Friday, October 18, 2013

Petronas ကုမ္ပဏီက ကုန်းတွင်းလုပ်ကွက် တစ်ခုစီအတွက် ဒေါ်လာ ၁၅ သန်း ၀န်းကျင်နှင့် ကမ်းလွန်လုပ်ကွက် တစ်ခုစီအတွက် ဒေါ်လာသန်း ၂၀၀ မှ ၃၀၀ ကြား ရင်းနှီးမြှုပ်နှံမည်

 Created on Friday, 18 October 2013


Petronas ကုမ္ပဏီမှ အထွေထွေမန်နေဂျာ မစ္စတာအာမက်လွတ်ပီဟာရွန် ရှင်းလင်းနေစဉ်

မလေးရှားနိုင်ငံ၏ ရေနံကုမ္ပဏီကြီး တစ်ခုဖြစ်သည့် Petronas ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် လုပ်ကိုင်ခွင့်ရသည့် ကုန်းတွင်းလုပ်ကွက် တစ်ခုစီအတွက် အမေရိကန် ဒေါ်လာ ၁၅ သန်းမှ သန်း ၂၀ ၀န်းကျင်နှင့် ကမ်းလွန်လုပ်ကွက် တစ်ခုစီအတွက် အမေရိကန်ဒေါ်လာ သန်း ၂၀၀ မှ ၃၀၀ အကြား ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီမှ အထွေထွေ မန်နေဂျာ မစ္စတာ အာမက်လွတ်ပီဟာရွန်က ဆိုသည်။

''မြန်မာအစိုးရထံကနေ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ ကုန်းတွင်းလုပ်ကွက် နှစ်ကွက်မှာ လုပ်ကိုင်ခွင့် ထပ်မံရရှိပါတယ်။ယခင်လုပ်ကွက် နှစ်ကွက်နဲ့ဆို လုပ်ကွက် လေးကွက်ရှိပါပြီ။ လုပ်ကွက် တစ်ခုစီအတွက် အမေရိကန်ဒေါ်လာ ၁၅ သန်းခန့် ရင်းနှီးမြှုပ်နှံသွားဖို့ အကြမ်းဖျင်း ခန့်မှန်းထားပါတယ်'' ဟု ၎င်းက ဆိုသည်။

အဆိုပါ ကုန်းတွင်းလုပ်ကွက် နှစ်ခုအတွက် တူးဖော်မှုများကို နောက်နှစ်တွင် စတင်သွားမည်ဟု ဆိုသည်။ မြန်မာအစိုးရက ကမ်းလွန်လုပ်ကွက်များ အတွက် ကုမ္ပဏီ တစ်ခုလျှင် အများဆုံး လုပ်ကွက် သုံးကွက်သာ လုပ်ကိုင်ခွင့် ပြုထားကြောင်း သိရသည်။

''ကမ်းလွန်မှာတော့ ရင်းနှီးမြှုပ်နှံမှုက ကုန်းတွင်းထက် ငါးဆလောက် ပိုများပါတယ်။ ဒါကြောင့် ကမ်းလွန်လုပ်ကွက် တစ်ခုစီကို အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကနေ သန်း ၃၀၀ ကြား ရင်းနှီးမြှုပ်နှံ သွားမှာပါ။ အခုကတော့ အချက်အလက်တွေ လေ့လာနေဆဲဖြစ်ပြီး ရှာဖွေတူးဖော်မှုတွေ မလုပ်ရသေးပါဘူး'' ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ယခုအချိန်တွင် မြန်မာအစိုးရသည် သယံဇာတ ထုတ်ယူရေး လုပ်ငန်းများတွင် ပွင့်လင်းမြင်သာမှုရှိရေး ကနဦး ဆောင်ရွက်ချက် EITI အဖွဲ့ဝင်နိုင်ငံ ဖြစ်လာစေရန် လုပ်ဆောင်လျက် ရှိသည်။

Petronas ကုမ္ပဏီသည် ၁၉၉၀ ပြည့်နှစ် ကတည်းက မြန်မာနိုင်ငံတွင် လုပ်ငန်း စတင်ခဲ့သည့် ကုမ္ပဏီတစ်ခု ဖြစ်သည်။ ၎င်းကုမ္ပဏီသည် မလေးရှားနိုင်ငံ အစိုးရပိုင် ကုမ္ပဏီဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် ၀န်ထမ်းပေါင်း ၄၆၀၀၀ ကျော်ကို ခန့်အပ်ထားသည်။ ၎င်းကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ရဲတံခွန် ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေး စီမံကိန်းတွင် ပါဝင်လုပ်ကိုင်လျက် ရှိသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...