Tuesday, December 17, 2013

တရုတ်ကုမ္ပဏီတစ်ခုထံမှ မြန်မာက၀ယ်ယူသော ကော်စေ့တန် ၂၀ အစား တရုတ်ဘက်မှ ကျောက်ခဲအိတ်များကို ကွန်တိန်နာဖြင့်ထည့်ကာ မြန်မာသို့ ပေးပို့လိုက်၍ တရုတ်သံရုံးသို့ အကြောင်းကြား ဖြေရှင်းနေရ

 Tuesday, 17 December 2013


တရုတ်ဘက်မှ ကော်စေ့များအဖြစ် တင်ပို့လာသော ကျောက်ခဲများပါဝင်သည့် အိတ်များ(ပုံကြီး)နှင့် အတွင်း၌ ပါဝင်သော ကျောက်ခဲများ (ပုံသေး)



တရုတ်နိုင်ငံရှိ Qingdao Jinding Metal Import and Export Co.,Ltd ထံမှ ကော်စေ့တန် ၂၀ ကို မြန်မာကုမ္ပဏီဖြစ်သည့် Millionaire Engineering and Industrial ကုမ္ပဏီမှဝယ်ယူခဲ့ရာ တရုတ်ဘက်က ကော်စေ့တန် ၂၀ အစား ကွန်တိန်နာထဲတွင် ကျောက်ခဲအိတ်များထည့်ကာ ပေးပို့လိုက်သည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ Qingdao Jinding Metal Import and Export Co.,Ltd ထံမှ ကော်စေ့တန် ၂၀ ကို မြန်မာကုမ္ပဏီဖြစ်သည့် Millionaire Engineering and Industrial ကုမ္ပဏီက၀ယ်ယူရန်အတွက် ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၂၀ ရက်က နှစ်ဖက်ကုမ္ပဏီများ Sale Contract ချုပ်ဆိုခဲ့ကြကြောင်း၊ ကော်စေ့ကွန်တိန်နာအား WAN HAI သင်္ဘောလိုင်းဖြင့် တင်သွင်းခဲ့ကြောင်း၊ ဒီဇင်ဘာ ၉ ရက်တွင် ထီးတန်းဆိပ်ကမ်းသို့ သင်္ဘောဆိုက်ကပ်ခဲ့ကြောင်း၊ ကော်စေ့အမျိုးအစားမှာ ဖွင့်ဖောက်စစ်ဆေးခြင်းပြုရန်မလိုဘဲ Green Channel ဖြင့်ထုတ်ယူခွင့်ရှိသည့်အတွက် ဖွင့်ဖောက်ခြင်းမရှိဘဲ ချိပ်ပိတ်ထားသည့်အတိုင်း ကွန်တိန်နာအား ဂိုဒေါင်သို့ သယ်ဆောင်ခဲ့ပြီး ဂိုဒေါင်သို့ရောက်ရှိ၍ တင်သွင်းသူပိုင်ရှင်မှ ဖွင့်ဖောက်ခဲ့ရာ ကော်စေ့များမဟုတ်ဘဲ ကျောက်ခဲအသေးများကို အိတ်လိုက်ထည့်သွင်းထားသည်ကို တွေ့ရကြောင်း၊ ပိုင်ရှင်မှ အကောက်ခွန်သို့ အကြောင်းကြားရာ အကောက်ခွန်မှလည်း လာရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ဖြစ်ပွားခဲ့သည့်အတွက် ယခုအခါ Millionaire Engineering and Industrial ကုမ္ပဏီမှ တရုတ်သံရုံးသို့ ဆက်လက်ဖြေရှင်းဆောင်ရွက်ပေးရန် အကြောင်းကြားထားကြောင်း သိရသည်။

ကော်စေ့အစား ကျောက်ခဲသေးများကို ထည့်ခြင်းမှာ Qingdao Jinding Metal Import and Export Co.,Ltd ဖြင့် သက်ဆိုင်ခြင်း ရှိမရှိ၊ အဆိုပါကွန်တိန်နာအား သယ်ဆောင်လာသည့် WAN HAI သင်္ဘောလိုင်းနှင့် သက်ဆိုင်ခြင်းရှိမရှိဆိုသည်မှာ တရုတ်သံရုံးက ဖြေရှင်းပြီးမှသာ သိရမည်ဖြစ်ကြောင်း သိရသည်။

Millionaire Engineering and Industrial ကုမ္ပဏီမှ ဦးသန်းစိုးက "ကျွန်တော်တို့ကတော့ ကိုယ်လုပ်စရာရှိတဲ့အတိုင်း အကောက်ခွန်ကို အကြောင်းကြားပြီး စစ်ဆေးထားတယ်။ အခုတရုတ်သံရုံးကို အကြောင်းကြားတော့ ဒီဇင်ဘာ ၁၇ ရက်ကျရင် တွေ့ဆုံမယ်လို့ အကြောင်းပြန်ထားတယ်။ တန် ၂၀ ဆိုတာ အမေရိကန်ဒေါ်လာ ၂၆၀၀၀။ အခွန်နဲ့ဆိုရင် ဒေါ်လာ ၃၀၀၀၀ လောက်တော့ရှိတယ်။ ငွေကြေးဆုံးရှုံးမှု ဖြစ်တာထက် အခုလိုလုပ်တာကို မခံနိုင်တာ။ နောက်ပြီး ကျွန်တော်တို့လို မကြုံရအောင် သတိထားဖို့တော့ ပြောချင်တယ်။ ကွန်တိန်နာမှာလည်း အဲဒီသင်္ဘောလိုင်းရဲ့ Seal နဲ့ပဲချိပ်ပိတ်ထားတာပါ။ ငွေကြေးဆုံးရှုံးတာထက် ကျွန်တော်တို့လို မြန်မာလုပ်ငန်းရှင်တွေအနေနဲ့ အခုလို မကြုံရအောင် တရုတ်သံရုံးအနေနဲ့လည်း မြန်မာလုပ်ငန်းရှင်တွေအပေါ် လေးလေးစားစားနဲ့ အလေးအနက်ထား ဖြေရှင်းပေးဖို့လိုပါတယ်။ တရုတ်သံရုံးက ဖြေရှင်းပေးရင်တော့ အကြောင်းစုံသိရမှာပါ"ဟု ပြောပြသည်။

ယခုဖြစ်စဉ်အပေါ် အကောက်ခွန်ဦးစီးဌာန တာဝန်ရှိသူများကလည်း စစ်ဆေးချက်များရယူပြီး အကောက်ခွန်ဦးစီးဌာန၊ ကာကွယ်ရေးဌာနခွဲသို့ အစီရင်ခံ တင်ပြထားကြောင်း၊ မြန်မာဘက်မှသာ မှားယွင်းလျှင် မြန်မာကုမ္ပဏီများအနေဖြင့် ချက်ချင်းအရေးယူခံရနိုင်ကြောင်း၊ ထို့အတွက် မြန်မာ့အကောက်ခွန်အနေဖြင့်လည်း ယခုတရုတ်ကုမ္ပဏီနှင့် WAN HAI သင်္ဘောလိုင်းတို့ မည်သူ့တွင် တာဝန်ရှိသည်ကို တိကျစွာဖော်ထုတ်ရာ၌ အလေးအနက်ထား ပါဝင်ကူညီပေးသင့်သည်ဟုလည်း ဦးသန်းစိုးက သုံးသပ်သည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...