Tuesday, December 17, 2013

ပြည်တွင်းမှကုန်ကြမ်းကိုသာ ၀ယ်ယူခြင်းမပြုဘဲ ကုန်ချောထုတ်စက်ရုံများ လာရောက်တည်ထောင်ကာ ရင်းနှီးမြှုပ်နှံမှုပြုရန် တရုတ်စီးပွားရေး လုပ်ငန်းရှင်များကို ဖိတ်ခေါ်


Monday, 16 December 2013


ဒီဇင်ဘာ ၁၆ ရက်တွင် တရုတ်-မြန်မာနှစ်နိုင်ငံကုန်သွယ်မှု MoU ရေးထိုးစဉ်

ပြည်တွင်းမှထွက်ရှိသည့် ကုန်ကြမ်းများကိုသာ ၀ယ်ယူမှုမပြုဘဲ တရုတ်နိုင်ငံ၏ နည်းပညာပူးပေါင်းဆောင်ရွက်မှုဖြင့် ကုန်ချောထုတ်လုပ်နိုင်သည့် စက်ရုံများ လာရောက်တည်ထောင်ကာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် တရုတ်စီးပွားရေးလုပ်ငန်းရှင်များကို မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ တွဲဖက်အတွင်းရေးမှူး ဦးအေးလွင်က အကြံပြုပြောကြားသည်။

တရုတ်နိုင်ငံ ကွမ်တုံပြည်နယ် ဒုတိယမြို့တော်ဝန်ဦးဆောင်သည့် အဖွဲ့ဝင်၂၂ ဦး ပါဝင်သည့် CCPIT Guangdong ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနှင့်တရုတ် (ကွမ်တုံပြည်နယ်) နှစ်နိုင်ငံအကြား မြန်မာစီးပွားရေး လုပ်ငန်းရှင်များနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ဒီဇင်ဘာ ၁၁ ရက်ကတည်းက လာရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

"လုပ်ငန်းရှင်တွေကို ပြောချင်တာက ကျွန်တော်တို့တိုင်းပြည်က ကုန်ကြမ်းတွေပဲယူမယ့်အစား ပြည်တွင်းမှာ စက်ရုံအလုပ်ရုံတွေ လာရောက်ထူထောင်ပြီး ကုန်ချောတွေကို အတူတကွထုတ်လုပ်ကာ ကမ္ဘာ့နိုင်ငံအသီးသီးကို ရောက်ရှိအောင် ပြုလုပ်ပေးဖို့ ကျွန်တော့်အနေနဲ့ မေတ္တာရပ်ခံပါတယ်" ဟု ၎င်းကဆိုသည်။

သစ်နှင့်သစ်အချောထည်လုပ်ငန်း၊ ဖိနပ်လုပ်ငန်း၊ ကြော်ငြာနှင့်မီဒီယာလုပ်ငန်း၊ ကြိတ်စက်အမျိုးမျိုးလုပ်ငန်း၊ စက်သွားဖြင့် အရောင်တင်လုပ်ငန်း၊ သွင်းကုန်ထုတ်ကုန်လုပ်ငန်း၊ လျှပ်စစ်နှင့်လျှပ်စစ်ပစ္စည်းလုပ်ငန်း၊ အသံဖမ်းအင်ဂျင်နီယာလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတို့ကို ပူးပေါင်းလုပ်ကိုင်ရန်အတွက် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ယခုလာရောက်ရင်းနှီးမြှုပ်နှံမည့် ပမာဏသည် အမရိကန်ဒေါ်လာ သိန်း ၇၅၀ ခန့် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် လျာထားကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ စီးပွားရေးမူဝါဒအရ တရုတ်နိုငံသို့ မြန်မာနိုင်ငံမှ ကုန်ကြမ်းတင်သွင်းရာတွင် အခွန်သက်သာသော်လည်း ကုန်ချောတင်သွင်းရာတွင်မူ အခွန်ကြီးမြင့်နေသည့်အတွက် တရားမျှတသည့် မူဝါဒဖြစ်စေရန် တရုတ်အစိုးရသို့ မြန်မာစီးပွားရေး လုပ်ငန်းရှင်များမှ အကြံပြုထားပြီး ယင်းအကြံပြုချက်ကို တရုတ်အစိုးရသို့ တင်ပြပေးသွားမည်ဖြစ်ကြောင်း The Department of Foreign Trade & Economic Cooperation of Guandong Province မှ ဒုတိယညွှန်ကြားရေးမှူး Mrs. Ren Shao က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံသည့် နိုင်ငံပေါင်း ၃၃ နိုင်ငံရှိပြီး တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် ပထမအဆင့်အနေဖြင့် ရပ်တည်လျက်ရှိကြောင်း၊ လုပ်ငန်းပေါင်း ၅၁ ခုတွင် ရင်းနှီးမြှုပ်နှံထားကာ ရင်းနှီးမြှုပ်နှံမှုပမာဏ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၄ ဘီလျံရှိကြောင်း သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...