Monday, November 4, 2013

မီးပုံးပျံဖြင့် ခရီးစဉ် ပျံသန်းခြင်းအား ပုဂံဒေသအပြင် ယခုနှစ်မှစ၍ မန္တလေးနှင့် အင်းလေးဒေသများ၌ပါ ထပ်မံခွင့်ပြု

Monday, 04 November 2013


မီးပုံးပျံ ခရီးစဉ်တစ်ခု စတင်ရန် ပြင်ဆင်နေသည်ကို တွေ့ရစဉ်

မီးပုံးပျံဖြင့် ခရီးစဉ် ပျံသန်းခြင်းအား ပုဂံဒေသအပြင် ယခုနှစ်မှစ၍ မန္တလေးနှင့် အင်းလေးဒေသများ၌ပါ ထပ်မံခွင့်ပြုခဲ့ကြောင်း လေကြောင်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှု ဦးစီးဌာနမှ သတင်းရရှိသည်။

ပုဂံဒေသတွင် မီးပုံးပျံဖြင့် ခရီးစဉ် ပျံသန်းခြင်းအား ၁၉၉၉ ခုနှစ်မှ စတင်ကာ လက်ရှိအချိန်ထိ ရွှေလေတံခွန် ကုမ္ပဏီ တစ်ခုတည်းမှသာ လုပ်ကိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ယင်းကဲ့သို့ မီးပုံးပျံ ခရီးစဉ် ပျံသန်းရန် မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနသို့ လျှောက်ထားမှုများ ရှိလာသဖြင့် ဌာနအနေဖြင့် အင်းလေးနှင့် မန္တလေး ဒေသများကိုပါ ထပ်မံခွင့်ပြု ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ယခုနှစ် ပွင့်လင်းရာသီ ကာလမှ စတင်ကာ မီးပုံးပျံခရီးစဉ် ပျံသန်းရန် ခွင့်ပြုခဲ့သည့် ကုမ္ပဏီနှစ်ခုမှာ Myanmar Ballooning ကုမ္ပဏီနှင့် မြန်မာဖုန်ရင် ကုမ္ပဏီတို့ဖြစ်ကြောင်း သိရသည်။

ယင်းကုမ္ပဏီ နှစ်ခုနှင့် လက်ရှိမီးပုံးပျံ ခရီးစဉ် ပျံသန်းနေသည့် ရွှေလေတံခွန် ကုမ္ပဏီတို့သည် ပုဂံဒေသအပြင် မန္တလေးနှင့် အင်းလေးဒေသ များကိုပါ အခြေပြု၍ ခရီးစဉ် ပျံသန်းရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

ယင်းသို့ တောင်းဆိုခဲ့သော်လည်း မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ဘေးအန္တရာယ် ကင်းရှင်းစွာ ခရီးစဉ် ပျံသန်းနိုင်ရန် စစ်ဆေးစောင့်ကြည့်မှု ကာလအဖြစ် တစ်နှစ်သတ်မှတ်ခဲ့ပြီး ကုမ္ပဏီတစ်ခုအား ဒေသတစ်ခုတွင်သာ မီးပုံးပျံခရီးစဉ် ပျံသန်းရန် ခွင့်ပြုခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

"လက်ရှိ ပုဂံမှာ မီးပုံးပျံ ခရီးစဉ် ပျံသန်းနေတဲ့ ရွှေလေတံခွန် ကုမ္ပဏီရော အသစ်ထပ်မံ လျှောက်ထားတဲ့ ကုမ္ပဏီတွေကပါ နိုင်ငံခြားသား ခရီးသည် အများဆုံး လာရောက်တဲ့ ဒေသတွေဖြစ်တဲ့ ပုဂံ၊ မန္တလေးနဲ့ အင်းလေးဒေသတွေမှာ ပျံသန်းဖို့ တောင်းဆိုပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဌာန အနေနဲ့ ခရီးသည်တွေ ဘေးအန္တရာယ် ကင်းရှင်းစွာ ပျံသန်းနိုင်ဖို့ စောင့်ကြည့်ကာလတစ်နှစ် သတ်မှတ်ပြီး ဒေသတစ်ခုမှာ ကုမ္ပဏီတစ်ခုကို ပျံသန်းခွင့် ပြုခဲ့ပါတယ်။ ဒီကုမ္ပဏီတွေက စီစဉ်တဲ့ မီးပုံးပျံ ခရီးစဉ်တွေက ဘေးအန္တရယ် ကင်းကင်းနဲ့ ခရီးသည်တွေကို ၀န်ဆောင်မှု ပေးနိုင်မယ်ဆိုရင် လာမယ့်နှစ်ကစပြီး ဒေသသုံးခုစလုံးမှာ ခရီးစဉ် ပျံသန်းခွင့် ပြုသွားမှာပါ" ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းက နိုဝင်ဘာ ၂ ရက်နေ့တွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသို့ လာရောက်သော နိုင်ငံခြားသား ခရီးသွားများ အနေဖြင့် မီးပုံးပျံစီးနင်း၍ ဝေဟင်ရှုခင်း ကြည့်ရှုခြင်းကို စိတ်ဝင်စားမှု များပြားပြီး၊ လက်ရှိ ပုဂံဒေသတွင် မီးပုံးပျံခရီးစဉ် ပျံသန်းနေသည့် ရွှေလေတံခွန် ကုမ္ပဏီသည် မီးပုံးပျံ ခုနစ်လုံးဖြင့် ခရီးစဉ်များ ပျံသန်းနေခြင်းဖြစ်သည်။

မန္တလေးဒေသတွင် အခြေပြု၍ မီးပုံးပျံ ခရီးစဉ် ပျံသန်းမည့် Myanmar Ballooning ကုမ္ပဏီသည် မီးပုံးပျံ ခြောက်လုံးဖြင့် ခရီးစဉ်များ ပျံသန်းရန် မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်မှ ခွင့်ပြုချက် ရရှိပြီးဖြစ်ကာ ယခုလအတွင်း ခရီးစဉ် စတင်ပျံသန်းမည်ဟု သိရသည်။

အင်းလေးဒေသတွင် အခြေပြု ပျံသန်းမည့် မြန်မာဖုန်ရင် ကုမ္ပဏီမှာ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၏ ခွင့်ပြုချက် ရရှိပြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်သို့ တင်ပြထားကြောင်း သိရသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...