Friday, October 4, 2013

ပုဂ္ဂလိကပိုင် မြေများပေါ်တွင် ယခင်စည်ပင်မှ အကောင်အထည် ဖော်ခဲ့သည့် တဲပေါ်မှ တိုက်ပေါ်တင် အိမ်ရာစီမံကိန်း ရှစ်ခုရှိပြီး လက်ရှိလုပ်ပေးနိုင်ခြင်း မရှိတော့ကြောင်း သိရ

Created on Friday, 04 October 2013


ဒဂုံဆိပ်ကမ်း မြို့နယ်တွင် တည်ဆောက်နေသည့် ဧရာဝဏ် စီမံကိန်းကို တွေ့ရစဉ်

ရန်ကုန်မြို့ရှိ ပုဂ္ဂလိကပိုင် မြေများပေါ်တွင် ယခင်ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက အကောင်အထည် ဖော်ခဲ့သည့် တဲပေါ်မှ တိုက်ပေါ်တင် အိမ်ရာစီမံကိန်း ရှစ်ခုရှိခဲ့ပြီး လက်ရှိအခြေအနေတွင်မူ အဆိုပါ စီမံကိန်းများ လုပ်ပေးနိုင်ခြင်း မရှိတော့ကြောင်း အောက်တိုဘာ ၁ ရက်တွင် ပြုလုပ်သည့် ပထမအကြိမ် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးတွင် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောကြားသည်။

ဒေါပုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းစိန်၏ ''မြို့ပြဖွံ့ဖြိုးရေးကို မျှော်မှန်းပြီး ဒေသလူနေမှု အဆင့်အတန်း မြင့်မားရေးအတွက် တဲပေါ်မှ တိုက်ပေါ်တင်စနစ် အောင်မြင်ချောမွေ့ စေရေးအတွက် မြို့တော် စည်ပင်သာယာရေး အဖွဲ့အနေဖြင့် ကြီးကြပ်ရန် အစီအမံများ မည်သို့ချမှတ် ထားသည်ကို သိလိုကြောင်း ''မေးမြန်းမှုအပေါ် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြန်လည် ဖြေကြားရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

၂၀၁၂ ခုနှစ် ဇွန် ၁၉ ရက်တွင် နိုင်ငံတော်သမ္မတရုံး အစည်းအဝေး ခန်းမတွင် ကျင်းပသော စီမံကိန်း ကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော် သမ္မတ၏ မိန့်ခွန်းတွင် မြို့ပြဖွံ့ဖြိုး တိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံသူနှင့် ဒေသခံပြည်သူ နှစ်ဦးနှစ်ဖက် သဘောတူညီမှုယူပြီး တဲပေါ်မှ တိုက်ပေါ်သို့တင်သည့် စနစ်ကို ပြောင်းလဲကျင့်သုံးရန် လမ်းညွှန်ခဲ့ကြောင်း၊ ဒေါပုံမြို့နယ်အတွင်း ရပ်ကွက် ၁၇ ရပ်ကွက် ရှိသည့်အနက် ခုနစ်ခုတွင် ယင်းသို့ ဖော်ဆောင်နေသည်ကို တွေ့ရကြောင်း၊ နှစ် ၆၀ ဂရန်မြေကွက်ပေါ်တွင် ပိုင်ရှင်နှင့် ကန်ထရိုက် သဘောတူညီပြီး အဆောက်အအုံ ဆောက်ကာ အခန်းပေး အခန်းယူစနစ်ဖြင့် မျှဝေယူကြကြောင်း၊ ယင်းစနစ် အဆင်ပြေပြီး ပြဿနာ မပေါ်ပေါက်ရေးအတွက် စည်ပင်သာယာရေး အဖွဲ့၏ အခန်းကဏ္ဍသည်လည်း ပိုမို တာဝန်ရှိလာပြီ ဖြစ်ကြောင်းနှင့် မျက်ခြည်မပြတ် ကြီးကြပ်မှုလည်း လိုအပ်လာကြောင်း၊ ပြည်သူ့ အကျိုးစီးပွား ပါဝင်နေသည့် အတွက် စည်ပင်သာယာရေး အဖွဲ့အနေဖြင့် ပြည်သူလူထုကို ဥပဒေနဲ့ အကာကွယ်ပေးရန်နှင့် နည်းစနစ်ပိုင်းဆိုင်ရာ များကိုလည်း တိကျစွာ ကြီးကြပ်လုပ်ဆောင် သင့်ကြောင်း ဒေါပုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းစိန်က ပြောကြားသည်။

တဲပေါ်မှ တိုက်ပေါ်တင်နိုင်ရေး အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အနေဖြင့် စီမံကိန်းများ လုပ်ခဲ့ပြီး ဖြစ်ပြီး ယင်းစီမံကိန်းများမှာ လှိုင်မြို့နယ် (လှိုင်ရတနာ အဆင့်မြင့်အိမ်ရာ စီမံကိန်း) နှင့် (လှိုင်မြင့်မိုရ်အိမ်ရာ စီမံကိန်း)၊ ကမာရွတ်မြို့နယ် (မြကန်သာ အိမ်ရာစီမံကိန်း)၊ ဗဟန်းမြို့နယ် (ရွှေဂုံရိပ်မွန် အိမ်ရာစီမံကိန်း)၊ ကြည့်မြင်တိုင်မြို့နယ် (ပန်းလှိုင် အိမ်ရာစီမံကိန်း)၊ ကမာရွတ်မြို့နယ် (ပြည်ရိပ်မွန် အိမ်ရာစီမံကိန်း)၊ သာကေတမြို့နယ် (ရှုခင်းသာ အိမ်ရာစီမံကိန်း)၊ ဒေါပုံမြို့နယ် (ယမုံနာ အိမ်ရာစီမံကိန်း) တို့ ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကော်မတီပိုင် မြေကွက်များပေါ်တွင် တန်ဖိုးမျှတအိမ်ရာ စီမံကိန်းများ ဆောက်လုပ်နေကြောင်း မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးမှုဦးစီးဌာနမှ သိရသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...