Sunday, November 24, 2013

ကျပ်သန်း ၂၀ တန်ဖိုးရှိ စိန်နှစ်ပွင့်အား ခိုးယူခဲ့သည့် တရုတ်နိုင်ငံသားနှစ်ဦး မိခင်နိုင်ငံသို့ ထွက်ပြေးရန် ကြိုးစားနေစဉ် ရန်ကုန်လေဆိပ်၌ ဖမ်းဆီးရမိ




နိုဝင်ဘာ ၂၂ ရက်က ဗိုလ်ချုပ်အောင်ဆန်း ဈေးတွင်းရှိ ရတနာဆိုင် တစ်ဆိုင်မှ ကျပ်သန်း ၂၀ တန်ဖိုးရှိ စိန်နှစ်ပွင့်ကို ခိုးယူခဲ့သည့် တရုတ်နိုင်ငံသား နှစ်ဦးအား မိခင်နိုင်ငံသို့ ထွက်ပြေးရန် ကြိုးစားနေစဉ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ဖမ်းဆီးရမိခဲ့ကြောင်း ပန်းဘဲတန်း မြို့မရဲစခန်းမှ စုံစမ်းသိရသည်။

အဆိုပါ ဖြစ်စဉ်မှာ ယင်းနေ့နံနက် ၁၁ နာရီခန့်က ဗိုလ်ချုပ်အောင်ဆန်းဈေး၊ ဗဟိုရုံဆိုင်အမှတ် (၂၉)တွင် ဖွင့်လှစ်ထားသည့် နေလ၀န်း ရတနာ ပစ္စည်းဆိုင်သို့ တရုတ်လူမျိုး အမျိုးသားနှစ်ဦး ရောက်ရှိလာပြီး ဘူးအနီဖြင့် ထည့်ထားသည့် နှစ်ရတီရှိ တန်ဖိုးကျပ်သန်း ၂၀ တန် စိန်အလွတ် နှစ်ပွင့်အား ၀ယ်ယူရန် ဈေးမေးကြည့်ရှုခဲ့ကြောင်း သိရသည်။

ထို့နောက် ခဏအကြာတွင် ဈေးမတည့်သဖြင့် မ၀ယ်ယူလိုသဖြင့် ယင်းတရုတ် အမျိုးသားနှစ်ဦး ထွက်သွားခဲ့ကြောင်း၊ ၎င်းတို့ ထွက်သွားပြီးနောက် စိန်အလွတ် နှစ်ပွင့် ထည့်ထားသည့် ဘူးအနီအား ဖွင့်ကြည့်ရာ စိန်အလွတ် နှစ်ပွင့်မှာ မရှိတော့ဘဲ ပျောက်နေသဖြင့် အဆိုပါ စိန်နှစ်ပွင့်ကို ခိုးယူသွားသည့် တရုတ်နိုင်ငံသား အမျိုးသားနှစ်ဦးအား စုံစမ်းအရေးယူ ပေးပါရန် ဆိုင်ရှင်ဒေါ်မိုးမိုးက ပန်းဘဲတန်းမြို့မ ရဲစခန်းသို့ တိုင်ကြားခဲ့ကြောင်း သိရသည်။

အဆိုပါ တရုတ်နိုင်ငံသား နှစ်ဦးအား မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ သွားရောက်စုံစမ်း ဖမ်းဆီးခဲ့ရာ နိုင်ငံကူးလက်မှတ် နံပါတ် E-30673483 ကိုင်ဆောင်ထားသည့် Mr.Luo Xiao Chun၊ (၃၆)နှစ်နှင့် နိုင်ငံကူးလက်မှတ် နံပါတ် E-37864511 ကိုင်ဆောင်ထားသည့် Mr. Luo Zhuan De အသက် (၃၆)နှစ်တို့အား တွေ့ရှိခဲ့ပြီး Mr.Luo Xiao Chun ၏ ပိုက်ဆံအိတ် အတွင်းမှ ခိုးယူထားသည့် စိန်နှစ်ပွင့်အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ပန်းဘဲတန်း မြို့မရဲစခန်းမှ တာဝန်ကျ တာဝန်မှူး တစ်ဦးက "ဒီ တရုတ်နိုင်ငံသား နှစ်ဦးကို ဒီနေ့ ရမန်ယူထား ပါတယ်။ သူတို့က တရုတ်နိုင်ငံကို ထွက်ပြေးဖို့ စီစဉ်နေတုန်း လေဆိပ်မှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်" ဟု နိုဝင်ဘာ ၂၃ ရက် မွန်းလွဲပိုင်းက ပြောကြားသည်။

ယင်းအမှုအား ပန်းဘဲတန်းမြို့မ ရဲစခန်းမှ (ပ)၃၈၁/၁၃၊ ပြစ်မှုပုဒ်မ-၃၈၀ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

(ဗိုလ်ချုပ်အောင်ဆန်းဈေးအတွင်း ရောင်းချနေသည့် ရတနာဆိုင်များအား နိုဝင်ဘာ ၂၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-မြင့်သူ)
EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...