအကဲ တစ်ယောက် သူ့ရဲ့ ဂုဏ်သိက္ခာတွေကို ထိပါးအောင်လုပ်တာ၊ ဒါပြောတာကို ဂျာနယ်ကလည်း ထည့်တယ်။ မဖြစ်နိုင်တဲ့ ဟာတွေ၊ တစ်ဖက်သားကို ထိခိုက်စေတဲ့ နစ်နာစေတဲ့ဟာမျိုးမရေးတာ ကောင်းတယ်"လို့ ဆိုပါတယ်။



ဒါတွေကို ခြုံငုံကြည့်ရင် လက်ရှိနိုင်ငံမှာ အရေးပါတဲ့သူတွေ စာနယ်ဇင်းတွေအပေါ် ဘယ်လိုမြင်လာနေပြီလဲ သိသာနိုင်ပါတယ်။ ငါးခုံးမ တစ်ကောင် နှစ်ကောင် တကယ်တော့ စာနယ်ဇင်း လွတ်လပ်ခွင့် တစ်နှစ်ကျော် ကာလမှာ်ပြောလို့တောင် မရနိုင်တဲ့ တိုးတက်မှုတွေ အများကြီး ရှိခဲ့ပါတယ်။ ပြည်သူတွေအတွက် အဖိုး မဖြတ်နိုင်တဲ့ စာအုပ်စာတမ်းတွေကို ဘယ်ခေတ်ကာလနဲ့မှ မတူအောင် ပုံနှိပ်ဖော်ပြလာနိုင်ပါတယ် မဏ္ဍိုင်ကြီး သုံးရပ်ကို ထောက်ပြနိုင်တဲ့ သတင်း၊ သတင်းဆောင်းပါးတွေလည်း အများအပြားလာနိုင်ပါတယ်။ ဒါပေမဲ့ ငါးခုံးမ တစ်ကောင် နှစ်ကောင်ကတော့ ရှိခဲ့ပါတယ်။ စာနယ်ဇင်းကျင့်ဝတ် ချိုးဖောက်ပြီး အစိုးရနဲ့ ပုဂ္ဂလိကတွေကို ပုဂ္ဂိုလ်ရေး ထိုးနှက်တာတွေ အပါအ၀င် မဆင်မခြင် ရေးချင်သလို ရေး၊ ဖော်ပြချင်သလို ဖော်ပြတဲ့ သတင်းစာ ဂျာနယ်တွေလည်း ရှိခဲ့ပါတယ်။



လူပြိန်း ကြိုက်ဖြစ်တဲ့အတွက် အဲဒီ စာစောင်တွေ ဈေးကွက်ထဲမှာ ရောင်းလည်း ကောင်းပါတယ်။ ခက်တာက အဲဒီ သတင်းစာဂျာနယ်တွေရဲ့ စာနယ်ဇင်း ကျင့်ဝတ် ချိုးဖောက်တာတွေကို ထောက်ပြသူ မရှိတာပါ။ အစိုးရကလည်း စာနယ်ဇင်း လွတ်လပ်ခွင့် ပိတ်ပင်တယ် အမြင်ရောက်မှာစိုးလို့ ဘယ်လောက် ဆိုးဆိုး တရားမစွဲပါ။ အဲလို ဖြစ်လာလေလေ စာနယ်ဇင်းကျင့်ဝတ် ချိုးဖောက်မှုက များလေလေပါပဲ။ ခုတော့ အဲဒီနည်းနဲ့ လူကြိုက်များ၊ ဈေးကွက်ရ၊ ၀င်ငွေဖြောင့်တာ တွေ့လာလို့ တခြားနယ်ပယ်က လူတွေပါ စာနယ်ဇင်းလောကထဲ ဒိုင်ဗင်ပစ် ၀င်လာနေကြပါပြီ။



ဈေးကွက်ကလည်း စာနယ်ဇင်းကျင့်ဝတ် အချိုးဖောက်ဆုံး၊ အဆဲနိုင်ဆုံး စာစောင် ရောင်းကောင်းတဲ့ အခြေအနေဘက် ဦးတည်နေပါပြီ။ ဘယ်လိုလုပ်ကြမလဲ ဒီလို အခြေအနေကြောင့် စာနယ်ဇင်း လွတ်လပ် ခွင့် အစိုးရက ပြန်ထိန်းမယ် ဆိုတာမျိုးကိုတော့ ခွင့်ပြုလို့ မရပါ။ စာနယ်ဇင်း ကျင့်ဝတ်ချိုးဖောက်တဲ့ စာစောင်တွေကို တစ်ယောက်ချင်းစီ ဖြစ်ဖြစ်၊ စာစောင် တစ်စောင်ချင်းပဲ ဖြစ်ဖြစ်၊ MJA, MJN, MJU စာနယ်ဇင်း အဖွဲ့တွေကပဲဖြစ်ဖြစ်၊ စာနယ်ဇင်းကောင်စီကပဲဖြစ်ဖြစ် ပုံမှန်ဝေဖန်ထောက်ပြပေးနေဖို့ လိုပါတယ်။



ဝေဖန်ထောက်ပြတာကို တရားစွဲမယ်လို့ ခြိမ်းခြောက်တာမျိုး၊ တခြားနည်းနဲ့ အကျပ်ကိုင်တာမျိုးတွေ ရှိခဲ့ရင် လည်း စာနယ်ဇင်းသမားတွေ ရဲရဲရင့်ရင့် ရင်ဆိုင်ကြရပါမယ်။ ဒါဟာ စစ်အစိုးရ ခေတ်က ကင်မရာတွေ့ တာနဲ့ ထောင်ကျခံရတဲ့ အခြေအနေလောက်အထိ မဆိုးရွားပါဘူး။ နိုင်ငံတကာမှာ လူဆိုးဂိုဏ်းတွေ၊ အဂတိလိုက်စားတဲ့ အစိုးရအဖွဲ့ဝင်တွေကို စုံစမ်းဖော်ထုတ်ရင်း၊ စစ်သတင်းလိုက်ရင်း အန္တရာယ်ကြုံကြရတဲ့ ဂျာနယ်လစ်တွေရဲ့ အခြေအနေလောက်လည်း မပြင်းထန်ပါဘူး။




မီဒီယာ လွတ်လပ်ခွင့်ရဖို့ ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်ခဲ့ကြသလို၊ ရလာတဲ့ စာနယ်ဇင်း လွတ်လပ်ခွင့် ကို အလွဲသုံးနေ သူတွေ၊ ဖျက်ဆီးနေတဲ့သူတွေကိုလည်း ပရော်ဖက်ရှင်နယ် စာနယ်ဇင်းသမားကောင်းမှန်သမျှ ကာကွယ်ရမယ် သာဖြစ်ကြောင်းပါ။


စည်သူအောင်မြင့် (မြန်မာတိုင်းမ်)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...