Friday, January 31, 2014

ရန်ကုန်တိုင်း ဒေသကြီး၌ ဇန်န၀ါရီ နောက်ဆုံးအပတ်အတွင်း မတော်တဆ လူသေဆုံးမှု ခုနစ်မှုနှင့် ရေနစ်သေဆုံးမှု ရှစ်မှုဖြစ်ပွားခဲ့


မင်းသိန်းနိုင်၊ အောင်ကျော်ထက်
၂၀၁၃ ခုနှစ်အတွင်းက တောင်ဒဂုံမြို့နယ် တစ်နေရာ၌ ကလေးငယ်တစ်ဦး ရေနစ်သေဆုံးမှုကို ဆယ်ယူလာသူများကို တွေ့ရစဉ်


ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ ဇန်နဝါရီ နောက်ဆုံးအပတ်အတွင်း မတော်တဆ လူသေဆုံးမှုဖြစ်စဉ် ခုနစ်ခုနှင့် ရေနစ်သေဆုံးမှုဖြစ်စဉ် ငါးခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မတော်တဆ လူသေဆုံးခဲ့သည့် ဖြစ်စဉ်များအနက် တစ်ခုမှာ ဇန်နဝါရီ ၂၂ ရက် နံနက် ၁၁ နာရီခန့်တွင် ဒလမြို့နယ်နေ သင်္ဘောသားဖြစ်သူ ကို......(၂၃)နှစ် သည် လှိုင်မြစ်၊ ဆင်မလိုက် သင်္ဘောကျင်း ဘောတံတားရှိ ပုဂ္ဂလိကပိုင် သင်္ဘောတစ်စီးပေါ်တွင် ယာဘက်ရမ်းနှင့် ၎င်း၏ခါးကို ကြိုးချည်ကာ ငြမ်းစင်ပေါ်ထိုင်၍ ကျောက်စက်ဖြင့် သံချေးများ တိုက်ချွတ်နေစဉ် ခါးနှင့်ထိန်းချည်ထားသောကြိုးမှာ ပြတ်ကျသွားသဖြင့် ကျောက်စက်အားကိုင်လျက် ရေထဲသို့ ပြုတ်ကျသွားခဲ့ပြီး ကျောက်စက်ထဲသို့ ရေဝင်ကာ ဓာတ်လိုက် သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ မတော်တဆ ဖြစ်စဉ်နည်းတူ ဇန်နဝါရီ ၂၂ ရက်တွင် ဆိပ်ကမ်းမြို့နယ်တွင် သင်္ဘောတစ်စီးပေါ်၌ စက်ခန်းအုပ် အမျိုးသားတစ်ဦး မူးလဲပြီး ဦးခေါင်းနှင့် စက်ဆောင့်မိကာ သေဆုံးခဲ့သည့်ဖြစ်စဉ်၊ ယင်းမြို့နယ်၌ပင် ဇန်နဝါရီ ၁၆ ရက်တွင် ငါးဖမ်းစက်လှေ တစ်စီးပေါ်တွင် စက်ပြင်ဆရာတစ်ဦး စက်ပြင်ရာမှ ခြေချော်ကျကာ ခွမ်းစက်ချိန်ကြိုးနှင့် အင်္ကျီကော်လံစ ညပ်ပါသွားပြီး လှေဝမ်းအတွင်း သံတိုင်ဖြင့် ရိုက်မိ သေဆုံးခဲ့သည့် ဖြစ်စဉ်တို့ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ထို့အတူ ဇန်နဝါရီ ၂၁ ရက် တွင် ဒဂုံတောင်မြို့နယ် သစ်လုံးတင်ယာဉ် ယာဉ်နောက်လိုက်တစ်ဦး သစ်ပုံပေါ်မှ ပြုတ်ကျသေဆုံးခဲ့သည့် ဖြစ်စဉ်၊ ဇန်နဝါရီ ၂၂ ရက်နေ့တွင် မင်္ဂလာဒုံမြို့နယ်၌ အမျိုးသမီးတစ်ဦး ငုံးဖောက်စက် မော်တာစက်၌ ၎င်း၏သိုးမွေးဦးထုပ် မေးသိုင်းကြိုးနှင့် ငြိပါသွားကာ လည်ပင်းညှစ်မိ သေဆုံးခဲ့မှုနှင့် ဇန်နဝါရီ ၂၄ ရက်တွင် မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်၌ အမျိုးသမီးတစ်ဦး မုန့်တိုက်အတွင်း မီးခလုတ်ပိတ်ရာမှ ဓာတ်လိုက်သေဆုံးခဲ့သည့် ဖြစ်စဉ်တို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရေနစ်သေဆုံးမှု ဖြစ်စဉ်များမှာ ဇန်န ဝါရီ ၂၂ ရက်တွင် အင်းစိန်မြို့နယ်၌ မော်ဒယ်သရုပ်ဆောင်တစ်ဦး ရေနစ်သေဆုံးမှုနှင့် ဇန်နဝါရီ ၂၂ ရက်၊ ၂၃ ရက်၊ ၂၄ ရက်၊ ၂၅ ရက်နေ့တို့တွင် လှိုင်သာယာမြို့နယ်၊ ဒလမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ အလုံမြို့နယ်တို့၌ အမျိုးသားလေးဦး ရေမြောင်းများတွင် အသီးသီးပြုတ်ကျ သေဆုံးခဲ့သည့် ဖြစ်စဉ်တို့ ဖြစ်ပွားခဲ့သည်။

ထို့အတူ ဇန်နဝါရီ ၂၈ ရက်နေ့တွင်လည်း မင်္ဂလာဒုံမြို့နယ်နှင့် ကျောက်တန်းမြို့နယ်တို့တွင် အသက် နှစ်နှစ်အရွယ် ကလေးနှစ်ဦး ရေမြောင်း၊ ရေကန်တို့၌ အသီးသီး ပြုတ်ကျသေဆုံးခဲ့သည့် ဖြစ်စဉ်နှစ်ခု အပါအဝင် ကော့မှူးမြို့နယ်၌ အမျိုးသားတစ်ဦး သောက်ရေကန်ထဲတွင် ရေနစ်သေဆုံးသည့် ဖြစ်စဉ်တို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။


0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...