Friday, January 17, 2014

နိုင်ငံ့လူဦးရေ၏ ရာခိုင်နှုန်း ၇၀ မှာ ဆင်းရဲနွမ်းပါးမှုအများဆုံးဖြစ်ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်းစီမံချက်ရေးဆွဲ လုပ်ဆောင်နေကြောင်း နိုင်ငံတော်သမ္မတ ပြောကြား




Friday, January 17, 2014


 


ဇန်န၀ါရီ ၁၆ ရက်က ပြုလုပ်သော မကွေးကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘ၀မြှင့်တင်ရေး အခမ်းအနားတွင် သမ္မတဦးသိန်းစိန်အား တွေ့ရစဉ်


မြန်မာနိုင်ငံ၏ လူဦးရေရာခိုင်နှုန်း ၇၀ မှာ ကျေးလက်တွင် နေထိုင်သူများဖြစ်ပြီး အများစုမှာ ဆင်းရဲနွမ်းပါးမှု အများဆုံးဖြစ်ကြောင်းနှင့် နိုင်ငံတော်အစိုးရအနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်းအား စီမံချက်ရေးဆွဲ လုပ်ဆောင်နေကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဇန်န၀ါရီ ၁၆ ရက်က မကွေးတိုင်းဒေသကြီး မကွေးမြို့၌ ပြုလုပ်သော မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘ၀မြှင့်တင်ရေး အခမ်းအနားတွင် ပြောကြားသည်။

တိုင်းပြည်တာဝန်ကို စတင်တာဝန်ယူသည့် အချိန်မှစတင်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုဘ၀စီးပွားမြှင့်တင်နိုင်ရေးအတွက် ပြည်တွင်းပြည်ပမှ ပညာရှင်များနှင့် ညှိနှိုင်းတိုင်ပင် ဆွေးနွေးပြီး ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်းစီမံချက်ကို ရေးဆွဲ၍ တစ်စိုက်မတ်မတ် ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း နိုင်ငံတော်သမ္မတက ၎င်း၏ မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

သမ၀ါယမ၀န်ကြီးဌာနမှ တစ်ဆင့် မကွေးတိုင်းဒေသကြီးအတွင်းမှ တောင်သူလယ်သမား သမအသင်းပေါင်း ၆၀၀ ကျော် အတွက် ကျပ်သိန်းပေါင်း ၃၄၀၀၀ ကျော် အား ယနေ့အခမ်းအနားတွင် ဆောင်းသီးနှံ ချေးငွေအဖြစ်ထုတ်ချေးပေးခဲ့ပြီး ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်များကိုလည်း ကျပ် သိန်းပေါင်း ၃၇၃၆၁၅ ဒသမ ၇၇ သိန်းကို ဇန်န၀ါရီအတွင်း ထုတ်ချေးပေးသွားမည်ဟု သိရသည်။ ယခုချေးငွေများမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ချေးယူခွင့်ရရှိထားသည့် ဒေါ်လာသန်း ၇၀၀ အနက် ပထမအရစ် ဒေါ်လာသန်း ၁၀၀ မှ ထုတ်ချေးပေးခြင်းဖြစ်ကြောင်းနှင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်းလုပ်ဆောင်ရန် မြန်မာ ကျပ်ငွေ ဘီလျံ ၆၀၀ မှ ဘီလျံ ၁၀၀၀ အထိ လိုအပ်မည်ဖြစ်ကြောင်း သမ၀ါယမ၀န်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ပြောကြားသည်။ ထို့အပြင် ဂျပန်နိုင်ငံမှ ဦးစွာချေးငွေရရှိအောင် ကြိုးစားနေကြောင်းလည်း ၎င်းက ပြောကြားသွားသည်။

ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် အသေးစားချေးငွေအဖြစ် ယခင်က ထုတ်ချေးပေးခဲ့သည့် ချေးငွေများအား အတိုးနှုန်း ၂ ကျပ် ၅၀ ပြားထုတ်ချေးခဲ့ပြီး ယခုထုတ်ချေးသည့် ချေးငွေများမှာမူ အတိုး ၁ ကျပ် ၅၀ ပြားသာ ကျသင့်မည်ဟု သိရသည်။ သမ၀ါယမ၀န်ကြီးဌာနက လုပ်ဆောင်နေသော အသေးစားချေးငွေများအတွက် တရုတ်ပို့ကုန်သွင်းကုန်ဘဏ်မှ အမေရိကန်ဒေါ်လာသန်း ၇၀၀ ချေးယူခဲ့ခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ် သြဂုတ် ၂၂ ရက်က ပြုလုပ်ခဲ့သော ပြည်ထောင်စုလွှတ်တော်တွင် အတိုးနှုန်းများလွန်းကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့ ကန့်ကွက်သည့်ကြားမှ အတည်ပြုပြီး ချေးယူခဲ့ခြင်းဖြစ်သည်။ အဆိုပါချေးငွေများကို ဆိုင်းငံ့ကာလ နှစ်နှစ် အပါအ၀င် ၁၀ နှစ်အတွင်းပြန်လည်ပေးဆပ်ရမည်ဖြစ်ပြီး အတိုးနှုန်းမှာ တစ်နှစ်လျှင် ၄ ဒသမ ၅ ရာခိုင်နှုန်းဖြစ်သည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...