Friday, January 17, 2014

အာဆီယံဥက္ကဋ္ဌတာဝန်ယူထားချိန်တွင် ပြည်တွင်းပဋိပက္ခများကို တည်ငြိမ်စွာဖြေရှင်းပြီး ၂၀၁၅ အမီ အာဆီယံအသိုက်အမြုံပေါ်ပေါက်ရေး အဓိကထားကြိုးပမ်းမည်ဟု မြန်မာနိုင်ငံခြားရေးဝန်ကြီး ပြောကြား


Friday, January 17, 2014


 


ဇန်န၀ါရီ ၁၆ ရက်က ပုဂံမြို့တွင် ပြုလုပ်သည့် အာဆီယံအဆင့်မြင့်အရာရှိများ အစည်းအဝေးတွင် တက်ရောက်လာသူများအား တွေ့ရစဉ် (ဓာတ်ပုံ- ဥာဏ်ဝင်းရှိန်)


အာဆီယံအဖွဲ့၏ ၂၀၁၄ ခုနှစ် အလှည့်ကျဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံမှ တာဝန်ယူ ထမ်းဆောင်သည့် သက်တမ်းကာလအတွင်း ပြည်တွင်းပဋိပက္ခများကို တည်ငြိမ်စွာဖြေရှင်းမည်ဖြစ်ပြီး ၂၀၁၅ ခုနှစ်အမီ အာဆီယံအသိုက်အမြုံပေါ်ပေါက်ရေးအတွက် အဓိကထား ကြိုးပမ်းသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောကြားသည်။

မြန်မာနိုင်ငံက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ရယူပြီး ပထမဆုံးပြုလုပ်သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမစတင်မီ ဇန်န၀ါရီ ၁၆ ရက်က သတင်းမီဒီယာ ခုနစ်ခုနှင့် ပုဂံမြို့၌ သီးခြားတွေ့ဆုံစဉ် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ထိုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ရာတွင် ပြည်တွင်း၌ဖြစ်နေသော ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ ရခိုင်ပြည်နယ်နှင့် နိုင်ငံအနှံ့တွင်ဖြစ်ပွားခဲ့သော ပဋိပက္ခများ၊ တိုင်းရင်းသားလက်နက်ကိုင် ပြဿနာများ အပါအ၀င် ပြည်တွင်းပဋိပက္ခများကို ငြိမ်းချမ်းသည့် နည်းလမ်းဖြင့် တည်တည်ငြိမ်ငြိမ် ညီညီညွတ်ညွတ်ဖြေရှင်းသွားမည်ဖြစ်ကြောင်း၊ အဆိုပါ ပဋိပက္ခများကြောင့် အာဆီယံဥက္ကဋ္ဌတာဝန် ၀တ္တရားများအပေါ် အနှောင့်အယှက်ဖြစ်မည်မဟုတ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောကြားသည်။

“ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ဖြစ်စဉ်တွေပေါ်မူတည်ပြီးတော့ အချို့တွေက ဘာသာရေးပြဿနာအဖြစ် ပုံဖော်လာတာရှိတယ်။ သို့သော်လည်း လက်ရှိအနေအထားမှာ ပြည်ပက မသိနားမလည်လို့ဘဲဖြစ်ဖြစ် မမှန်မကန်တဲ့ သတင်းတွေကို အခြေခံပြီးပဲဖြစ်ဖြစ် စွပ်စွဲပြီး တစ်စုံတစ်ရာ အတိုင်းအတာအထိ ဖိအားပေးလာတာတွေကို တတ်နိုင်သလောက် ဖြေရှင်းဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒီကိစ္စကလည်း ကျွန်တော်တို့နိုင်ငံမှာ ဘာသာပေါင်းစုံ ညီညီညွတ်ညွတ်နဲ့ သဟဇာတမျှမျှ သမိုင်းနဲ့ချီပြီးနေလာခဲ့တာ ဖြစ်တဲ့အတွက် ဒီအချိန်ကျမှ ကျွန်တော်တို့က ဘာသာရေးကိုအကြောင်းပြုပြီးတော့ ပဋိပက္ခတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာဖို့ မမျှော်မှန်းဘူး။ မဖြစ်အောင်လည်း တာဝန်ရှိတဲ့အပိုင်းက တတ်နိုင်သလောက် ဆောင်ရွက်နေပါတယ်။ မတူညီတဲ့ ဘာသာဝင်တွေကြားမှာ အပြန်အလှန် နားလည်လေးစားမှုရှိဖို့ ရှင်းပြနေပါတယ်။ ဒါဟာ နိုင်ငံတကာပြဿနာ၊ ဒေသတွင်း ပြဿနာဖြစ်လာဖို့ အကြောင်းမရှိပါဘူး” ဟု ဦးဝဏ္ဏမောင်လွင်က ရှင်းလင်းပြောကြားသည်။

ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမှုသည်လည်း အတော်အတန်ခရီးရောက်နေကြောင်း ၎င်းက ပြောကြားသည်။

ထို့အပြင် အာဆီယံဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံမှ တာဝန်ယူစဉ် သက်တမ်းအတွင်း အဓိက အလေးပေးလုပ်ဆောင်ရမည့် လုပ်ငန်းတစ်ခုမှာ ၂၀၁၅ ခုနှစ် မတိုင်မီ အာဆီယံအသိုက်အမြုံထူထောင်နိုင်ရန် ကြိုးပမ်းမည်ဖြစ်ကြောင်း သိရသည်။ သို့သော် အာဆီယံနိုင်ငံများအတွင်း ဖွံ့ဖြိုးမှုကွာဟချက်ရှိနေခြင်းသည် အာဆီယံအသိုက်အမြုံ တည်ထောင်မှုအတွက် အဓိကစိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း မြန်မာနိုင်ငံအနေဖြင့် ဥက္ကဋ္ဌရာထူးသက်တမ်းအတွင်း အဆိုပါ ဖွံ့ဖြိုးမှုကွာဟချက်ကို တတ်နိုင်သမျှ ညီတူညီမျှဖြစ်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ဖွံ့ဖြိုးမှုကွာဟချက်တွေကို တတ်နိုင်သမျှ ကျဉ်းမြောင်းအောင် လုပ်ဆောင်မှာပါ။ အာဆီယံညီညွတ်ရေး မူဘောင်အရ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ပြီးကဏ္ဍပေါင်းစုံမှာ ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ နိုင်ငံတွေကို ကူညီပေးမယ်ဆိုရင် အာဆီယံ အသိုက်အမြုံ လျင်လျင်မြန်မြန်ပေါ်ပေါက်လာမှာပါ။ တစ်ပြေးညီတည်း ဖွံ့ဖြိုးမလာရင်တောင် ဖွံ့ဖြိုးမှု အားကောင်းတဲ့ နိုင်ငံတွေက လက်တွဲခေါ်နိုင်ပါတယ်” ဟု မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က The Daily Eleven သို့ ပြောကြားသည်။

ထို့အပြင် အာဆီယံအသိုက်အမြုံ ထူထောင်ရာတွင် အထောက်အကူဖြစ်စေမည့် အာဆီယံနိုင်ငံများအတွင်း ဗီဇာကင်းလွတ်ခွင့်အတွက်လည်း ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်းသိရသည်။ လက်ရှိတွင် ထိုင်းနိုင်ငံနှင့် ဗီဇာကင်းလွတ်ခွင့် လက်မှတ်ထိုးရန် သဘောတူထားသော်လည်း ထိုင်းနိုင်ငံ၏ ပြည်တွင်းရေးမတည်ငြိမ်မှုများကြောင့် နှောင့်နှေးကြန့်ကြာနေကြောင်း နိုင်ငံခြားရေးဝန်ကြီးက ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် အာဆီယံဥက္ကဋ္ဌအဖြစ် ထမ်းဆောင်စဉ်ကာလအတွင်း ဒေသတွင်း ပြဿနာများကို ဘက်မလိုက်သည့်လမ်းစဉ်ဖြင့် ဖြေရှင်းမည်ဖြစ်ကြောင်း၊ ဒေသတွင်းနိုင်ငံများ၏ မတည်ငြိမ်မှုများကိုလည်း လျင်မြန်စွာဖြေရှင်းနိုင်ရန် ဆုတောင်းနေကြောင်း ဆက်လက်ပြောကြားသည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ဇန်န၀ါရီ ၁၇ ရက် (ယနေ့) တွင် ပြုလုပ်မည်ဖြစ်ပြီး ဇန်န၀ါရီ ၁၆ ရက် တွင် အာဆီယံအဆင့်မြင့်အရာရှိများ၏ အစည်းအဝေး ပြုလုပ်ခဲ့သည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...