Friday, October 18, 2013

စာရေးဆရာ ကိုအောင်ဆန်း အပိုင်း (၅)




ပြည်သူ့ထောက်ပံ့ရေး ဘုတ်အဖွဲ့၊ လယ်ယာစိုက်ပျိုးရေး ပရိုဂျက်များနှင့်ပတ်သက်၍ကား "ဒေသဆိုင် ရာ လိုအပ်ချက်ထက် ပိုလျှံနေသော သီးနှံများကို အစိုးရကဝယ်ယူမည်ဟု ကြေညာရမည်"ဟု အဆိုပြု ထားသည်။ "မက်လောက်သော ဈေးနှုန်းများပေးခြင်းဖြင့် ဈေးကွက်ကို အာမခံနိုင်ပါမှ အများဆုံး ကုန်ထုတ်လုပ်မှု နှင့် အခြေအနေမှန်ကို အမြန်ပြန်ရောက်မှုတို့ကို အားပေးရာရောက်မည်"ဟု အစိုးရက မျှော်လင့် သည်။ မက်လောက်သော ဈေးနှုန်းများဟုဆိုထားသည်။ ဤဈေးနှုန်းတို့မှာ လယ်သမားများကို ပေးဖို့လား သို့မဟုတ် ဗမာပြည် ကိုယ်စားလှယ်ဆိုသူများကို ပေးဖို့လား၊ လယ်ယာထွက်ပစ္စည်းများ၏ ဈေးနှုန်း ကို အစိုးရက သတ်မှတ်ပေးရေးကို ကျွန်တော်တို့သဘောတူပါသည်။

ဤသို့ သတ်မှတ်ပေးပါ ရန် စစ်မဖြစ်မီကာလကပင် ကျွန်တော်တို့ တောင်းဆိုခဲ့ကြ၍ မရခဲ့ကြခြင်း သာ ဖြစ်သည်။ ယနေ့ငွေကြေး ဖောင်းပွလာနေသောခေတ်တွင် ဈေးနှုန်းသတ်မှတ်မည်ဆိုသည်။ ဘယ်လို သတ်မှတ်ပါမည်နည်း။ ကမ္ဘာ့ ဈေးနှင့် စားသုံးသူတို့၏ဘဝကို အခြေခံ၍ အခြေခံထွက်ကုန်တို့၏ဈေးနှုန်းကို သတ်မှတ်ပေးရမည်ဆို သည်ကို ကျွန်တော်သဘောတူပါသည်။ သို့သော် ကျွန်တော်တို့ ဈေးနှုန်း သတ်မှတ်မှုများမပြုသေးမီ ငွေ စက္ကူဖောင်းပွနေသော ပြဿနာကို ပထမကိုင်တွယ်ရမည်။ ဤသို့ မလုပ်ပါက ဈေးနှုန်းသတ်မှတ်သည် ဆိုခြင်းမှာ ကျွန်တော်တို့လယ်သမားတို့၏လည်မျိုကို ညှစ်ခြင်းသာ ဖြစ်ပေတော့မည်။ ထိုအခါ ဘယ်လို ဖြစ်မည်နည်း။ လုယက်တိုက်ခိုက်မှုတို့ များပြားလာခြင်း၊ စစ်ပစ္စည်းများ ခိုး၍ အရောင်းအဝယ်ပြုခြင်း (ဤလုပ်ငန်းမှာ ယနေ့ပြောင်ပြောင်တင်းတင်းဖြစ်နေသည်)တို့ ဖြစ်လာမည်။

ကျွန်တော်တို့ ငွေစက္ကူ ဖောင်းပွမှုကို မည်သို့တိုက်ခိုက်နိုင်သနည်း။ ပထမဆုံး ကျွန်တော်တို့ ဆောင်ရွက် ရမည်မှာ ပြည်တွင်း ပြည်ပမှ ကုန်ပစ္စည်းများ၊ လွတ်လပ်စွာ ဝင်ရောက်လာနိုင်ရေး၊ ထိုကိစ္စအတွက် ကုန်ထုတ်လုပ်မှု၊ သယ် ယူပို့ဆောင်မှုတို့ကို ဆောင်ရွက်ပေး၍ အစိုးရက ဤတာဝန်အားလုံးကို မယူနိုင်ဟု ဆိုလျှင်လည်း စီးပွား ရေးအရ လွန်ကျွံမှုများဖြစ်မလာအောင် စောင့်ကြည့်ပေးနေရေးပင်ဖြစ်သည်ကို ကျွန်တော် တို့သိပြီးဖြစ် သည်။ ဤနေရာ၌ သွင်းကုန်ပို့ကုန်ကိစ္စ အကျုံးဝင်လာသည်။ ဤလုပ်ငန်းတို့မှာ လက်တွေ့အားဖြင့် အစိုးရ၏လက်ဝါးကြီးအုပ် လုပ်ငန်းဖြစ်လာမည်။

သို့သော် ဆိုဗီယက်ယူနီယံက ပြည်ပကုန်သွယ်မှု ချုပ် ကိုင်ထားသည့်သဘောမျိုးမဟုတ်သေး။ ကျွန်တော် တို့ ဆီမှာ အစိုးရက အတွေ့အကြုံမရှိသေးပါဟုဆို သောကြောင့် "ကိုယ်စားလှယ်"ဆိုသူများရှိလာသည်။ ကောင်းပြီ အစိုးရက လုပ်ငန်းကြီးတစ်ခုလုံးကို တာဝန်မယူနိုင်းသေးပါလျှင် ယခင် "လက်ဝါးကြီးအုပ် အဟောင်း" များကိုသာ ဘာကြောင့်ကိုယ်စားလှယ် အဖြစ် ခန့်ထားရမည်နည်း။ ကျွန်တော်တို့ ပြည်သူတွေ ကိုကော ကိုယ်စားလှယ်အဖြစ် အသုံးမပြုနိုင်ပေ ဘူးလား။ ကျွန်တော်တို့မှာ အတွေ့အကြုံမရှိသေးဟု ငြင်းချက် ထုတ်ကြပြန်သည်။ အတွေ့အကြုံမရှိ သေးဟုဆိုကာ ကျွန်တော်တို့သင်ယူနိုင်သည့် အခွင့်အရေး ကိုမပေးဘဲထားခဲ့သည်။

အရောင်းအဝယ် နှင့် ပတ်သက်၍ ဗမာများမလုပ်တတ်ရအောင် ဘယ်လောက်အခက်အခဲ အတားအဆီး ရှိပါသလဲ။ ဗမာ တို့အကြံဉာဏ်လိုသည်ဆိုက အစိုးရကမပေးနိုင်ဘူးလား။ ထိုမျှမကသေး ဂျပန် ငွေစက္ကူကို တန်ဖိုးမရှိဟု ကြေညာလိုက်ခြင်းကြောင့် ပြည်သူလူထုနှင့် အထူးသဖြင့် တောရပ်နေပြည်သူလူထုကြီးမှာ ကြီးစွာဒုက္ခ ရောက်ခဲ့ကြရသည်။ ဗမာပြည်တွင် ဂျပန်ငွေတရားမဝင်ဟု ကြေညာခဲ့သော်လည်း အာရှတိုက် အရှေ့ တောင်ပိုင်းရှိ အချို့ဂျပန်သိမ်းပိုက်ခဲ့ဖူးသော နိုင်ငံတို့၌ အတော်အတန်တန်ဖိုးပေးထားသည်ကို တွေ့ရ သည်မှာ ဆန်းကျယ်သည်။ ဗြိတိသျှအစိုးကဘယ်လိုလမ်းညွှန်မှုများအရ ဤသို့ဆုံးဖြတ်ခဲ့ပါသလဲ။

ထို တိုင်းပြည်တို့မှာ ဗြိတိသျှကိုလိုနီများမဟုတ်၍ စိတ်မဝင်စားသောကြောင့်လော၊ စစ်တိုက်ခိုက်မှုများ ရပ် စဲသွားပြီဖြစ်သောကြောင့် ရန်သူကငွေစက္ကူ အကန့်အသတ်မရှိထုတ်ဝေမည့် အန္တရာယ်လည်းမရှိတော့။ အခြားသော တိုင်းပြည်များမှာ ဆောင်ရွက်သလို ဗြိတိသျှအစိုးရက ဂျပန်ငွေစက္ကူအပေါ်တွင် သင့်တင့် သော တန်ဖိုးနှုန်းဘာကြောင့် မသတ်မှတ်ပေးနိုင်ပါသနည်း။ ထို့နောက် ဗမာပြည်သူတို့က ဂျပန်ထံမှ ရ သင့်ရထိုက်သည်များ ရရေးအတွက် သက်ဆိုင်ရာနိုင်ငံတကာ အဖွဲ့အစည်းများတွင် စကားပြောရန် ဗမာပြည်ကိုယ်စားလှယ်အဖြစ် ဗြိတိသျှမဟုတ်ဘဲ ဗမာပြည်သူ့ကိုယ်စားလှယ်ကို စေလွှတ်ရေးအတွက် ဘာကြောင့်မစီစဉ်ပေးနိုင်ပါသနည်း။

ဗြိတိသျှနယ်ချဲ့တို့သည် ဗမာပြည်အတွင်း စီးပွားရေးဖက်ဆစ်စနစ်ယူသွင်းလာနိုင်ရေးအတွက် ဤသို့ အားဖြင့် အဆုံးမရှိ ငြင်းခုံပြောဆိုခဲ့ကြသည်။ ငွေ့ကြေးဖောင်းပွမှု ပြဿနာမှာလည်း ကျွန်တော်တို့တိုင်း ပြည်တွင် ဆိုးဝါးသောအတိုင်းအတာသို့ ရောက်လာလေပြီ။ အလုပ်လက်မဲ့များလည်း ပေါများလှပြီ။ ပြည်သူလူထုလက်တွင်လည်း ငွေမရှိ။ ဤအခြေအနေတို့နှင့်တကွ အခြားမြောက်မြားစွာသော အခြေအ နေတို့က မကောင်းသော စီးပွားရေးနိမိတ်လက္ခဏာများအဖြစ် ပြသလျက်ရှိသည်။ ဗြိတိသျှအစိုးရကား ကျွန်တော် တို့လိုသမျှ ပစ္စည်းတို့ကို အချိန်မီအဆင့်အတန်းမီနှင့် အလုံအလောက် ပို့မပေးနိုင်ပါဘဲလျက် နှင့် ကုန်ပစ္စည်းများ လွတ်လပ်စွာ ဝင်ထွက်ရေးအတွက် တံခါးဖွင့်ပေးရမည့်အစား အခြားတိုင်းပြည်တို့ နှင့် ကုလသမဂ္ဂကယ်ဆယ်ရေးအဖွဲ့တို့ (UNNRA)၏ပစ္စည်းတို့ကိုပင် မဝင်စေဘဲ ပိတ်ပင်ထားသည်။ သို့သော် ဤနည်းဖြင့် ဗြိတိသျှနယ်ချဲ့သမားသည် သူ့နေရာဟောင်းကိုပြန်လည်ရရှိနိုင်လိမ့်မည်မဟုတ်။

ဤနည်းမှာ သူတို့အဖို့ ပျက်စီးဆုံးရှုံးမည့်နည်းသာ ဖြစ်သည်။ သို့သော် သူတို့ဤအချက်ကို ဂရုမထား။ သူ့ကို ဂမူးရှူးထိုးဖြစ်နေကြသည်။ သူတို့အဖို့ နယ်ချဲ့စနစ်ဟောင်းကို ပြန်လည်အင်အားဖြည့် ပေးရ မည်။ သို့ဖြစ်၍လည်း ဗမာပြည်တွင်းသို့ စီးပွားရေးစနစ် သွတ်သွင်းလာရေးအတွက် လိုအပ်သော တရားဥပဒေခွင့်ပြုချက်များကို ဖန်တီးလာသည်။ ဤသည်တို့ကား အဘယ်ဟာများနည်း။
ကျွန်တော်အချိန်မရှိသဖြင့် ဘုရင်ခံအမည်ကိုသုံး၍ တရားသူကြီးတစ်ဦးပြုလုပ်လိုက်သော ဥပဒေအ နည်းငယ်ကိုသာ ဖော်ပြပါတော့မည်။

၁၉၄၃ ခုနှစ် အထူးတရားသူကြီးများ အက်ဥပဒေ(၅)အရ အထူးတရားသူကြီးတစ်ဦးကသာ သက်သေ ထွက်ချက် အတိုချုပ်ကို ရေးမှတ်ထားရမည်။ တရားခံတစ်ယောက်က သူပြလိုသော သက်သေပြပိုင်ခွင့် မရှိ။ တရားသူကြီး က လိုအပ်သည်ဟု ယူဆသော သက်သေများကိုသာ ခေါ်ယူစစ်ဆေးရမည်။

အခြားနည်းအားဖြင့်ဆိုသော သေဒဏ်ပေးနိုင်သောအမှုများကို စစ်ဆေးရာတွင် အထူးတရားသူကြီးက တရားခံကို အတိုနည်းအရ စစ်ဆေးမည်။ အတိုနည်းဆိုသည်မှာ အသေးအဖွဲ့အမှုများကိုသာ စစ်ဆေး သင့်သည်ဟု အများက ယူဆထားကြသည်။

အထူးတရားသူကြီးတစ်ဦး၏စီရင်ချက်ကို အယူခံ၍လည်းမရ။ အထက်ရုံးက ပြင်ဆင်၍လည်းမရ။ ပုဒ်မ ၆(၁)အရ၊ ဟိုက်ကုတ်လွှတ်တော်ကပင် ပြန်လည်ပြင်ဆင်မှုမပြုရ။ သို့သော် ပုဒ်မ ၇(၂)အရ၊ သေဒဏ် အပြစ်ပေးထားသောအခါတွင်ကား၊ ၎င်းအပြစ်ဒဏ်ကို ဟိုက်ကုတ်တရားသူကြီးတစ်ဦးက ပြန်လည်သုံး သပ်နိုင်ခွင့်ရှိသည်။ တစ်ခြားတနည်းအားဖြင့်ဆိုရသော် သေဒဏ်ခံရသော ပြစ်မှုမှတစ်ပါး တရားခံတစ် ဦးသည် သူ့အားပေးထားသော အပြစ်ဒဏ်ကို ပြန်လည်စောဒကတက်နိုင်သည့် နည်းလမ်းမရှိတော့ချေ။

၁၉၄၃ ခု၊ တရားရုံးများ အရေးပေါ်စီမံမှု ဥပဒေပုဒ်မ ၁၄အရ ပထမတန်း၊ ဒုတိယတန်းနှင့် တတိယတန်း ရာဇဝတ်တရားသူကြီးတစ်ဦးဦးက ချမှတ်ပေးထားသော အပြစ်ဒဏ်ကို မည်သည့်တရားခံကမှ အယူခံ ခွင့်မရှိ။ အထူးအာဏာရ ရာဇဝတ်တရားသူကြီးတစ်ဦးက ချမှတ်ပေးထားသော အပြစ်ဒဏ်ကိုလည်း ထောင် ၅နှစ်ထက်မကျော်လွန်လျှင် မည်သည့်တရားခံကမှ အယူခံနိုင်ခွင့်မရှိ။ စက်ရှင်တရားသူကြီး၊ ရာ ဘက် စက်ရှင်တရားသူကြီးတစ်ဦးက ချမှတ်ပေးထားသော အပြစ်ဒဏ်ကို သေဒဏ်မဟုတ်လျှင် မည် သည့် တရားခံ ကမှ အယူခံနိုင်ခွင့်မရှိ။

ထောင် ၅ နှစ်ထက်ပိုခံရ၍ အယူခံသောအခါလည်း ဟိုက်ကုတ်ကို အယူခံရန်မဟုတ်၊ စက်ရှင်တရားသူ ကြီးထံ အယူခံရန်ဖြစ်၍ စက်ရှင်တရားသူကြီးဆိုသည်မှာ ယနေ့အဖို့ အထူးတရားသူကြီးပင်ဖြစ်၍ အယူ ခံမှုများကို ကောင်းစွာစဉ်းစားပိုင်းဖြတ်နိုင်လောက်အောင် အားလပ်ခြင်းမရှိပေ။

ပုဒ်မ ၁၄ အရ၊ ပုလိပ်ထံပေးသော ဖြောင့်ချက်ကိုသက်သေအဖြစ် တင်ပြနိုင်ခွင့်ရှိလာသည်။ အမှုစစ် ဆေးသော ပုလိပ်အရာရှိတစ်ဦးကိုပြောသည့်ထွက်ချက်နှင့် တရားခံကိုပြန်၍အရေးမယူရဆိုသော စည်း ကမ်းချက်ကိုလည်း ပုဒ်မ ၁၄အရ ပယ်ဖျက်ထားလိုက်သည်။ ဤသို့အားဖြင့် တရားလိုဘက်က (က) တ ရားခံသည် ပုလိပ်ရှေ့၌ ဖြောင့်ချက်ပေးသည်ဟုဖြစ်စေ၊ (ခ) တရားခံသည် အမှုစစ်ဆေးနေစဉ်အတွင်း မည်သို့မည်ပုံ ထွက်ဆိုသွားသည်ဟု သတ်သေတင်ပြနိုင်သည်။

ဤသို့သော သက်သေတရားမဝင်ရေး အတွက် ကန့်သတ်ချက်တို့မှာ (က) တရားခံ ထွက်ဆိုချက်ပေးသည်ဆိုသောအခါ ပုလိပ်အချုပ်အ နှောင်အတွင်းက ပေးခြင်မဟုတ်စေရ၊ (ခ) ပုလိပ်ကခြိမ်းခြောက်ခြင်း၊ မတရားသြဇာသုံးခြင်း မဟုတ်စေ ရတို့ပင် ဖြစ်ပေသည်။ ပုလိပ်တို့သုံးနေကျ လှည့်ကွက်မှာ တရားခံ၏ထွက်ဆိုချက်မရသေးမချင်း ဖမ်း ဆီးခြင်းမပြုသော လှည့်ကွက်ဖြစ်၍ တရားခံတစ်ဦးအဖို့ ပုလိပ်က ခြိမ်းခြောက်ပါသည်၊ မတရားသြဇာ သုံးပါသည်ဆိုသည်ကို သက်သေပြရန်မှာလည်း အလွန်ခက်ခဲသော အလုပ်ဖြစ်သည်။ ထောင်ကျသွား သော အမှုပေါင်းများစွာ စစ်ဆေးခဲ့ဖူးပါသည်ဟူသော မှတ်ချက်ကိုရယူလိုသည်။ မူမရှိသောအချို့ပုလိပ် စစ်ဆေးရေး အရာရှိတို့ လက်တွင် ဤဥပဒေသည် အန္တရာယ်များသော အာဏာများဖြစ်လေသည်။ ပုလိပ်အပြောနှင့် တရားခံ အပြောဟူ၍သာ ရှိပေတော့မည်။

ဗြိတိသျှ တရားစီရင်ရေးစနစ်သည် ဂျပန်ကင်ပေတိုင်စနစ်နှင့်တူလာပြီဟု ယခင်က ကျွန်တော်ပြောခဲ့ပြီ။ တစ်ထပ်တည်းတူနေပါပြီ။ အကြောင်းမှာမူ ဤဥပဒေပြင်ဆင်ချက်တို့ကြောင့် ပြည်သူလူထုမှာ မူမရှိ သော ပုလိပ်အရာရှိ တို့နှင့် ကလဲ့စားချေလိုကြသော တရားသူကြီးတို့၏နှိပ်စက်ညှဉ်းပမ်းမှုကို အချိန်မရွေး ခံရရန် အကာအကွယ်ကင်းမဲ့သောကြောင့် ဖြစ်လေသည်။ ခရိုင်အများအပြားတွင် အုပ်ချုပ်ရေးဘက်က တရားစီရင်ရေး ဘက်သို့ ဝင်ရောက်စွက်ဖက်နေမှု အမြောက်အမြားရှိသည်ကိုလည်း ကျွန်တော်တို့မသိ သည်မဟုတ်။ ဤဥပဒေတို့မှာ အရေးပေါ်ကာလအတွက် ယာယီမျှသာဖြစ်ပါသည်ဟု ငြင်းခုံကြလိမ့် မည်။

သို့သော် ကျွန်တော်တို့တိုင်းပြည်တို့၌ တိုက်ခိုက်မှုများရပ်စဲသွားပြီးနောက် လွတ်လပ်မှုများတိုးပွား ရရှိ လာနေပါလျက် ကျွန်တော်တို့တိုင်းပြည်တွင် အရေးပေါ်ကာလဟုအကြောင်းပြ၍ ပြည်သူလူထုထံမှ လွတ်လပ်မှုတို့ကို ရုပ်သိမ်းခဲ့လေသည်။ ဗြိတိသျှတို့သည် ဗမာပြည်ကိုကယ်တင်ရန် စေတရာကောင်း နှင့် ပြန်လာခြင်းဖြစ်ပါသည်ဟု ပါလီမန်မှတစ်ဆင့်နှင့် ထိပ်ဆုံးပုဂ္ဂိုလ်တို့မှတစ်ဆင့် ပြောကြားခဲ့ပါသည်။ ဤအရေးပေါ်ဥပဒေများ၊ စီးပွားရေးပရိုဂျက်များမှာ သူတို့၏ကောင်းသောစေတနာများပင် ဖြစ်ပါသ လော။ ဗမာပြည်၏လူဦးရေ ၁၇-သန်းအနက် လူ ၁၇-ယောက်လောက်သာ နားလည်နိုင်သောစကား ဖြင့် ဥပဒေအရာဆိုသည်မှာ နက်နဲရှုပ်ထွေးလှပါသည်ဟု လှီးလွှဲပြောနေ၍ အကျိုးထူးမည်မထင်ပါ။

ဤ နေရာ၌ ပထမအကြိမ်ကျင်းပခဲ့သော လူထုအစည်းအဝေးက သူတို့စီမံကိန်းများ၊ ပရိုဂျက်များကို ကြေ ညာရန်နှင့် ယင်းတို့ကို ပြည်သူ့ဆန္ဒအား စုံစမ်းတိုင်ပင်ပြီးမှ အတည်ပြုရန် တောင်းဆိုသောအခါ "ကျွန် တော်တို့ လေထီးနှင့်ဆင်း၍ ခင်ဗျားတို့နှင့်မတိုင်ပင်နိုင်ခဲ့ပါ"ဟု ဆင်ခြင်ပေးကြပြန်သည်။ ဤသို့သော ပြောဆိုမှုတို့သည် သူတို့၏ဂုဏ်သိက္ခာမြင့်မားလာစေလိမ့်မည်မဟုတ်။ ဗြိတိသျှဆန့်ကျင်ရေး စိတ်ဓာတ် ကိုသာ တိုးပွားစေလိမ့်မည်ဖြစ်ကြောင်း အာဏာကိုင်စွဲထားသူများအား သတိပေးလိုပါသည်။

ဤနည်းအားဖြင့် ဗြိတိသျှအစိုးရက ဗမာပြည်တွင်းသို့ စီးပွားရေးဖက်ဆစ်စနစ်သွတ်သွင်းလာရန် ကြံ စည်ခြင်း ဖြစ်သည်။ ဤနည်းအားဖြင့် တရားဥပဒေအကာအကွယ်ဖြင့် အတင်းထိုးသွင်းရန် ကြံစည်ခြင်း ဖြစ်သည်။ သို့ဖြစ်၍ ဘုရင်ခံက တစ်ဦးချင်းအုပ်ချုပ်ရမည်ဟု ဆိုလိုခြင်းဖြစ်သည်။ တရားဥပဒေအရဆို လျှင် ဘုရင်ခံ သည် ဗမာပြည်၏အာဏာရှင်ပင်ဖြစ်တော့သည်။
ဤသည်ပင် ဘုရင်ခံနှင့် ကျွန်တော်တို့၏သဘောကွဲလွဲချက်ဖြစ်သည်။

ကျွန်တော်တို့က မဖြစ်နိုင်သည် ကို တောင်းဆိုနေသည်မဟုတ်၊ သူကိုယ်တိုင်က ပြောကြားခဲ့ဖူး သည့်အတိုင်းနှင့် ကျွန်တော်တို့လို့အခြေ အနေမျိုးတွင် ကြားဖြတ်အစိုးရဆိုသည်မှာ ရှိရသည့် အတိုင်း အဓိကနိုင်ငံရေးအဖွဲ့တို့၏ ကိုယ်စားလှယ် များဖြင့် အမှုဆောင်အဖွဲ့ဖွဲ့ရန် တောင်းဆို နေကြခြင်း သာဖြစ်သည်။ ဤအမှုဆောင်အဖွဲ့သည် ဥပဒေ အရ ပြည်သူလူထုထံ စုပေါင်း တာဝန် ယူသော စနစ် ကျင့်သုံးခွင့် ရှိရန် တောင်းဆိုနေကြခြင်းသာဖြစ်သည်။

ကျွန်တော်တို့မူလတောင်းဆိုချက်များဖြစ်သော ဗမာအမျိုးသားချည်းသာ ပါဝင်သည့် အာဏာကုန်ရှိ သည့် အမျိုးသားအစိုးရဖွဲ့စည်းပေးရေး တောင်းဆိုချက်နှင့်စာလျှင် ကျွန်တော်တို့များစွာ လျှော့ပေးထား ပါသည်။ အရေးကြီး သော ဌာနများဖြစ်သည့် ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ နယ်စပ်ဒေသ အုပ်ချုပ်ရေး တို့ကို ဘုရင်ခံ လက်တွင်ပင်ထားရန်နှင့် ဘုရင်ခံရွေးချယ်ခန့်အပ်သည့် ဗမာကိုယ်စားလှယ် ဗြိတိသျှ ကိုယ်စားလှယ် တို့ကိုပင် လက်ခံရန် ကျွန်တော်တို့သဘောတူသည်။

အလွန်အရေးကြီးသောဌာနတစ်ခု ဖြစ်သည့် ဘဏ္ဍာရေးဌာနကိုပင် ဘုရင်ခံခန့်အပ်သူအားပေးရန် ကျွန်တော်တို့ မတွန့်တိုပါ။ ကျွန်တော်တို့ ၏တစ်ခုတည်းသော တောင်းဆိုချက်မှာ တိုင်းပြည်ကို အုပ်ချုပ်ရန် သူတစ်ဦးတွင်သာ တာဝန်ရှိသည်မှာ တရားဥပဒေအရ မှန်ကန်သော်လည်း ထုံးတမ်းစဉ်လာအရ သူ့အုပ်ချုပ်မှု ကို ဒီမိုကရေစီကျစေရန် တောင်းဆိုခြင်းသာဖြစ်သည်။ သို့သော် ကျွန်တော်တို့ အမည်သွင်းသူ ကိုသာ ပြည်ထဲရေးဌာနပေးရမည် ဟူသော စည်းကမ်းချက်တစ်ခု ထပ်ထည့်ထားသည်။

ဤစည်းကမ်းချက်ထည့်ထားခြင်းမှာ ရန်ညှိုး ကြောင့်၊ ကလဲ့စားချေလိုသောကြောင့်၊ ယုတ်မာသော ရည်ရွက်ချက် ကြောင့်မဟုတ်။ ဤစည်းကမ်းချက် ထည့်ရခြင်းမှာ ဂျပန်ပြည်သို့ စေလွှတ်သော အမေရိကန် သံအမတ်ကြီး ဂျိုးဇက်ဂရူးပြောဖူးသကဲ့သို့ ကျွန်တော်တို့ လူပုဂ္ဂိုလ်ရာထူးအရ စိုးရိမ်သောကြောင့်မဟုတ်။ ကျွန်တော်တို့တိုင်းပြည်တွင် ဖြစ်ခဲ့ဖူး သော အစဉ်အလာများကြောင့်သာဖြစ်သည်။ ကျွန်တော်တို့အဆိုမှာ အားလုံး တွေ့မြင်ကြသည့်အတိုင်း အလွန်ပင်မျှတသော အဆိုဖြစ်သည်။ သို့သော် ဘုရင်ခံက အကြောင်းတစ်စုံတစ်ရာကြောင့် ထိုအဆိုကို လက်ခံနိုင်ခြင်းမရှိ။

ဤတွင် လိပ်ခဲတည်းလည်းဖြစ်နေကြသည်။ ကျွန်တော်တို့မှာ များစွာအှေလျှာ့ပေးခဲ့ သည်မှာလည်း ကျွန်တော် တို့မှာ အားနည်းသောကြောင့်မဟုတ်။ လွန်ခဲ့သော သုံးနှစ်ကျော်ကာလအ တွင်း များစွာ ပျက်စီးဆုံးရှုံးခြင်း ခံခဲ့ရပြီးသည့်အတွက် အခက်အခဲနှင့်တွေ့နေရသည့် ဤအချိန်မျိုးတွင် အပျက်သဘောလုပ်ငန်းမျိုး မလိုအပ်ဟု ကျွန်တောတို့ ယူဆသောကြောင့်သာဖြစ်သည်။ ဘုရင်ခံသည် အရေးပါသော ကိစ္စများကို ဥပဒေအရ ချုပ်ကိုင်ထားရုံမက ကာကွယ်ရေး၊ ဘဏ္ဍာရေးစသော အရေးပါ သည့် ဌာနများကိုပါ ချုပ်ကိုင်ထားမှန်းသိပါလျက် ဤအနည်းဆုံး တောင်းဆိုချက်ကိုသာ တောင်းဆိုခဲ့ သည်မှာ ကျွန်တော်တို့တိုင်းပြည်၏လွတ်လပ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ငြိမ်းချမ်းစွာ ဆောင်ရွက်လိုသော ဆန္ဒကိုပြသလိုသောကြောင့်သာဖြစ်သည်။

သို့သော် ဤအတိုင်းဖြစ်မလာ၊ အာ ဏာလက်ဝယ်ထားသူများသည် လှပသောသဘောထားတို့ကို လျှာဖျား ကလေးဖြင့်သာ ပြောဆိုနေကြ ပြီး တိုင်းပြည်တွင် စီးပွားရေးဖက်ဆစ်စနစ် ထူထောင်ရန် ကြိုးပမ်း နေကြသည်။ သူတို့သည် တကယ့် ဖြစ်ရပ်တို့ကို မကြည့်မမြင်ဘဲ တိုင်းပြည်၏အများဆန္ဒကို ပြောင်ပြောင် တင်းတင်း ဆန့်ကျင်နေရကြ သည်။ ကမ္ဘာအနှံ့အပြားတွင် ကျွန်တော်တို့အကြောင်း ပုတ်ခတ် နေကြသည်။ စဉ်းစား၍ ရသမျှသော နည်းလမ်းတို့ဖြင့် ကျွန်တော်တို့အင်အားကို ဖြိုခွင်းနေကြသည်။ ကျွန်တော်တို့ကို အသေးအဖွဲ ရန်စမှုများ ကို အကြိမ်ပေါင်းများစွာ ပြုလုပ်နေကြသည်။ ကျွန်တော်တို့ကား ရန်ဖက် ပြိုင်လိမ့်မည်မဟုတ်။ ကျွန် တော်တို့သာ အဆုံးကလျှင် နိုင်ရမည်ကို ကျွန်တော်တို့သိသည်။

ကျွန်တော်တို့အင်အားကို ကျွန်တော် တို့သိသည်။ ကျွန်တော်တို့ကို ဆွပေးနေစရာမလို။ ကျွန်တော်တို့သည် ကျွန်တော်တို့၏အချိန်ဇယားအ တိုင်း ပြည်သူလူထုအား အလိုအပ်သော ဆုံးရှုံးနစ်နာမှုများမဖြစ်စေရဘဲ လွတ်လပ်ရေးဆီကို ချီတက် မည်။ ကျွန်တော်တို့စဉ်းစားနေသော ပြဿနာမှာ ဤပြဿနာများ ပင်ဖြစ်သည်။ ဘုရင်ခံက အမှန်တရား ကို ရှောင်တိမ်း၍ ပရိယာယ်ကြွယ်ဝလိုက ကြွယ်ပါစေ။ နိုင်ငံရေး ပြောက်ကျား နည်းပရိယာယ်နှင့် စီးပွား ရေးဖက်ဆစ်စနစ် မဟာသေနင်္ဂဗျူဟာကို ကျင့်သုံးလိုပါက ကျင့်သုံး ပါစေ၊ ကျွန်တော်တို့မှာ မတုန်လှုပ်။ သူ၏နိုင်ငံရေးပြောက်ကျားနည်း ပရိယာယ်မှာ ကျဆုံးရမည် သာဖြစ်သည်။ ပြောက်ကျားနည်း အောင် မြင်ရန်မှာ ပြည်သူလူထု၏ ထောက်ခံမှုသာဖြစ်၍ သူကား ပြည်သူ့ ထောက်ခံမှုကို ရလည်းမရ၊ ရလည်း မရနိုင်။

သို့ဖြစ်လျှင် ကျွန်တော်တို့လုပ်ငန်းစဉ်မှာ အဘယ်နည်း။ ယင်းလုပ်ငန်းစဉ်တို့ကို မည်သို့အကောင်အ ထည်ဖော်မည်နည်း။ ကျွန်တော်တို့ ရည်မှန်းချက်မှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဖြစ်၍ ဤရည်မှန်းချက်အောင် မြင်ရေး အတွက် ဗြိတိသျှအစိုးရထံ ကျွန်တော်တို့တောင်းဆိုထားချက်မှာ အရွယ်ရောက်သူတိုင်း မဲပေး သော ရွေးကောက်ပွဲဖြင့် တိုင်းပြည်ပြုလွှတ်တော်ဖွဲ့စည်းရေးဖြစ်ကြောင်း အားလုံးသိကြပြီး ကြားဖြတ် ကာလ အတွင်း အမျိုးသားအစိုးရဖွဲ့၍ ဤအမျိုးသားအစိုးရက ဗမာပြည်သူလူထုလက်ထဲသို့ အာဏာလွှဲ ပြောင်းပေးရေး အတွက် လိုအပ်သည်ဟု ယူဆသော အစီအမံအားလုံးကို ဗြိတိသျှအစိုးရနှင့်ဆက်သွယ် ဆောင်ရွက် နိုင်သော အာဏာရှိစေရန်ဖြစ်သည်။

သို့သော် ဗြိတိသျှအစိုးရကမူ ကျွန်တော်တို့ကို အကန့် အသတ်မရှိသော ကာလအဆုံး၌ ဒိုမီနီယံအဆင့်အတန်းဖြစ်သောသူတို့၏ လောကနိဗ္ဗာန်ပေးပါမည်ဟု ဝိုးတိုးဝါးတား ကတိပေးထားသော စက္ကူဖြူ စာတမ်းကိုသာပေးခဲ့သည်။ ယခု ကျွန်တော်တို့တောင်းဆို ချက်တို့ကို ဗြိတိသျှ အစိုးရက မလိုက်လျောပါက ကျွန်တော်တို့ ဘာလုပ်ကြမလဲဟု မေးစရာရှိလာသည်။ ရွေးကောက်ပွဲ ကျင်းပမပေးလျှင် ဘာလုပ်ကြမလဲ။ ဗြိတိသျှအစိုးရက ဆန္ဒသာရှိခဲ့ပါလျှင် ရွေးကောက်ပွဲ ကို ဆောလျင်စွာ ပြုလုပ် မပေးနိုင်စရာ အကြောင်းမရှိ။ လိုအပ်သော ပြင်ဆင်မှုတို့ကို ခြောက်လအတွင်း အပြီးလုပ်နိုင်သည်။ မပြီးနိုင်ဟု ဗြိတိသျှအစိုးရက ဆိုလာပါက သက်သက်မဲ့ ဆင်ခြင်ပေးနေခြင်းသာ ဖြစ်လိမ့်မည်။

ရွေးကောက်ပဲါအတွက် ပြင်ဆင်စရာဘာမှမလိုပါ။ မဲဆန္ဒရှင်စာရင်းသာလျှင် ပြုလုပ်ရန်လို ပါသည်။ ရွေးကောက်ပွဲလုပ်နိုင်ရန်အတွက် လုံလောက်သော လမ်းပန်းဆက်သွယ်မှုလည်းရှိနေပါသည်။ ယခင်အခါ များက လမ်းပန်းဆက်သွယ်မှု အခြေအနေ ယခုထက်ဆိုးဝါးနေသည့်အကြားမှ ရွေးကောက် ပွဲများ ပြုလုပ်ခဲ့ဖူး ပါသည်။ မဲဆန္ဒပေးပိုင်ခွင့်ရှိသူ စာရင်းကိုလည်း လွယ်ကူစွာပင်လုပ်နိုင်ပါသည်။ ဤ ကိစ္စ အကြောင်း လည်း ကျွန်တော်တို့ကို ပြောခဲ့ဖူးပါပြီ။ ဤကွန်ဂရက်တွင်လည်း ထပ်မံတင်ပြပါဦးမည်။ ကျွန်တော် တို့ ထပ်ပြောရန်မလိုပါ။ အခြားသူများပြောပြီးခဲ့ပါပြီ။ မဲဆန္ဒရှင်စာရင်းကို ခြောက်လအတွင်း အပြီး လုပ်နိုင်ပါသည်။ ယခင်အခါများကလည်းကောင်း၊ အခြားဒေသတို့တွင်လည်းကောင်း ဖြစ်အောင် လုပ်ခဲ့ကြပါပြီ။ အခြားဘာပြင်ဆင်ရန်လိုပါသလဲ။ တရားမျှတလွတ်လပ်သော ရွေးကောက်ပွဲကျင်းပနိုင် မည့် အခြေအနေ များ ဖန်တီးပေးရန်လိုပါသည်။ ကျွန်တော်တို့ သဘောတူပါသည်။

ကျွန်တော်တို့က တော့ ကဖျက်ယဖျက်လုပ်မည်မဟုတ်ပါ။ "တိုင်းပြည်မှာ ငြိမ်းချမ်းမှုရှိရမည်" မှန်ပါသည်။ ကျွန်တော်တို့ တိုင်းပြည်တွင် ယခင်ကလည်း ရှိခဲ့သော၊ ယခုလည်းရှိနေသော ဗြိတိန်ပြည်အပါအဝင် အခြားတိုင်းပြည် တို့တွင်လည်းရှိနေသော ဓားပြမှု အနည်းအကျဉ်းမှအပ ငြိမ်းချမ်းမှုရှိသည်ဟု ကျွန်တော်ဆိုချင်ပါသည်။ အရှေ့တိုင်းတွင် ကျွန်တော်တို့နိုင်ငံသည် ငြိမ်းချမ်းမှုအရှိဆုံးပင်ဖြစ်သည်။ ဤသို့ရှိပါလျက်နှင့် ရွေး ကောက်ပွဲ ကျင်းပမပေးလျှင်ကော၊ ထိုအခါ သမိုင်းဖြစ်စဉ်၏ယုတ္တိတရားက ကျွန်တော် တို့ အတွက် ဆုံး ဖြတ်ပေးလိမ့်မည်။ ကျွန်တော်တို့ပြည်သူအကူအညီနှင့် ကျွန်တော်တို့ပြည်ကို ပြန်လည်ထူထောင်ပါ မည်။

ဤကွန်ဂရက် တွင် လုပ်ငန်းစဉ်အကြမ်းတစ်ခု ကျွန်တော်တို့တင်ပြပါမည်။ ဤလုပ်ငန်းစဉ်အ ကြောင်း ကျွန်တော် မပြောလိုတော့ပါ။ အနည်းငယ်သာပြောလိုပါသည်။ လုပ်ငန်းစဉ်မှာ အတော်အတန် ပြည့်စုံ သော လုပ်ငန်းစဉ်ဖြစ်သော်လည်း ဤလုပ်ငန်းစဉ်အတွက် ကျွန်တော်တို့ ပထမပိုင်းတွင် ရည်မှန်း ချက်အလွန်အကျွံထား၍ မဖြစ်။ ကျွန်တော်တို့သည် သင့်တင့်သောနေရာမှ အစပြု၍ တစ်ဖြည်းဖြည်း ဖွံ့ ဖြိုးကျယ် ပြန့်လာစေရမည်။ ကျွန်တော်တို့လုပ်ငန်းကို သူ့အစီအစဉ်နှင့်သူ လုပ်၍ သက်သာချောင်ချိရေး၊ ထောက်ပံ့ရေး၊ သယ်ယူပို့ဆောင်ရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ငြိမ်ဝပ်ပိပြားရေး၊ ပညာရေး၊ အိုးအိမ် ပြန်လည် ထူထောင်ရေး၊ ပြည်သူ့ကျန်းမာရေးတို့မှစ၍ တစ်စတစ်စ တိုးတက်ဆောင်ရွက်သွားရမည်။ ကျွန်တော် တို့ အောင်မြင်မှုအတွက် လိုအပ်သောအခါတိုင်းနှင့် ဖြစ်နိုင်သောအခါတိုင်းတွင် ပူးပေါင်း ဆောင်ရွက်ရေး ဆိုသော အခြေခံမူကို ကျင့်သုံးကြရမည်။

ကျွန်တော်တို့ရွေးကောက်ပွဲတော့ ကျင်းပပေးပြီး တိုင်းပြည်ပြု လွှတ်တော်ဖွဲ့မပေးလျှင် ဘယ်လိုလဲ၊ ကျွန်တော့် အမြင်မှာ တိုင်းပြည်ပြုလွှတ်တော်မှာ မိုးပေါ်မှကျလာမည်မဟုတ်။ ဖြစ်ရပ်ဖြစ်စဉ်တို့အရ ပေါ် ထွက်ရမည် သာဖြစ်သည်။ သို့ဖြစ်၍ ရွေးကောက်ပွဲကျင်းပပေးလျှင် ပြည်သူတို့၏အကူအညီဖြင့် ရွေး ကောက်ပွဲ တွင် အနိုင်ရအောင်လုပ်ပြီး ဗြိတိသျှအစိုးရအား ကျွန်တော်တို့လိုလားချက်များကို ပေးရန်၊ မပေးက မပေးသည့်အလျောက် ဖြစ်ပေါ်လာမည့်ဂီတသံကို နာခံရန် အကြပ်ကိုင်ရမည်။

ကျွန်တော်တို့ ပြည်သူတို့၏ကံကြမ္မာကို ဖန်တီးနိုင်မည့် တရားဝင်ဆောင်ရွက်နိုင်သော အခွင့်အရေး များ မရရှိပါလျှင် ကျွန်တော်တို့ဘာသာ ကျွန်တော်တို့အာဏာရရှိရေး၊ လွတ်လပ်ရေးအတွက် ပြန်လည် ထူထောင်သွား မည်။ ဤသို့ဆိုခြင်းအားဖြင့် အချို့လိုလားနေကြသည့် စင်ပြိုင်အစိုးရထူထောင်ရေးဟူသော တိုးတက်မှု မရှိသည့် သဘောတရားကို ကျင့်သုံးမည်ဟု ဆိုလိုခြင်းမဟုတ်။ ဤနည်းမှာ အနုမြူဗုံးထက် အင်အား ကြီးမားသော တစ်ခဲနက်သော ပြည်သူ့သေနင်္ဂဗျူဟာနှင့် နည်းပရိယာယ်ဖြစ်သည်။ ကျွန်တော်တို့ ပြည်သူလူထုသည် သူတို့၏တည်ဆောက်နိုင်မှု စွမ်းအားနှင့် သမိုင်းတွင်ပါဝင်ရမည့် အခန်းကို ကောင်း စွာသဘောပေါက်စွာနှင့် စုစည်းစည်းရုံးမိပြီဆိုလျှင် ဤပြည်သူတို့၏ထိုးစစ်ကို မည်မျှကြီးမားသော အသက်မရှိသည့် ရုပ်ဝတ္ထုအင်အားကမှ ခုခံနိုင်စွမ်းရှိတော့မည်မဟုတ်။

(၄)
ဤကိစ္စနှင့်တစ်ဆက်တည်း နိုင်ငံတွင်းရှိ ပြည်သူအားလုံးကို ကျွန်တော်တို့ အမျိုးသားပန်းတိုင်အရောက် ချီတက်ရေးအတွက် စုစည်းစည်းရုံးရမည့် တာဝန်အကြောင်းပြောရန် လိုအပ်လာပါသည်။ ပထမဆုံး ဆောင်ရွက်ရမည့်ကိစ္စကား အမျိုးသားညီညွတ်ရေးပင်ဖြစ်သည်။ ယနေ့ အမျိုးသားညီညွတ်ရေးကို သရုပ်ဆောင်သည့် (ဖဆပလ)အဖွဲ့ကြီးရှိပြီ။ ဤအဖွဲ့ကြီးကို ကျွန်တော်တို့ပိုမိုသိပ်သည်း ဖွံ့ဖြိုးအောင်၊ စနစ်တကျဖြစ်အောင် ဆောင်ရွက်ရမည်။ အဖွဲ့ကြီးအား ဖွဲ့စည်းအုပ်ချုပ်မည့် ပုံသဏ္ဍာန်နှင့် ပိုမိုကောင်း မွန်တိုးတက်စေမည့် အစီအစဉ်တို့ကို ကျွန်တော်တို့အကြံပေးတင်ပြခဲ့ပြီ။ သို့သော် ဤနေရာ၌ အမျိုး သားညီညွတ်ရေးဆိုသည်မှာ ဘာဖြစ်သည်၊ ဘယ်လိုပုံသဏ္ဍာန်ရှိရမည်ဆိုသည့်အကြောင်းကို ဆွေးနွေး လိုပါသည်။ အမျိုးသားညီညွတ်ရေးဆိုသည်မှာ ထိပ်ပိုင်းညီညွတ်ရေးကိုသာ ဆိုလိုခြင်းမဟုတ်။ လူမျိုးမ ရွေး၊ ဘာသာမရွေး၊ ကျားမမရွေး၊ ဂိုဏ်းဂဏပါတီမရွေး၊ အမျိုးသားတာဝန်နှင့် အမျိုးသားရည်မှန်းချက် များအတွက် အပြောနှင့်သာမဟုတ်။ အလုပ်တွင်ပါ ညီညွှတ်သော ညီညွတ်ရေးကို ဆိုလိုခြင်းဖြစ်သည်။

ညီညွတ်ရေးပုံသဏ္ဍာန်နှင့်ပတ်သက်၍ကား ပါတီအားလုံးသည် မိမိတို့၏ပါတီတို့ကို အမျိုးသားအဖွဲ့ကြီး နှင့် လုံးဝပူးပေါင်းပစ်ရမည်ဟူသော အယူအဆမျိုးလည်းရှိသည်။ ဤအယူအဆမျိုးရှိသူများ၏ ပါတီများ တည်ရှိနေက အမျိုးသားလှုပ်ရှားမှုကြီး၏အင်အားလျော့ပါးစရာရှိသည်ဟု တကယ်ပင်စိုးရိမ်နေကြ သည်။ သို့သော် ကျွန်တော်တို့ ဤပြဿနာကို လက်တွေ့ပြဿနာအဖြစ် ချဉ်းကပ်ရန်လိုသည်။ ပါတီ ဆိုသည်မှာ ကျွန်တော်နားလည်ထားသလို လောလောဆယ်ပြဿနာများနှင့်ပတ်သက်၍ အယူအဆတူ ကြသူ အလုပ်သမားဖြစ်စေ၊ လယ်သမားဖြစ်စေ၊ အခြားလူတန်းစားဖြစ်စေတို့၏ တိကျသော အကျိုးစီး ပွားကို ကိုယ်စားပြုကြသူတို့၏ပေါင်းစည်းထားရာဖြစ်သည်ဆိုပါမူ ဤပါတီများကို ဖျက်သိမ်းလိုက်သည် ဆိုစေကာမူ လက်တွေ့တွကင် ဆက်လက်တည်ရှိနေမည်သာ ဖြစ်လေသည်။

အရေးကြီးသည့် အချက် မှာ သူတို့တည်ရှိသင့် မတည်ရှိသင့်ဆိုသော အချက်မဟုတ်ဘဲ သူတို့က အမျိုးသားအကျိုးစီးပွားနှင့် ဆန့်ကျင်သည့် ပါတီရေးလုပ်ငန်းများ မပြုလုပ်ကြရေးသာဖြစ်သည်။ အမျိုးသား ပြဿာနာ တိုင်းတွင် သူတို့သည် ဂိုဏ်းဂဏစိတ်ကင်းရှင်းစွာဖြင့် အတူတကွ တညီတညွတ်တည်း လုပ်ကိုင်ဆောင်ရွက်ကြဖို့ လိုသည်။ ပါတီအနေနှင့် သူတို့၏ လုပ်ရမည့်လုပ်ငန်းမှာ ယခုကွန်ဖရင့်ကဲ့သို့သော အမျိုးသားအဖွဲ့အ စည်းကြီး၏ကိုယ်စားလှယ်များအား သူတို့အတွေးအခေါ်ကို လက်ခံလာအောင် ကြိုးပမ်းရေးသာဖြစ် လေသည်။ တစ်နည်းအားဖြင့်ဆိုသော် သူတို့အခန်းမှာ ပညာပေးရေးအခန်းသာဖြစ်၍ ပါတီလုပ်ငန်း ဆောင်ရွက်ရေး အခန်းမဖြစ်စေရ။

ဤသို့သာ ဖြစ်ပါလျှင် ပါတီများတည်ရှိနေ၍ ကျွန်တော်တို့အဖွဲ့အ စည်းကြီး အင်အားနည်းသွားလိမ့်မည် မဟုတ်။ ဤနည်းအားဖြင့် ပိုမို၍မြင့်မားသော ညီညွတ်ရေး ပုံ သဏ္ဍာန်တစ်ခုအဖြစ် တစ်ခဲနက် ဖွံ့ဖြိုး တိုးတက် နိုင်စေလိမ့်မည်။ ဤသည်သာလျှင် ကျွန်တော်တို့၏ အခြေခံလုပ်ငန်းတစ်ခုဖြစ်သည်။

ထို့နောက် ကျွန်တော်တို့ဝါဒဖြန့်ချီရေး၊ စည်းရုံးရေး၊ ပြန်လည်ထူထောင်ရေးတို့နှင့်ပတ်သက်သော မြောက်မြားစွာသော ပြဿနာများကို ကိုင်တွယ်ရမည်။ ဤကိစ္စများကို ဆောင်ရွက်နိုင်ရန်အတွက် တိုင်း ပြည် အတွက် တာဝန်ယူလိုစိတ်ရှိသောသူ၊ တာဝန်ယူရန် အရည်အချင်းရှိသောသူ၊ စီမံတတ်သူ၊ လုပ် ငန်း အကောင်အထည်ဖော်တတ်သူ၊ လုပ်ငန်းအကောင်အထည်ဖော်မည့် သူများအား လေ့ကျင့်ပေးနိုင် သူများ ကျွန်တော်တို့ လိုလားသည်။ တစ်နည်းအားဖြင့်ဆိုသော် ကျွန်တော်တို့မှာ နိုင်ငံရေးနှင့် စီးပွားရေး တာဝန် များ စီမံကိန်းချရေး၊ ညွှန်ကြားရေး၊ လုပ်ငန်းအကောင်အထည်ဖော်ရေးအတွက် ကောင်းစွာ တည်ဆောက်ထားသော ဗဟိုဌာနချုပ်တစ်ခုရှိရမည်။

ဤကိစ္စအတွက် အရည်အချင်းပြည့်စုံသော ပြည် သူများအနက်မှ မိမိတို့၏လုပ်အားကို တိုင်းပြည်လက်သို့ အပ်လိုသော စေတနာ့ဝန်ထမ်းများ အများအ ပြားလိုသည်။ သို့ဖြစ်၍ ယခု ကျွန်တော်က စိတ်ဆန္ဒရှိသူများသည် ကျွန်တော်တို့အဖွဲ့ကြီးတွင် လာ ရောက်တာဝန်ယူကြပါရန်၊ ၎င်းတို့၏ အမည်စာရင်းပေးသွင်းကြပါရန်၊ ကျွန်တော်တို့လုပ်ငန်းဆောင်ရွက် ရာတွင် ဘယ်လိုကူညီသည်၊ ဘယ်လောက် ကူညီနိုင်သည်ကို ပြောကြပါရန် ဖိတ်ခေါ်လိုက်ပါသည်။ သူတို့၏ဆောင်ရွက်မှုတို့ကို ကျေးဇူး တင်စွာဖြင့် လက်ခံပြီး တိုင်းပြည်အနေနှင့် ထာဝစဉ်သတိရနေလိမ့် မည်သာ ဖြစ်သည်။

သို့သော် ဤမျှနှင့်မရသေး။ ဤဗဟိုဌာနချုပ်ကြီးတွင် ဝါဒဖြန့်ချိရေးလုပ်ငန်း၊ စည်းရုံးရေးလုပ်ငန်းနှင့် အခြားလုပ်ငန်းများလုပ်ရန်အတွက် ခေတ်မီကိရိယာတန်ဆာပလာနှင့် နည်းစနစ်များ လိုသေးသည်။ သို့ ဖြစ်၍ ကျွန်တော်တို့အဖို့ နောက်ဆုံးနှင့် အရေးအကြီးဆုံးသောပြဿနာ၊ ရန်ပုံငွေဆိုသော ပြဿနာသို့ ရောက်လာသည်။ ကျွန်တော်တို့မှာ ရန်ပုံငွေတောင်တင်းစွှာိရမည်။ ကျွန်တော်တို့မှာ ကိုယ့်ကိုယ်ကိုယ် ထောက်ပံ့ လာနိုင်လောက်မည့် ရန်ပုံငွေကိုရနိုင်မည့် နည်းလမ်းများကို ရှာရမည်ကတော့ အမှန်ပင်ဖြစ် သည်။ သို့သော် ရှေးဦးစွာ ဤအဖွဲ့ကြီးကို ရန်ပုံငွေထောက်ပံ့ရန်မှာ ပြည်သူတို့တာဝန်ဖြစ်သည်။ ဤအ ဖွဲ့ကြီး မှာ အမှန်အားဖြင့် ပြည်သူတို့အဖွဲ့ကြီးသာဖြစ်သည်။

ဤသည်တို့မှာ ကျွန်တော်တို့ ရင်ဆိုင်နေကြရသော တာဝန်များဖြစ်သည်။ သို့ဖြစ်၍ ဤတာဝန်များကို အောင်မြင်အောင် ဆောင်ရွက်ကြစို့ဟု ယခု ဖိတ်ခေါ်လိုက်သည်။ ကျွန်တော်တို့ ကံကြမ္မာကို ကျွန်တော် တို့ဘာသာ ဖန်တီးနိုင်စွမ်း၊ ဖျက်ဆီးနိုင်စွမ်းရှိသည်။ အဓိကအားဖြင့် ကိုယ်၏တည်ဆောက်မှုစွမ်းအားကို ကိုယ်သံသယမဖြစ်ကြနှင့်။ ဤစွမ်းအားမှာ တောင်များကိုလည်းကောင်း၊ မိုးကောင်းကင်ကိုလည်း ကောင်း ရွှေ့ပြောင်းနိုင်စွမ်းရှိသည်။ ကိုယ့်အင်အားကိုကိုယ်သိ၍ ၎င်းအင်အားဖြင့်သမိုင်း၏ဘီးတို့ကို စ နစ်တကျ လည်ပတ်လေအောင် ခိုင်မြဲစွာဆက်စပ်ပေးပြီးသော ကျွန်တော်တို့ပြည်သူတို့၏ ညီညွတ်သော ဆန္ဒနှင့် ဉာဏ်ပညာ တို့ကို မည်သည့်မိုးမြေက ခုခံတားဆီးနိုင်စွမ်းရှိပါမည်နည်း။ ကျွန်တော်တို့မှာ စနစ် ကျသော တိုးတက်မှု အတွက် ဆောင်ရွက်နေကြပြီဖြစ်သည်။ ပြည်သူလူထု၏စိတ်ရောကိုယ်ပါ ပူးပေါင်း ဆောင်ရွက်မှု ဖြင့် ကျွန်တော်တို့၏လွတ်လပ်ရေးကို ငြိမ်းချမ်းစွာနှင့်ဆောလျင်စွာရယူမည်ဖြစ်သည်။

ဆက်ရန်

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...