Friday, October 18, 2013

ပြည်ထောင်စု အစိုးရအဖွဲ့၏ နောက်ထပ် အသုံးစရိတ်လိုငွေ ကျပ် ၁၃၉၄၁၁၆ သန်း ထပ်မံတောင်းခံနေပြီး သမ၀ါယမ ၀န်ကြီးဌာနမှ အများဆုံး တောင်းခံနေခြင်း ဖြစ်ကြောင်း ပြည်သူ့ငွေစာရင်း ကော်မတီဥက္ကဋ္ဌ ပြောကြား

 Created on Friday, 18 October 2013


လွှတ်တော် အစည်းအဝေး မကျင်းပမီ လွှတ်တော် ကိုယ်စားလှယ်များအား တွေ့ရစဉ်

အစိုးရအဖွဲ့၏ နောက်ထပ် အသုံးစရိတ်လိုငွေ ကျပ် ၁၃၉၄၁၁၆ သန်း ထပ်မံတောင်းခံနေပြီး သမ၀ါယမ ၀န်ကြီးဌာနမှ အများဆုံး တောင်းခံနေခြင်း ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီဥက္ကဋ္ဌ ဦးသူရိန်ဇော်က အောက်တိုဘာ ၁၇ ရက်တွင် ပြောကြားသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းကို အောက်တိုဘာ ၁၅ ရက်တွင် လွှတ်တော်သို့ တင်သွင်းပြီးနောက် အဆိုပါ ဥပဒေကြမ်းအရ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၏ နောက်ထပ် အသုံးစရိတ် လိုငွေကျပ် ၁၃၉၄၁၁၆ သန်းအား ထပ်မံ ခွင့်ပြုပေးရန် အစိုးရအဖွဲ့က ထပ်မံတောင်းခံခဲ့ခြင်း ဖြစ်သည်။

ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီဥက္ကဋ္ဌ ဦးသူရိန်ဇော်က ''လွှတ်တော်ကို အစိုးရအဖွဲ့ကနေ နောက်ထပ် အသုံးစရိတ်လိုငွေ ကျပ် ၁၃၉၄၁၁၆ သန်း ထပ်မံတောင်းခံ လာပါတယ်။ အရင်ချထား ပေးပြီးသား ဘတ်ဂျက်နဲ့ မလုံလောက်လို့ ထပ်မံ တောင်းခံလာတာ ဖြစ်ပါတယ်။ အခုတောင်းခံမှုက အရင်နှစ်ကထက်တော့ နည်းသွားပါတယ်။ အရင်နှစ်ကထက်စာရင် ရာခိုင်နှုန်းအားဖြင့် နည်းတယ်။ အကြမ်းဖျင်း စစ်ဆေးချက်တွေအရ အရင်နှစ်က ထက်စာရင် ပိုပြီးဘောင်ဝင် လာတဲ့သဘော ရှိပါတယ်'' ဟု ပြောကြားသည်။

ယခင်နှစ်များက အစိုးရအဖွဲ့မှ ထပ်မံတင်ပြလာသည့် နောက်ထပ် အသုံးစရိတ် လိုငွေသည် မူလခွင့်ပြုခဲ့သည့် ဘတ်ဂျက်ပမာဏ၏ ၁၃ ရာခိုင်နှုန်းနှင့် ၁၄ ရာခိုင်နှုန်းပမာဏ ၀န်းကျင်တွင် ရှိခဲ့ကြောင်း၊ ယခုနှစ် တင်ပြလာသည့် ပမာဏသည် မူလခွင့်ပြုခဲ့သည့် ဘတ်ဂျက် ပမာဏ၏ ရှစ်ရာခိုင်နှုန်း ၀န်းကျင်သာ ရှိသဖြင့် ယခင်နှစ်များကထက် ထပ်မံတောင်းခံငွေ ပိုနည်းလာသည့် သဘောရှိကြောင်း ၎င်းကဆက်လက် ရှင်းပြသည်။

ထိုသို့ အစိုးရအဖွဲ့မှ ထပ်မံတောင်းခံလာသည့် နောက်ထပ် အသုံးစရိတ်လိုငွေ တောင်းခံသည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများအနက် သမ၀ါယမ ၀န်ကြီးဌာနသည် ထပ်မံတောင်းခံသည့် ပမာဏအများဆုံး အဖွဲ့အစည်း ဖြစ်သည်ဟု သိရသည်။

''ထပ်တောင်းတဲ့ အဖွဲ့အစည်းတွေမှာ သမ၀ါယမ ၀န်ကြီးဌာနက အများဆုံး တောင်းထားတယ်။ ကျန်တဲ့ ၀န်ကြီးဌာနတွေက သူ့လောက် မများဘူး။ အဲဒါတွေကိုလည်း သက်ဆိုင်ရာ ကော်မတီအလိုက် စနစ်တကျ စစ်ဆေးပြီး လိုအပ်မှ ခွင့်ပြုသွားမှာ ဖြစ်ပါတယ်'' ဟု ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီဥက္ကဋ္ဌ ဦးသူရိန်ဇော်က ပြောကြားသည်။

သမ၀ါယမ ၀န်ကြီးဌာနသည် တရုတ်နိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကို ပြည်သူများအား ပြန်လည် ထုတ်ချေးပေးရန်ဟု ဆိုကာ အတိုးနှုန်း ကြီးမြင့်စွာဖြင့် ချေးယူထားမှုအတွက် ဝေဖန်ခံနေရသည်။ လက်ရှိ သမ၀ါယမ ၀န်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးမှာ ဦးကျော်ဆန်းဖြစ်သည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...