Tuesday, December 17, 2013

ဝိုင်၊ အရက်ကို တရားမ၀င်တင်သွင်း၍ ပို့ကုန်သွင်းကုန်ဥပဒေဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းဖော်ပြမှုနှင့်ပတ်သက်၍ City Mart နှင့် ဆက်နွှယ်မှုရှိသော Premium Food Service Products ကုမ္ပဏီမှ ရှင်းလင်းစာပေးပို့

 Tuesday, 17 December 2013


Premium Food Service Products ကုမ္ပဏီမှ ရှင်းလင်းစာနှင့်အတူ ပူးတွဲပေးပို့ခဲ့သည့် ACE Group of Companie ၏အကြောင်းကြားစာကို တွေ့ရစဉ်

ဝိုင်၊ အရက်များကို တရားမ၀င်တင်သွင်း၍ ပို့ကုန်၊ သွင်းကုန်ဥပဒေဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းဖော်ပြမှုနှင့် ပတ်သက်၍ City Mart နှင့်ဆက်နွှယ်မှုရှိသော Premium Food Service Products ကုမ္ပဏီမှ ရှင်းလင်းတင်ပြကြောင်းစာအား The Daily Eleven သတင်းစာသို့ ဒီဇင်ဘာ ၁၅ ရက်နေ့စွဲဖြင့် ပေးပို့ခဲ့သည်။

အဆိုပါအကြောင်းကြားစာတွင် "ကျွန်တော်များကုမ္ပဏီ၏ သိုလှောင်ရုံမှ ပစ္စည်းများကို တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးကော်မတီ Mobile Team မှ ၀င်ရောက်စစ်ဆေးနေစဉ် Associate Civil Engineering Trading Co., Ltd မှ ၀ယ်ယူခဲ့သော ပစ္စည်းများဖြစ်ကြောင်း တင်ပြခဲ့ပါသည်။

ထိုအခြေအနေတွင် ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်တွင် ACE Group of Company မှ ဥက္ကဋ္ဌ(ကိုယ်စား) ဦးသိန်းဇော်မြင့်က အကြောင်းကြားစာပေးပို့ရာတွင်

၁။ ACE Trading Co., Ltd မှ ၎င်းတို့တင်သွင်းလာသော ပစ္စည်းများမဟုတ်ကြောင်း ငြင်းဆိုခြင်းမပြုခဲ့ပါ။

၂။ ACE Trading Co., Ltd မှ Board of Director တစ်ဦးဖြစ်သူ ဦးသူရစိုးက ကုမ္ပဏီအမည်ကို အလွဲသုံးစားပြု ဆောင်ရွက်ခဲ့ကြောင်း အကြောင်းပြန်ခဲ့ပါသည်။(အဆိုပါ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်နေ့ ရက်စွဲပါ စာမိတ္တူများအား ပူးတွဲပေးပို့အပ်ပါသည်။)"ဟု ဖော်ပြပါရှိပါသည်။

ထို့အပြင် ဒီဇင်ဘာ ၁၅ ရက်ထုတ် The Daily Eleven သတင်းစာတွင် ဖော်ပြထားသော "Premium Food Service Products Co.,Ltd မှာ Mobile Team မှ ဖမ်းဆီးထားသည့် ၀ိုင်၊ အရက်များနှင့်ပတ်သက်ပြီး ACE Group of Company ၏ ၀ိုင်တင်သွင်းမှုလိုင်စင်ဖြင့် တင်ပြလျှောက်ထားမှုများ ရှိခဲ့သော်လည်း ACE Group of Company မှ ၎င်းတို့နှင့်သက်ဆိုင်ခြင်းမရှိကြောင်း၊ မိမိတို့အမည်ကို အလွဲသုံးစားပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း လာရောက်ကန့်ကွက်ခဲ့မှုများ ရှိခဲ့ပါသည်" ဟု ဖော်ပြထားချက်သည် အမှန်တကယ် ACE Group of Company ၏ ပေးပို့စာနှင့် မကိုက်ညီခဲ့ကြောင်း အဆိုပါစာတွင် ဖော်ပြထားသည်။

ပို့ကုန်-သွင်းကုန်ဥပဒေပုဒ်မ ၈ ၏ပြစ်မှုပြစ်ဒဏ်အရ မည်သူမဆို ပုဒ်မ ၅ သို့မဟုတ် ပုဒ်မ ၆ ပါတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် လိုင်စင်မဲ့တင်သွင်းလာသော မော်တော်ယာဉ်များကို စစ်ဆေးတွေ့ရှိပါက ပစ္စည်းသိမ်း၍ တရားမ၀င်တင်သွင်းသူအား အနည်းဆုံးထောင်ဒဏ်တစ်နှစ်ခွဲမှ အများဆုံး ထောင်ဒဏ်သုံးနှစ်အထိ အရေးယူလေ့ရှိကြောင်း သိရသည်။ ယခု City Mar နှင့် ဆက်နွှယ်မှုရှိသော Premium Food Service Products ကုမ္ပဏီ၏ ဂိုဒေါင်တွင် စစ်ဆေးတွေ့ရှိသည့် အထောက်အထားမပြနိုင်သော အရက်၊ ၀ိုင်စုစုပေါင်း၏ ပမာဏမှာ ကျပ်သိန်းပေါင်း ၆၀၀၀ ခန့်အထိ ပမာဏရှိနေသည်ဟု သိရသည်။

တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့ (Mobile Team)၏ သတ်မှတ်ကာလအတွင်း အထောက်အထားမပြနိုင်သောကြောင့် ပို့ကုန်သွင်းကုန် ဥပဒေဖြင့် အရေးယူထားကြောင်းသိရပြီး မည်ကဲ့သို့အရေးယူမည်ဆိုသည်ကိုမူ လတ်တလောတွင် သိရှိရခြင်းမရှိသေးပေ။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...