Friday, October 18, 2013

သတင်းစာဆရာကြီး ဂါးဒီးယန်း ဦးစိန်ဝင်း ရန်ကုန်မြို့၌ ကွယ်လွန်

 Created on Friday, 18 October 2013


ဂါးဒီးယန်း ဦးစိန်ဝင်းကို ရွှေကလောင် ဆုနှင့်အတူ ၁၉၈၉ ခုနှစ်က တွေ့ရစဉ်

သတင်းလွတ်လပ်ခွင့် အတွက် တိုက်ပွဲဝင်ခဲ့သော ၀ါရင့်သတင်းစာ ဆရာများထဲတွင် တစ်ဦးအပါအ၀င် ဖြစ်သော သတင်းစာဆရာကြီး ဂါးဒီးယန်း ဦးစိန်ဝင်းသည် အောက်တိုဘာ ၁၇ ရက် မွန်းလွဲ ၂ နာရီ ၁၂ မိနစ်တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့ကြောင်း သိရသည်။

ကွယ်လွန်ချိန်တွင် အသက် ၉၂ နှစ် ရှိပြီဖြစ်သော ဂါးဒီးယန်း ဦးစိန်ဝင်းသည် ကျောင်းကုန်းမြို့ ဇာတိဖြစ်ပြီး ၁၉၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်တွင် မွေးဖွားခဲ့သူ ဖြစ်သည်။ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ဒုတိယ ကမ္ဘာစစ် ဖြစ်ချိန်အထိ ရန်ကုန်တက္ကသိုလ် ဂျဒ်ဆင် (ယုဒသန်) ကောလိပ်တွင် ပညာသင်ကြားခဲ့သည်။ ထိုအချိန်မှာပင် ပုဂ္ဂလိကပိုင် မြန်မာ့အလင်း သတင်းစာ၌ ဘာသာပြန် အလုပ်လုပ်ကိုင်ခဲ့ပြီး ဂျပန်နိုင်ငံ ဖူကုအိုကာမြို့သို့ ပညာတော်သင် သွားရောက်ခဲ့ကာ ဒုတိယကမ္ဘာစစ် အပြီးတွင် မြန်မာနိုင်ငံသို့ ပြန်လာခဲ့သည်။

ထို့နောက် မြန်မာ့အလင်း သတင်းစာတိုက်၌ အလုပ်သင် သတင်းထောက်အဖြစ် စတင်လုပ်ကိုင်ခဲ့ပြီး သတင်းလုပ်ငန်းသို့ အချိန်ပြည့် ၀င်ရောက် လုပ်ကိုင်ခဲ့သည့်နည်းတူ ရန်ကုန်တက္ကသိုလ်မှ ၀ိဇ္ဇာဘွဲ့နှင့် ဥပဒေ ၀ိဇ္ဇာဘွဲ့များ ရရှိခဲ့သည်။

မြန်မာ့အလင်းနှင့် စီးပွားရေး မြန်မာသတင်းစာများ၊ အလုပ်သမားဂေဇက်၊ နယူးတိုင်းအော့(ဖ) ဘားမားနှင့် နေးရှင်း အင်္ဂလိပ် သတင်းစာများတွင် သတင်းထောက်ချုပ်နှင့် အယ်ဒီတာအဖြစ် အသီးသီး ဆောင်ရွက်ခဲ့ပြီး ၁၉၅၈ ခုနှစ် မတ်လဆန်းမှ ၁၉၆၃ ခုနှစ် မေလကုန်အထိ ဂါးဒီးယန်း သတင်းစာ အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၆၀ ပြည့်နှစ်မှ ၁၉၆၂ ခုနှစ်များတွင် မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ ၁၉၆၁-၁၉၆၂ ခုနှစ်တွင် စာနယ်ဇင်းကောင်စီ အထွေထွေ အတွင်းရေးမှူး အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။

ဆွစ်ဇာလန်နိုင်ငံ၊ ဇူးရစ်(ခ်ျ) မြို့၌ IPI ခေါ် အပြည်ပြည်ဆိုင်ရာ သတင်းစာ အယ်ဒီတာများ အဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင်အဖြစ် ၁၉၆၃ ခုနှစ်တွင် ရွေးချယ်တင်မြှောက်ခြင်း ခံရသည်။ ပြင်သစ်နိုင်ငံ၊ ပါရီမြို့၌ ရုံးစိုက်သော အပြည်ပြည်ဆိုင်ရာ သတင်းစာ ထုတ်ဝေသူများ အဖွဲ့ချုပ်က ဦးစိန်ဝင်းအား သတင်းစာ လွတ်လပ်မှုအတွက် ရေးသားဆောင်ရွက် ချက်များကြောင့် ၁၉၆၃ ခုနှစ်တွင် ရွှေကလောင်ဆု ချီးမြှင့်ခဲ့သည်။

မြန်မာနိုင်ငံမှ ရွှေကလောင်ဆုကို ပထမဆုံး ရရှိခဲ့သူမှာ ဂါးဒီယန်း ဦးစိန်ဝင်းဖြစ်ပြီး ၎င်းသည် ဦးနု ခေါင်းဆောင်သော ပထစ အစိုးရ လက်ထက်တွင် သတင်းလွတ်လပ်ခွင့် ချုပ်ချယ်တားဆီး ခဲ့ခြင်းကို တွန်းလှန်ခဲ့ရာ၌ ပါဝင်ခဲ့သော သတင်းစာ ဆရာများအနက် တစ်ဦးအပါအ၀င် ဖြစ်ပါသည်။ ထိုအချိန်က ပထစ အစိုးရမှ သတင်းလွတ်လပ်ခွင့် ချုပ်ချယ်တားဆီး ခဲ့ခြင်းကို ကန့်ကွက်သည့် အနေဖြင့် သတင်းစာများတွင် ခေါင်းကြီးမရေးဘဲ ကွက်လပ်အဖြူများ ချန်လှပ်ခြင်းဖြင့် ဆန္ဒထုတ်ဖော် ခဲ့ကြသည်။

ထိုကိစ္စရပ်ကို ဂါးဒီးယန်း ဦးစိန်ဝင်းက ဦးဆောင်ပြုလုပ် ခဲ့ခြင်းဖြစ်ပြီး ထိုသို့ လုပ်ဆောင်ခဲ့သဖြင့် ခေတ္တမျှ ထိန်းသိမ်းခံခဲ့ ရပါသည်။ ထိန်းသိမ်းခံခဲ့ရပြီး ပြန်လည် လွတ်မြောက်လာသည့် အချိန်၌လည်း သတင်းစာ လွတ်လပ်ခွင့်အတွက် ဆက်လက် ကြိုးပမ်းခဲ့ရာ နောက်ဆုံးတွင် ပထစ အစိုးရက အလျှော့ပေးခဲ့ရသည်။ ယင်းကဲ့သို့ ကြိုးပမ်း လုပ်ဆောင်မှုများ ရှိခဲ့သဖြင့် ကမ္ဘာ့သတင်းစာ ဆရာများ အစည်းအရုံးက ၁၉၆၃ ခုနှစ်တွင် ရွှေကလောင်ဆု ပေးအပ်ခဲ့ခြင်း ဖြစ်ပါသည်။ ဂါးဒီးယန်း ဦးစိန်ဝင်းသည် မြန်မာနိုင်ငံမှ ရွှေကလောင်ဆုကို ပထမဆုံး ရရှိခဲ့သူအဖြစ် မှတ်တမ်းဝင်ခဲ့သည့်နည်းတူ ရွှေကလောင်ဆု သမိုင်း၌ ဒုတိမြောက် ဆုရရှိခဲ့သူ ဖြစ်ပါသည်။

သို့သော် ထိုစဉ်က နိုင်ငံရေး အခြေအနေများကြောင့် ဂါးဒီးယန်း ဦးစိန်ဝင်း အနေဖြင့် ရွှေကလောင်ဆုကို သွားရောက် ရယူနိုင်ခဲ့ခြင်း မရှိဘဲ ၁၉၈၉ ခုနှစ်သို့ ရောက်ရှိမှသာ ပြင်သစ်နိုင်ငံသို့ သွားရောက်ပြီး ဆုလက်ခံ ရယူခဲ့ပါသည်။

၁၉၆၉ ခုနှစ် အောက်တိုဘာလမှ ၁၉၈၉ ခုနှစ် နိုဝင်ဘာလအထိ၊ အမေရိကန်နိုင်ငံ အေပီသတင်းဌာန၏ မြန်မာနိုင်ငံဆိုင်ရာ သတင်းထောက်အဖြစ် ဆောင်ရွက်ပြီး ၁၉၈၉ ခုနှစ် ဒီဇင်ဘာလမှစ၍ ဂျပန်နိုင်ငံ ကျိုဒို သတင်းဌာန၏ မြန်မာနိုင်ငံဆိုင်ရာ သတင်းထောက်အဖြစ် ဆောင်ရွက်လျက် ရှိပါသည်။ မြန်မာနိုင်ငံတွင် ပထမဆုံး တည်ထောင်သော နိုင်ငံခြား သတင်းထောက်များ အသင်း၏ ဥက္ကဋ္ဌအဖြစ် ၁၉၈၉ ခုနှစ်မှ ၁၉၉၃ ခုနှစ်အထိ ဆောက်ရွက်ခဲ့ပြီး ၁၉၉၃ ခုနှစ်မှ စ၍ နာယကအဖြစ် ဆောင်ရွက်ခဲ့သည်။ သုံးကြိမ် ထိန်းသိမ်း ခံခဲ့ရသော သုံးနှစ်ကျော် ကာလမှလွဲ၍ သက်တမ်း တစ်လျှောက်လုံး သတင်းလောက၌ပင် အသက်မွေးဝမ်းကျောင်း ပြုခဲ့သူဖြစ်ပြီး ကွယ်လွန်ချိန်တွင် သမီးသုံးဦးနှင့် မြေးခုနစ်ဦးတို့ ကျန်ရစ်ခဲ့ပါသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...