Monday, November 4, 2013
ဝက်မွေးမြူရေးခြံ တစ်ခုမှ ၀က်အား ရောဂါရှိ၊ မရှိ သွေးဖောက်စစ်ဆေး နေစဉ်
ဝက်မွေးမြူရေး လုပ်ငန်းအများစုမှာ အကျိုးအမြတ် နည်းပါးနေသည့်အပြင် လက်ရှိတွင် ပုံမှန်မဟုတ်သည့် ၀က်သေဆုံးမှုများကြောင့် လူမှုစီးပွားရေးအပေါ် များစွာသက်ရောက်မှု ရှိနေကြောင်း သုတေသန စာတမ်းအရ သိရသည်။
အဆိုပါ စစ်ဆေးတွေ့ရှိချက်ကို ၂၀၁၃ ခုနှစ် မတ်မှသြဂုတ်အတွင်း မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၊ ရောဂါပျံ့နှံ့မှု လေ့လာရေး ဘာသာရပ်တွင် သုတေသန ပြုလုပ်ခဲ့သူ ဒေါက်တာတုတုဇော်ဝင်း ပြုလုပ်ခဲ့သည့် သုတေသန စာတမ်းတွင် ဖော်ပြချက်အရ သိရသည်။
အဆိုပါ စာတမ်းတွင် ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ တစ်ပိုင်တစ်နိုင် ၀က်မွေးမြူရေး ခြံများ၏ ၀က်မွေးမြူမှုပုံစံ၊ စီးပွားရေး အခြေအနေ၊ ရောဂါဖြစ်ပွားမှု အခြေအနေ၊ ရောဂါဖြစ်ပွားစေသည့် အကြောင်းအချက်များကို လေ့လာသုံးသပ်ပြီး မြန်မာနိုင်ငံတွင် ၀က်နားရွက်ပြာရောဂါ ဖြစ်ပွားမှုကို ကာကွယ်တားဆီးနိုင်သည့် နည်းဗျူဟာများကို ဖော်ထုတ်အကြံပေးနိုင်ရန် ရည်ရွယ်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"ပြည်တွင်းရဲ့ ၀က်မွေးမြူရေး လုပ်ငန်းတွေရဲ့ ၉၀ ရာခိုင်နှုန်းက တစ်နိုင်တစ်ပိုင် မွေးမြူရေး လုပ်တဲ့သူတွေ ဖြစ်တယ်။ တစ်နိုင်တစ်ပိုင် ဆိုတာက ၀က်ကောင်ရေ ၂၀ အောက် မွေးမြူတဲ့သူတွေကို ပြောတာပါ။ သူတို့ရဲ့ စီးပွားရေး အခြေအနေကို လေ့လာကြည့်တဲ့အခါ အများစုက ၀က်တွေကို ငွေလုံးငွေရင်း ပျောက်မသွားအောင် မွေးတဲ့သဘောပဲ ရှိတယ်။ အားလုံးကို ခြုံကြည့်လိုက်ရင် ၀က်တွေကို ကျွေးမွေးရတဲ့အစာ၊ ကိုယ့်လုပ်အားခ၊ အချိန် စတာတွေကို ထည့်မတွက်တဲ့အတွက် သူတို့ဘက်ကကြည့်ရင် တွက်ခြေကိုက်တယ်လို့ ထင်နေကြတယ်။ တကယ်တမ်းက ၀က်ရောင်းလိုက်လို့ရတဲ့ ငွေကြေးကို အသေးစိတ် တွက်ကြည့်လိုက်ရင် သူတို့ရင်းခဲ့ရတာထက် အရှုံးပေါ်နေတာကို တွေ့ခဲ့ရတယ်။ ဒီလိုမျိုး ရှုံးနေတဲ့ကြားက ပုံမှန်မဟုတ်တဲ့ ၀က်သေဆုံးမှုတွေ၊ ၀က်မှာဖြစ်တတ်တဲ့ ရောဂါတွေပါ ပါလာရင် သူတို့ရဲ့ လူမှုစီးပွားရေးကို အများကြီး ၀န်ပိနေတယ် ဆိုတာကို တွေ့ခဲ့ရပါတယ်" ဟု မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန ရောဂါပျံ့နှံ့မှု လေ့လာရေး ဘာသာရပ်တွင် သုတေသန ပြုလုပ်ခဲ့သူ ဒေါက်တာတုတုဇော်ဝင်းက ပြောကြားသည်။
မြန်မာနိုင်ငံတွင် ၀က်မွေးမြူရေး လုပ်ငန်းများကို ရန်ကုန်၊ မန္တလေးတိုင်း ဒေသကြီးများအပြင် စစ်ကိုင်း၊ ပဲခူးနှင့် ဧရာဝတီတိုင်း ဒေသကြီး၊ ချင်းပြည်နယ်များတွင် အများဆုံး မွေးမြူလေ့ရှိပြီး ၀က်နားရွက်ပြာရောဂါ ဖြစ်ပွားမှု မတိုင်မီက ရန်ကုန်တိုင်းဒေသကြီး တစ်ခုတည်းမှာပင် တစ်နေ့လျှင် ၀က်ကောင်ရေ ၆၀၀ ခန့် စားသုံးမှုရှိခဲ့ပြီး လက်ရှိတွင် စားသုံးမှုနှုန်း အနည်းငယ် ကျဆင်းနေကြောင်း သိရသည်။
ဝက်နားရွက်ပြာ ရောဂါသည် ရောဂါဖြစ်နေသည့် ၀က်သုတ်ပိုး (သို့) မစင်မှတစ်ဆင့် အခြားဝက်များသို့ ကူးစက်ပျံ့နှံ့လေ့ရှိခြင်း၊ ရောဂါဖြစ်နေသည့် ၀က်အားအသုံးပြုထားသည့် ပစ္စည်းများကို အခြားဝက်တွင် အသုံးပြုမိခြင်း၊ ဒေသတစ်ခုမှ တစ်ခုသို့ ရောင်းဝယ်ဖောက်ကားခြင်းကြောင့် ရောဂါကူးစက် ပျံ့နှံ့လေ့ရှိကြောင်း၊ ၀က်နားရွက်ပြာ ရောဂါသည် လူသို့တိုက်ရိုက် မကူးစက်နိုင်သော်လည်း ယင်းရောဂါ ကူးစက်ခံထားရသည့် ၀က်ကို စားသုံးမိပါက လူတွင်ဝမ်းရောဂါနှင့် ဆက်နွှယ်သည့် ရောဂါများ ဖြစ်ပွားစေနိုင်ကြောင်း သိရသည်။
EMG

0 comments:
Post a Comment