Tuesday, December 17, 2013

ကျပ်နှစ်သိန်းမှစ၍ ၀ယ်ယူနိုင်မည့် ရွှေတုံးများ ဖေဖော်ဝါရီ ၁၂ ရက်တွင် ဈေးကွက်အတွင်း စတင်ရောင်းချမည်



Tuesday, 17 December 2013




ဈေးကွက်အတွင်း ရောင်းချမည့် ရွှေတုံးနမူနာမိုပုံစံများကိုတွေ့ရစဉ် (ဓာတ်ပုံ-အောင်မြတ်ကို)

ကျပ်နှစ်သိန်းမှစ၍ ၀ယ်ယူနိုင်မည့် ရွှေတုံးများကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ဈေးကွက်အတွင်း စတင်ရောင်းချမည် ဖြစ်ကြောင်း မြန်မာရွှေဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီလီမိတက်မှ သိရသည်။

"ဒီဈေးကွက်က မြန်မာရွှေဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီလီမိတက်ရဲ့ ပထမခြေလှမ်းလို့ ပြောလို့ရပါတယ်။ ရွှေဝယ်စုတဲ့သူတွေ ဈေးနည်းနည်းနဲ့ အတုံးဝယ်စုလို့ရအောင် လုပ်ပေးတာပါ။ အရည်အသွေးပိုင်းကို ၉၉.၉၉ အရည်အသွေးရအောင် လုပ်ထားတယ်။ တံဆိပ်ပိုင်းကိုလည်း အတုအပမရှိအောင် လုပ်သွားမှာပါ။ နည်းပညာကို အိန္ဒိယနဲ့ ဥရောပနိုင်ငံတွေက လေ့လာခဲ့တယ်။ ဒီရွှေတုံးကိုဝယ်ပြီး ပြန်ရောင်းချင်တယ်ဆိုရင်လည်း ပြန်ဝယ်ပေးမှာပါ" ဟု မြန်မာရွှေဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီလီမိတက်မှ ဒါရိုက်တာဦးရဲသူအောင်က ပြောကြားသည်။

ရွှေတုံးများ၏အလေးချိန်ကို ဂရမ်အလိုက်သတ်မှတ်ထားပြီး ၂ ဒသမ ၅ ဂရမ် မှ ၁၀၀ ဂရမ်အထိရှိကာ ဈေးနှုန်းမှာပျမ်းမျှအားဖြင့် ၂ ဒသမ ၅ ဂရမ်တစ်တုံးလျှင် ကျပ်နှစ်သိန်းခွဲနှင့် ၁၀၀ ဂရမ်ဆိုပါက ကျပ်သိန်း ၄၀ ကျသင့်မည်ဖြစ်ပြီး ဈေးကွက်အတွင်းရှိ ရွှေဆိုင်များကို ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါရွှေတုံးများကို ပြည်တွင်းဈေးကွက်အတွင်း၌သာ ရောင်းချသွားမည်ဖြစ်ပြီး နောက်ပိုင်းတွင် ဈေးကွက်မှဝယ်လိုအားနှင့် မှာယူမှုများရှိလာပါက ပြည်ပဈေးကွက်သို့ပါ တင်ပို့ရောင်းချမှုများ ပြုလုပ်သွားမည်ဟု သိရသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့်ရွှေများကို ပြည်တွင်းဈေးကွက်၌သာ အဓိကထားရောင်းချလျက်ရှိရာ ပြည်ပနိုင်ငံများမှ နည်းပညာများကိုလေ့လာ၍ တန်ဖိုးမြှင့်ကုန်ချောများအဖြစ် ပြည်ပနိုင်ငံဈေးကွက်သို့ ချဲ့ထွင်သင့်ကြောင်း၊ ဈေးကွက်အတွင်းရှိ တရားမ၀င် ရွှေကုန်သွယ်မှုများကိုလည်း တရားဝင်လမ်းကြောင်းပေါ်သို့ ရောက်ရှိစေရန် ပြုလုပ်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးဝင်းမြင့်က မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း၏ (၁၁) ကြိမ်မြောက်နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...