Wednesday, November 13, 2013

အီရန် နျူကလီးယား အစီအစဉ်ကို စစ်ဆေးရန် အီရန်နှင့် IAEA တို့ သဘောတူ

Wednesday, November 13, 2013



IAEA အကြီးအကဲ ယူကီယာအာမာနို (ယာ) နှင့် အီရန်အဏုမြူစွမ်းအင်အဖွဲ့ အကြီးအကဲ ဆာလေဟီတို့ကို တီဟီရန်ရှိ သတင်းစာ ရှင်းလင်းပွဲတွင် နိုဝင်ဘာ ၁၁ ရက်က တွေ့ရစဉ် (Photo:AFP)

အီရန် အငြင်းပွား နျူကလီးယား အစီအစဉ်ကို စုံစမ်းစစ်ဆေးမည့် အစီအစဉ် တစ်ရပ်ကို အီရန်နှင့် ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) တို့အကြား နိုဝင်ဘာ ၁၁ ရက်တွင် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။

ကမ္ဘာ့အင်အားကြီး နိုင်ငံများသည် အီရန်နျူကလီးယား အစီအစဉ်ကို ထိန်းချုပ်ဟန့်တားရန်အတွက် ကြားဖြတ်သဘောတူညီချက် တစ်ရပ်ရရှိရန် နီးကပ်လာပြီ ဖြစ်သည်ဟု သံတမန်များက အခိုင်အမာ ပြောကြားခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်ကုန်အတွင်း ဂျီနီဗာတွင် ကျင်းပသည့် အစည်းအဝေးတွင် မည်သည့်သဘောတူညီမှုမျှ မရရှိခဲ့ပေ။

ပဏာမ အဆင့်ဖြစ်ပြီး မပီပြင်သေးသော အဆိုပါ စုံစမ်းစစ်ဆေးမှုဆိုင်ရာ သဘောတူညီမှုသည် IAEA ၏ ကျယ်ကျယ်ပြန့်ပြန့် ကြီးကြပ်ကွပ်ကဲခွင့်ရရန် တောင်းဆိုမှုများကို ကျေနပ်နှစ်သိမ့်စေသည့် ပထမအဆင့် ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း လေ့လာသူများနှင့် သံတမန်များက ပြောကြားခဲ့သည်။

ယင်းသဘောတူညီချက်အရ အီရန်သည် ဓာတ်ပေါင်းဖိုသစ် အားလုံးနှင့် ပတ်သက်သော အချက်အလက်များကို သုံးလအတွင်း ပေးပို့ရမည်ဖြစ်ပြီး နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် လျာထားသည့် နေရာများနှင့် ယူရေနီယံ သန့်စင်မည့် နေရာများကို ဖော်ပြရမည်ဖြစ်သည်။

သဘောတူညီချက်နှင့် ပတ်သက်၍ စကားလုံးများမှာ ပြီးပြည့်စုံမှု မရှိသော်လည်း မှန်ကန်သော လမ်းကြောင်းပေါ်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း အနောက်တိုင်း သံတမန် တစ်ဦးက ပြောကြားခဲ့သည်။ အီရန်နိုင်ငံသည် နျူကလီးယားလက်နက် ထုတ်လုပ်ရန် ကြိုးပမ်းနေသည်ဟူသော စွပ်စွဲချက်များနှင့် ပတ်သက်၍ IAEA က စုံစမ်းစစ်ဆေးရန် ကြိုးပမ်းမှုများ ကာလကြာရှည်စွာ ရပ်တန့်နေခဲ့သည်။ အီရန်နိုင်ငံက သူ၏နျူကလီးယား အစီအစဉ်သည် ငြိမ်းချမ်းသော နည်းလမ်းအတွက် အသုံးပြုရန်သာဖြစ်ကြောင်း အမြဲတမ်း အခိုင်အမာ ပြောကြားခဲ့သည်။

နျူကလီးယား လက်နက်များအတွက် သုတေသနများကို အီရန်က ဆောင်ရွက်နေသည်ဟု စွပ်စွဲထားသည့် ပါချင်းစစ်တပ်နယ်မြေကို စစ်ဆေးရန် အစီအစဉ်မှာ ပင်မလုပ်ငန်းစဉ်အောက်ရှိ လုပ်ငန်းခွဲတစ်ရပ် ဖြစ်လာလိမ့်မည်ဟု IAEA အဖွဲ့ အကြီးအကဲ ယူကီယာအာမာနိုက ဆိုသည်။

အီရန်နိုင်ငံ၏ နျူကလီးယား အကြီးအကဲ အလီအက်ဘာဆာလေဟီက IAEA ၏ စုံစမ်းစစ်ဆေးရေးမှူးများအား အာရက်ဒေသ၌ တည်ဆောက်နေသော ဓာတ်ပေါင်းဖိုကို စစ်ဆေးရန် ခွင့်ပြုမည်ဖြစ်ကြောင်းနှင့် ယင်းသည် အပြုသဘောဆောင်သည့် လုပ်ဆောင်ချက် တစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းကိစ္စသည် ဂျီနီဗာ ဆွေးနွေးပွဲ ပျက်ပြားရခြင်း၏ အဓိက အကြောင်းတရား တစ်ရပ်ဖြစ်ခဲ့သည်။ အီရန်နိုင်ငံသည် တောင်ဘက်ပိုင်းရှိ ဂါချင်းယူရေနီယံ မိုင်းတွင်းကိုလည်း စစ်ဆေးခွင့် ပြုလိမ့်မည်ဟု ဆိုသည်။

Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...