Friday, January 17, 2014

နှစ်ပေါင်း ၂၆၀၀ ကျော် မြတ်စွာဘုရားရှင်လက်ထက် ကျောက်သပိတ်ကြီး




အိန္ဒိယနိုင်ငံဟာ သူတို့ရဲ့ ရှေ့ဟောင်းဗုဒ္ဓယဉ်ကျေးမှုဆိုင်ရာ
ပညာရှင် နှစ်ယောက်ကို အာဖဂန်နစ္စတန် နိုင်ငံမြို့တော် ကဘူး ဆီလွှတ်လိုက်ပါတယ်။
ဒီပညာရှင်နှစ်ယောက်ရဲ့ တာဝန်က ကဘူးမြို့မှာရှိတဲ့ အာဖဂန်နစ္စတန်
အမျိုးသားယဉ်ကျေးမှု ပြတိုက်မှာ ပြသထားတဲ့ ရှေးဟောင်း ကျောက်သပိတ်ကြီးကို
လေ့လာစစ်ဆေးဖို့ ဖြစ်ပါတယ်။

နှမ်းဖက်ကျောက်နဲ့ ထုဆစ်ထားတဲ့ ညို့စိမ်းစိမ်းရောင် ဒီကျောက်သပိတ်ကြီးဟာ
သက်တမ်းအားဖြင့် နှစ်ပေါင်း နှစ်ထောက်ခြောက်ရာလောက် ရှိပြီလို့
ပညာရှင်တွေက ယူဆနေကြပါတယ်။ သူတို့က ဒါဟာ ဗုဒ္ဓခေတ်က ထွင်းထုထားတဲ့ ကျောက်သပိတ်ဖြစ်တယ်၊ ဗုဒ္ဓမြတ်စွာရဲ့ သပိတ်တောင်
ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။
ဗုဒ္ဓစာပေထဲမှာ ဗုဒ္ဓမြတ်စွာဟာ ဗြဟ္မာကြီးတစ်ပါး ဆပ်ကပ်လှူဒါန်းတဲ့ မြသပိတ်
(သပိတ်လေးလုံးကို လက်မတော်နဲ့ ဖိနှိပ်ထည့်ထားလို့ တစ်လုံးတည်းဖြစ်နေတဲ့သပိတ်) ကို
ဆွမ်းခံရာမှာ အသုံးပြုတယ်လို့ ပါရှိတယ်မဟုတ်လား။

ဒါပေမဲ့ ပြဿနာက လက်ရှိ ကဘူးအမျိုးသားပြတိုက်က သပိတ်ဟာ အချင်း တလံလောက်
(၁.၇၅ မီတာ) ရှိပြီး အမြင့် နှစ်တောင်လောက် ( ၇၅ စင်တီမီတာ) ရှိတဲ့အပြင်
သပိတ်နှုတ်ခမ်းအထူက တစ်ထွာလောက် (၁၈ စင်တီမီတာ) ရှိနေတယ်၊
ပြီးတော့ အလေးချိန်ကလည်း ပိသာ ခွက်၂၀သားကျော် (ပေါင် ၈၈၀) လောက်ရှိမို့ သာမန်လူတစ်ယောက် လက်နှစ်ဖက်နဲ့ ပိုက်ပြီး ဆွမ်းခံဖို့ရာ ဘယ်လိုမှ မဖြစ်နိုင်ဘူးဖြစ်နေတယ်။
အဲ ..ဒီနေရာ သီရိလင်္ကာဘက်ကနေလာတဲ့ အချို့သော ရှေးဟောင်းဗုဒ္ဓစာပေတွေမှာ
ဗုဒ္ဓမြတ်စွာရဲ့ အရပ်တော်ဟာ ၁၈ တောင် ရှိတယ်လို့ ရေးသားခဲ့တာမျိုးရှိတာလည်း
ပညာရှင်တွေက သွားပြီးသတိပြုကြပါတယ်။
၁၈ တောင် အယူအဆနဲ့ဆိုရင် အခုသပိတ်အရွယ်အစားဟာ ကွက်တိနီးပါးဖြစ်နေပါတယ်။

ဒါပေမဲ့လည်း ရှေးဟောင်းပညာရှင်တွေ တူးဖေါ်တွေ့ရှိခဲ့ရသမျှ
ဗုဒ္ဓခေတ် (ဘီစီ ၆၀၀) က လူသားတွေရဲ့ အသုံးအဆောင်ပစ္စည်းတွေ
အဆောက်အဦးတွေ စတာတွေကို လေ့လာကြည့်တဲ့အခါမှာ
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆၀၀ ခန့်က လူသားတွေနဲ့ ဒီကနေ့ခေတ်
လူသားတွေရဲ့ အရွယ်စားဟာ သိပ်ပြီးကွာခြားတာမရှိဘူးဆိုတာတွေ့ရပြန်တယ်။

ဒီတော့ တကယ်လို့သာ ဗုဒ္ဓဟာ အရပ် ၁၈ တောင်ရှိခဲ့မယ်ဆိုရင်
သာမန်တခြားသူတွေနဲ့ သိသိသာသာကြီးကို ကွဲပြားနေပါလိမ့်မယ်။
ဒီလိုသိသိသာသာကြီး ကွဲပြားနေတဲ့ လူသားတစ်ယောက်ကို
လူတွေအနေနဲ့ ကြည်ညိုစိတ်ထက် ကြောက်ရွံ့စိတ် ပိုများနေကြမှာ အသေအချာပဲ။
ဒါနဲ့ပတ်သက်ပြီး ကျေးဇူးရှင် ကျမ်းပြုကျော် တောင်မြို့ဆရာတော်ဘုရားကြီး (အရှင်ဇနကာဘိဝံသ) ကလည်း ဗုဒ္ဓရဲ့ အရပ်တော်ဟာ သာမန်လူသားတစ်ယောက်ရဲ့ အရပ်အမောင်းသာ ရှိတဲ့အကြောင်း ကျမ်းအကိုးအကားခိုင်လုံစွာနဲ့ အသေအချာ ရှင်းပြခဲ့ဖူးပါတယ်။

ကဘူးအမျိုးသားပြတိုက်မှာရောက်နေတဲ့ ဒီသပိတ်ဟာ ဗုဒ္ဓသပိတ်မဟုတ်ဘူးဆိုရင်
ဘာကြောင့် ဗုဒ္ဓဘာသာဝင်တွေက ဒီလောက် အထွဋ်အမြတ်ထားကြသလဲ။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၇၀၀ လောက် ( အေဒီ ၄ရာစု) က ဒီဒေသကို ရောက်လာခဲ့ဖူးတဲ့
ဘုရားဖူး တရုတ်ရဟန်းတော်တွေကတော့ သူတို့ရဲ့ မှတ်တမ်းတွေထဲမှာ ဒီသပိတ်ကြီးဟာ
ဗုဒ္ဓက ပရိနိဗာန်ပြုရန် ကုဿိနာရုံကိုအသွားမှာ ဝေသာလီပြည် (ယခုအိန္ဒိယအရှေ့မြောက်ပိုင်းက ဘီဟာပြည်နယ်) က ဒါယကာ ဒါယိကာမတွေကို စွန့်ခဲ့တဲ့ သပိတ်တော်ဖြစ်ပြီး ဝေသာလီပြည်သူပြည်သားတွေက အမြတ်တနိုးနဲ့ ပူဇော်ထားရာမှ အေဒီ ၂ရာစုမှာ
ဒီဒေသကို အောင်နိုင်တဲ့ အာရှငအလယ်ပိုင်းသား မွန်ဂိုဖြူ ကုရှန်မင်းဆက်
ဘုရင်တစ်ပါးဖြစ်တဲ့ ကနိသျှမင်းက ဝေသာလီပြည်ကနေ အဲဒီခေတ်က ပွတ်ရှပူရလို့ခေါ်တဲ့
အခု ပွတ်ဆ၀ါမြို့ကို ယူဆောင်လာခဲ့ခြင်း ဖြစ်ပါသတဲ့။

ဒါပေမဲ့ နောက်ပိုင်းပညာရှင်တွေကတော့ကတော့ ဗုဒ္ဓသပိတ်တော်အစစ်ဆိုတဲ့ အယူအဆထက်
ဗုဒ္ဓရဲ့ သပိတ်တော်ကို တုပပြီး ထုဆစ်ကာ ကျောင်းတော်မှာ ဒါယကာတွေ လူဘွယ်ဝတ္တုအစုစုကို ကပ်လှူပူဇော်ဖို့ ထားထားတဲ့ သပိတ်တော် ဖြစ်နိုင်တယ်။ ကျောင်းတွေ ဘုရားတွေမှာ ဒီလို သပိတ်ကြီးတွေ ထားတဲ့ အလေ့အထမျိုး သီရိလင်္ကာ-မြန်မာ-ထိုင်း-လော နဲ့ ကမ္ဘောဒီယား တို့မှာ တွေ့ရကြောင်း သူတို့ကဆိုပါတယ်။ (ရွှေတိဂုံ ဘုရားမှာတောင် ကျောက်သပိတ်ကြီးရှိပါတယ်၊
“သင်ပုတ်” လို့ မြန်မာတွေက ခေါ်ကြတယ်ထင်တာပဲ)။

ဝေသာလီကနေ ပက်ရှဝါကိုရောက်လာရတဲ့ ဒီသပိတ်တော်ကြီးဟာ
အစ္စလာမ်ဘာသာဝင် အာဖဂန်မင်းတွေလက်ထက်ကိုရောက်တော့ ဟိုဗလီမှ ဒီဗလီ
ဒီဗလီမှ ဟိုပလီ ဆီ ပြောင်းရွေ့စံစားရပါသတဲ့။ ဒီသပိတ်နဲ့ ပတ်သက်တဲ့ အကြောင်းအချက်တွေကို
၁၉ ရာစု ဗြိတိသျှ ကိုလိုနီအရာရှိတွေက မှတ်တမ်းတွေ တင်ခဲ့ကြပါသတဲ့။
နောက်ဆုံး သပိတ်တော်ကြီး အရွေ့ခံရတာတဲ့ နေရာက ကန်ဒါဟာ မြို့စွန်က ဘာဘာဗလီကြီးပါ။

ဒါပေမဲ့လည်း ၁၉၈၀ နှစ်များက ဆိုဗီယက် ကျောထောက်နောက်ခံပြုထားတဲ့
နဂျီဘူလာရဲ့ ဆိုရှယ်လစ်အစိုးရလက်ထက်မှာတော့ အာဖဂန်ရဲ့ အမျိုးသားယဉ်ကျေးမှု အမွေအနှစ်တစ်ခုအဖြစ် ကဘူးအမျိုးသားယဉ်ကျေးမှုပြတိုက်ဆီ ရွေ့ပြောင်းလာရပါတယ်။

ထူးထူးဆန်းဆန်းပဲ အာဂဖန်မှာ ဘာသာရေးအစွန်းရောက် တာလီဘန်တွေအာဏာရချိန်
နိုင်ငံရဲ့ ရှေးဟောင်းအမွေအနှစ်ဖြစ်တဲ့ ဗုဒ္ဓယဉ်ကျေးမှုဆိုင်ရာ အဆောက်အဦးတွေ
ရုပ်ပွားတော်တွေ ဆင်းတုတွေ ကျမ်းစာတွေ ပစ္စည်းတွေ ဖျက်ဆီးခံရချိန်မှာ
ပြတိုက်ထဲက ဒီသပိတ်တော်ကြီးကို တာလီဘန်တွေက လက်ဖျားနဲ့ မတို့ခဲ့ကြဘူး၊
အကြောင်းက သပိတ်တော်ရဲ့ ပတ်ပတ်လည်မှာ ရွှေဆေးရေးနဲ့ ကိုရမ်ကျမ်းထဲက
အာရဗီစာသားတွေ ရေးထိုးထားလို့ပဲတဲ့။ ဒီလို ကိုရမ်ကျမ်းထဲက အာရဗီစာသားတွေ ရေးထိုးပြီး သပိတ်တော်ကြီးကို ကာကွယ်ပေးခဲ့တဲ့ အမည်မသိသူကို နောက်ပိုင်းပညာရှင်တွေက ချီးကျူးဂုဏ်ပြုကြပါတယ် သူသာ မကယ်ရင် ဒီသပိတ်ကြီး တာလီဘန်တွေလက်ထဲမှာ ထုချေဖျက်ဆီးခံရမှာ အသေအချာပါပဲ။

အခု အိန္ဒိယက လွှတ်လိုက်တဲ့ ပညာရှင်တွေဟာ သပိတ်ကြီးကို စစ်ဆေးကြမယ်၊
တကယ်လို့သာ သပိတ်ကြီးကို ထုဆစ်ထားတဲ့ လိပ်သဲကျောက်အမျိုးအစား
အာဖဂန်မှာမရှိဘူးဆိုရင် အိန္ဒိယကနေ အလုယူခံသွားရတဲ့ အမျိုးသာအမွေအနှစ်တစ်ရပ်အဖြစ် အာဇဂန်အစိုးရဆီမှာ ပြန်တောင်းပါမယ်တဲ့၊ သူတို့အကြောင်းပြချက်က ၂၀၀၁ ခုနှစ်က
တာလီဘန်တွေ ဒိုင်းနမိုက်နဲ့ ဖြိုချဖျက်ဆီးလိုက်တဲ့ ဘာမီယန်သဲကျောက်တောင်တွေဆီက ကျောက်ထွင်းရုပ်ပွားတော်တွေလို တချိန်မှာ ဒီသပိတ်တော်ကြီးကို မဖျက်ဆီးပါဘူးလို့ ဘယ်သူအာမခံနိုင်ပါ့မလဲတဲ့။

ဘယ်လိုပဲဖြစ်ဖြစ် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆၀၀ ကျော် ဗုဒ္ဓခေတ်က ကျောက်သပိတ်ကြီးကို
အခုအချိန်အထိ နှောင်းလူတွေ တွေ့မြင်နိုင်အောင် ထိန်းသိမ်းပေးခဲ့ကြတဲ့ ဘာသာအသီးသီးက သူတော်ကောင်းကြီးများကို ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ ကျေးဇူးအထူးတင်ရှိပါတယ်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...