Wednesday, November 13, 2013

မုန်တိုင်းသင့် ဖိလစ်ပိုင်ကို ကူညီရန် အမေရိကန်နှင့် ဗြိတိန်တို့ စစ်သင်္ဘောများ စေလွှတ်

Wednesday, November 13, 2013



ဖိလစ်ပိုင်အရှေ့ပိုင်း လေတီကျွန်းစုရှိ တာလိုဘန်မြို့တွင် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိလာသော C-130 လေယာဉ်တစ်စင်း (၀ဲ) ကိုတွေ့ရစဉ် (Photo:AFP)

တိုင်ဖွန်းဟိုင်ရန် တိုက်ခတ်မှုကြောင့် လူ ၁၀၀၀၀ ကျော် သေဆုံးဖွယ်ရှိသည့် ဖိလစ်ပိုင်ကို အကူအညီပေးရန် အမေရိကန်နှင့် ဗြိတိန်တို့က နိုဝင်ဘာ ၁၂ ရက်တွင် စစ်သင်္ဘောများ စေလွှတ်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၈ ရက်က တိုက်ခတ်ခဲ့သည့် တိုင်ဖွန်းဟိုင်ရန်နှင့်အတူ အလွန်ပြင်းထန်သည့် လေပြင်းများ၊ ဆူနာမီကဲ့သို့ လှိုင်းလုံးကြီးများသည် ဖိလစ်ပိုင် ကမ်းရိုးတန်း မြို့အားလုံးနီးပါးကို ဖျက်ဆီးခဲ့ပြီး သမ္မတ ဘီနစ်နိုအကွီနိုကလည်း အရေးပေါ် အခြေအနေ ကြေညာခဲ့သည်။ "အဆိုးဆုံးကို ကျွန်တော်တို့ မျှော်လင့်ထားတယ်။ မုန်တိုင်းဒဏ်သင့် ဒေသတွေနဲ့ အဆက်အသွယ် ပိုရလေလေ၊ လူတွေပိုပြီးသေတာကို တွေ့ရှိလေလေ ဖြစ်နေတယ်" ဟု ကုလသမဂ္ဂ လူသားချင်း စာနာမှု အကူအညီပေးရေးဆိုင်ရာ ဒါရိုက်တာ ဂျွန်ဂျင်းက ပြောကြားခဲ့သည်။ လေတီပြည်နယ်၏ မြို့တော်တာကလိုဘန်သို့ ၁၆ ပေမြင့်သည့် လှိုင်းလုံးများ ရိုက်ခတ်ခဲ့ပြီး ယင်းမြို့တစ်မြို့တည်းတွင်ပင် လူ ၁၀၀၀၀ ၀န်းကျင် သေဆုံးဖွယ် ရှိသည်ဟု ကုလသမဂ္ဂက ထုတ်ပြန်ခဲ့သည်။ ဖိလစ်ပိုင် လူဦးရေ၏ ၁၀ ရာခိုင်နှုန်းဖြစ်သော လူဦးရေ ၁၀ သန်းခန့် မုန်တိုင်းဒဏ် ခံစားခဲ့ကြရပြီး လူပေါင်း ၆၆၀၀၀၀ ကျော် အိုးမဲအိမ်မဲ့ ဖြစ်မည်ဟု ကုလသမဂ္ဂက ခန့်မှန်းခဲ့သည်။

လက်ရှိတွင် ဟောင်ကောင်တွင် ရှိနေသည့် USS George Washington လေယာဉ်တင် သင်္ဘောနှင့် အခြားစစ်သင်္ဘော ငါးစင်းတို့သည် နိုဝင်ဘာ ၁၂ ရက်တွင် အာရှမဟာမိတ် ဖိလစ်ပိုင်ကို အကူအညီပေးရန် ထွက်ခွာမည်ဖြစ်ပြီး နှစ်ရက်၊ သုံးရက်အတွင်း ရောက်ရှိမည်ဟု ပင်တဂွန်က ထုတ်ပြန်ခဲ့သည်။ နိုဝင်ဘာ ၁၁ ရက်ကလည်း အမေရိကန် မရိန်းတပ်သား ၉၀ ကျော် ပါဝင်သော ကျွမ်းကျင်အဖွဲ့သည် တာကလိုဘန်မြို့သို့ အကူအညီပေးရန်အတွက် ရောက်ရှိခဲ့သည်။

ဗြိတိန်ကလည်း စင်ကာပူတွင် လက်ရှိတပ်ဖြန့်ထားသည့် စစ်သင်္ဘော တစ်စင်းကို အကူအညီ ပေးရေးအတွက် ဖိလစ်ပိုင်သို့ အမြန်ဆုံး စေလွှတ်မည်ဟု ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်က နိုဝင်ဘာ ၁၁ ရက်တွင် ကြေညာခဲ့သည်။ ကုလသမဂ္ဂက ဖိလစ်ပိုင်သို့ အရေးပေါ် ရန်ပုံငွေထဲမှ ဒေါ်လာ ၂၅ သန်း ထုတ်ပေးခဲ့သည်။ သြစတြေးလျက ကယ်ဆယ်ရေး လုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ၉ ဒသမ ၃၈ သန်းအထိ ကူညီမည်ဟု ကြေညာခဲ့သည်။ ဖိလစ်ပိုင်နှင့် နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေသော တရုတ်က ဒေါ်လာတစ်သိန်း ကူညီမည်ဟု နိုဝင်ဘာ ၁၁ ရက်တွင် ကြေညာခဲ့သည်။

Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...