Friday, October 18, 2013

မြန်မာ-တရုတ် နယ်စပ်မှ ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလျံကျော်ရရှိ၊ ယခင်နှစ်ထက် အမေရိကန်ဒေါ်လာ ၄၇၆ သန်းကျော်ဖိုး ပိုမိုကုန်သွယ်

 Created on Friday, 18 October 2013


တရုတ်-မြန်မာ နယ်စပ်ရှိ မူဆယ်နယ်စပ် ကုန်သွယ်ရေး စခန်းအား တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်-လားရှိုး)

မြန်မာ-တရုတ် နယ်စပ်မှ ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလျံကျော် ရရှိထားပြီး ယခင်ဘဏ္ဍာနှစ်ထက် အမေရိကန်ဒေါ်လာ ၄၇၆ သန်း ကျော်ဖိုး ပိုမိုကုန်သွယ်မှု ပြုလုပ်ထားကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ သိရသည်။

မြန်မာ-တရုတ် နယ်စပ်တွင် ကုန်သွယ်မှု ပြုလုပ်နိုင်ရန်အတွက် မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်နှင့် ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေး စခန်းများကို တရားဝင် ဖွင့်လှစ်ထားပြီး မူဆယ်နယ်စပ် ကုန်သွယ်ရေး စခန်းမှ တစ်ဆင့် တရုတ်နိုင်ငံသို့ ပို့ကုန်တင်ပို့မှု များပြီး ကုန်သွယ်မှု ပမာဏ စုစုပေါင်းမှာလည်း အခြားနယ်စပ် စခန်းများထက် ပိုမိုကြောင်း သိရသည်။

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန် ပစ္စည်းများဖြစ်သည့် ဆန်နှင့် ဆန်ထွက်ပစ္စည်း၊ ပဲမျိုးစုံ၊ ပြောင်းသီးနှံ၊ ဆီထွက် သီးနှံများဖြစ်သည့် နှမ်းနှင့် မြေပဲ၊ နှစ်ရှည်သီးနှံများ ဖြစ်သည့် ရော်ဘာ၊ သီဟိုဠ်၊ သစ်သီးဝလံ မျိုးစုံအပြင် ကြက်သွန်ဖြူနှင့် ကြက်သွန်နီများအပြင် ရေထွက်ကုန် ပစ္စည်းများဖြစ်သည့် ကဏန်း၊ ငါးရှဥ့်၊ ရေခဲငါး၊ ငါးလေးခြောက်၊ ငါးဆားနယ်၊ ငါးစီဖောင်း၊ ပုစွန်ခြောက်၊ ပင်လယ်မျော့ခြောက်၊ ငါးမြစ်ချင်းစီဖောင်း၊ ငါးပူတင်းရေခွံခြောက်နှင့် ငါးလိပ်ကျောက် ရေခွံခြောက် စသည်တို့ကို တင်ပို့မှုများကြောင်း သိရသည်။

တရုတ်နိုင်ငံဘက်မှ မြန်မာနိုင်ငံ အတွင်းသို့ ယာဉ်ယန္တရား၊ ဓာတ်မြေသြဇာ၊ ဘိလပ်မြေ၊ သံနှင့်သံမဏိ ပစ္စည်းများ တင်သွင်းမှု များကြောင်း သိရသည်။

မြန်မာ-တရုတ် နယ်စပ်မှ ၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်မှ စက်တင်ဘာ လကုန်အထိ ခြောက်လအတွင်း ပို့ကုန်အမေရိကန်ဒေါ်လာ ၁၂၆၅ သန်းကျော်၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၆၁၃ သန်းကျော် ကုန်သွယ်မှု ပြုလုပ်ကြောင်း သိရသည်။

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း တစ်လျှောက်တွင် တရားဝင် လိုင်စင်ဖြင့် ကုန်သွယ်မှု ပြုလုပ်နေခြင်း ရှိသကဲ့သို့ တရားမ၀င် ကုန်သွယ်မှုများ ရှိနေခြင်းကြောင့် Mobile Team အဖွဲ့မှ ဖမ်းဆီး အရေးယူမှုများ ဆက်တိုက် ပြုလုပ်နေရကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန အနေဖြင့် တရားမ၀င် ကုန်သွယ်မှုများ ပပျောက်ရန် အတွက် တစ်ဦးချင်း ကုန်သွယ်မှု လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် (ITC) ကတ်ဖြင့် ကုန်သွယ်ခွင့် များကိုလည်း နယ်စပ်စခန်းအလိုက် ခွင့်ပြုပေးထားပြီး ဖြစ်ကြောင်း သိရသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...