Sunday, November 24, 2013

Samsung ရဲ့ အန်းဒရွိုက်သုံး Galaxy NX ကင်မရာ





တောင်ကိုရီးယားအခြေစိုက် ကမ္ဘာကျော် စမတ်ဖုန်းထုတ်လုပ်သူ Samsung ကတော့ Android OS မောင်းနှင် သုံးစွဲထားပြီး ဈေးလည်းကြီးတဲ့ ဒစ်ဂျစ်တယ်ကင်မရာ တစ်လုံးကို ထုတ်လုပ်လိုက်ပါတယ်။ Galaxy NX လို့ နာမည်ပေးထားပြီး ‘Mirrorless’ အမျိုးအစား ကင်မရာတစ်လုံး ဖြစ်ပါတယ်။ အရင်ကထွက်ရှိခဲ့တဲ့ NX 300 ကင်မရာကို အခြေခံထုတ်လုပ်လိုက်တာ ဖြစ်ပြီး ပိုမိုကောင်းမွန်လာတဲ့ အရည်အသွေး၊ ပိုလှတဲ့ ဒီဇိုင်း၊ ပိုများတဲ့ ဈေးနှုန်းတွေနဲ့ အတူပွဲထွက် လာခြင်းလည်း ဖြစ်ပါတယ်။ အခု သတ်မှတ်ထားတဲ့ ဈေးက Lens အပါအ၀င် ဒေါ်လာ ၁၇၀၀ ပါ။

Hardware & Design

ဈေးနှုန်းကြီးမြင့်ရခြင်းနဲ့အတူ ထိုက်တန်တဲ့ တပ်ဆင်ဖန်တီးမှုတွေလည်း ဒီကင်မရာမှာ ပါဝင်နေပါတယ်။ APS-C CMOS Sensor နဲ့ DRIMe IV Image Processor တို့နဲ့အတူ 20.3 Mega-Pixel အရည်အသွေး ရှိတဲ့ ကင်မရာတစ်လုံးပါ။ 1.6GHz Quad-Core ချစ်ပ်လည်း တပ်ဆင်ထားပြီး အန်းဒရွိုက်ဗားရှင်း 4.2.2 (Jelly Bean) ကို သုံးစွဲထားတာဖြစ်ပါတယ်။ အချို့ကတော့ ‘Samsung Galaxy S4 Zoom’ နဲ့တူတယ်လို့ ဆိုကြပါတယ်။ အန်းဒရွိုက် OS မို့လို့ App တွေ များစွာသုံးစွဲ နိုင်မှာဖြစ်သလို ပရော်ဖက်ရှင်နယ် ကင်မရာတစ်လုံး အနေနဲ့လည်း စမတ်ကျကျ သုံးစွဲနိုင်မှာပါ။

ပရော်ဖက်ရှင်ကင်မရာ တစ်လုံးလို ချိန်ညှိမှုတွေ များစွာပြုလုပ်နိုင်ဖို့ ခလုတ်တွေ တပ်ဆင်ပေးထားတဲ့အပြင် ၄.၈ လက်မအရွယ် LCD ထိတွေ့ မျက်နှာပြင်ဟာလည်း 720pixel ရုပ်ထွက်နဲ့ ဖန်တီးထားတာ ဖြစ်ပါတယ်။ ကင်မရာရဲ့ ဘယ်ဘက်မှာဆိုရင် Headphone တပ်ဆင်ဖို့ အပေါက်တစ်ပေါက်၊ micro-USB နဲ့ HDMI Port တို့ကို တွေ့ရမှာပါ။ တပ်ဆင်ထားတဲ့ Battery ဟာလည်း 4360mAh ဆိုတော့ ဓာတ်ပုံတွေ များများရိုက်နိုင်ဖို့ သိပ်တော့ ပူစရာမလိုတော့ပါဘူး။ လက်ရှိ ဒစ်ဂျစ်တယ်ကင်မရာတွေနဲ့ ယှဉ်ရင် အရွယ်အစား အနည်းငယ်ကြီးမား နေတယ်ဆိုပေမယ့် ဒါဟာ သိပ်တော့ကိစ္စမရှိပါဘူး။ တစ်ချို့က ကင်မရာဆိုရင် ကြီးကြီးကြိုက်ကြတယ် မဟုတ်လား။




Software & UI (User Interface)


ကင်မရာ တစ်လုံးဆိုပေမယ့် အန်းဒရွိုက် OS မောင်းနှင်သုံးစွဲထားတာ ဖြစ်လို့ Android Apps တွေ၊ Android ရဲ့ စွမ်းဆောင်ရည်တွေ ကတော့ အပြည့်အ၀ သုံးစွဲနိုင်ပါတယ်။ ဒါဟာ အားသာချက်တစ်ခုပါ။ ဓာတ်ပုံတွေပြင်ဖို့ App တွေ စိတ်ကြိုက်ထည့်သွင်းနိုင်သလို သင့်ရဲ့လက်ရာတွေကိုလည်း လူမှုကွန်ရက်ကနေတစ်ဆင့် သူငယ်ချင်းတွေကို ဝေမျှနိုင်ပါတယ်။ Galaxy S4 Zoom လိုမျိုး အခြားအန်းဒရွိုက်ကင်မရာတွေနဲ့ မတူတဲ့အချက်ကတော့ ၎င်းမှာ Manual သုံးရမယ့် Lens ပါဝင်လာတာပါပဲ။


အဆိုပါ Galaxy NX ကင်မရာကိုင်ဆောင်ကာ ကမ္ဘာပတ်ပြီး နှစ်ပတ်ကြာ စမ်းသပ်သုံးစွဲခဲ့တဲ့ သူကတော့ ဇူးရစ်၊ တိုကျို၊ တိုင်ပေနဲ့ ရှန်ဟိုင်းမြို့တွေမှာ ကောင်းကောင်းသုံးစွဲခဲ့ပါသတဲ့။ အရည်အသွေးမြင့် ကင်မရာတစ်လုံး ဖြစ်တဲ့အပြင် စမတ်ဖုန်းမရှိတဲ့အချိန်မှာတောင် လမ်းတွေရှာတာ၊ အီးမေးလ်ပြန်ပို့တာနဲ့ ကိုယ်ရိုက်လိုက်တဲ့ ပုံပေါင်းများစွာကို Share လုပ်တာ စတဲ့ Features တွေကိုလုပ်နိုင်တဲ့ အသုံးဝင် အန်းဒရွိုက် OS သုံး ကင်မရာပဲ ဖြစ်ပါတယ်။



UI လို့ခေါ်တဲ့ အသုံးပြုသူဘက်က မြင်ရမယ့်ပုံစံကတော့ Galaxy S4 Zoom နဲ့ ဆင်တူလျက် ရှိပါတယ်။ အထက်ကဖော်ပြခဲ့သလို အသုံးဝင်တဲ့ လုပ်ဆောင်ချက်တွေများစွာ ရှိရုံသာမက Galaxy NX ကင်မရာဟာ စမတ်ဖုန်းတွေလို စပီကာနဲ့ တုန်ခါမှုစနစ်လည်း ပါဝင်ပါသေးတယ်။ Alarm ပေးတာနဲ့ Noti တွေကို အသိပေးတာနဲ့ Voice Mail စတဲ့ ၀န်ဆောင်မှုတွေ အတွက် စီစဉ်ပေးထားတာ ဖြစ်ပါတယ်။ FPS (Frame Per Second) အနေနဲ့ကတော့ တစ်စက္ကန့်ကို ဖရိန် ၈ခုအထိ ရိုက်ယူနိုင်မှာပါ။ Hybrid-Autofocus စနစ်လည်း ပါဝင်ကာ အလင်းရောင်နည်းပါးတဲ့ ညအချိန်မှာ ဓာတ်ပုံရိုက်ရင်တောင် အဆင်ပြေစေမယ့် Nighttime Shooter လည်း စီစဉ်ပေးထားပါသေးတယ်။



နှိုင်းယှဉ်ချက်



ကင်မရာကောင်းကောင်းလည်း သုံးချင်တယ်၊ စမတ်ဖုန်းလိုလည်း အသုံးဝင်ရမယ် ဆိုရင်တော့ အန်းဒရွိုက် OS သုံးကင်မရာတွေထဲ လက်ရှိမှာ ဒီကင်မရာက အကောင်းဆုံးပါပဲ။ ဒေါ်လာ ၁၇၀၀ ဈေးသတ်မှတ် ထားပေမယ့် လှပတဲ့ဒီဇိုင်း၊ အသုံးဝင်မှုတွေနဲ့ နှိုင်းယှဉ်စဉ်းစား ကြည့်လိုက်ရင် တန်တယ်ဆိုတဲ့ အနေအထားမှာ ရှိတဲ့ Samsung ကင်မရာတစ်လုံးပါ။ အဆိုပါ ကင်မရာနဲ့ ရိုက်ယူထားတဲ့ နမူနာ ဓာတ်ပုံတွေကိုလည်း တင်ဆက်ပေးလိုက်ပါတယ်။

Source: Engadget

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...