Friday, January 31, 2014

ပြည်သူများနှင့် အဖွဲ့အစည်းအသီးသီးမှ ပေးပို့ထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အကြံပြုချက်များပါဝင်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာ ပြည်ထောင်စုလွှတ်တော်သို့ ယနေ့(ဇန်န၀ါရီ၃၁)တွင်တင်သွင်းမည်


ဝေယံဖြိုးဦး၊ ငြိမ်းဇော်လင်း
ဇန်န၀ါရီ ၃၀ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တက်ရောက်လာသော လွှတ်တော်ကိုယ်စားလှယ်များအား တွေ့ရစဉ်


ပြည်သူများနှင့် အဖွဲ့အစည်းအသီးသီးမှ ပေးပို့ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကြံပြုချက်များပါဝင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို ယနေ့ (ဇန်န၀ါရီ ၃၁ရက်)တွင် တင်သွင်းမည် ဖြစ်သည်။ ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသည် ပြည်သူများထံမှ အကြံပြုချက်များကို နိုဝင်ဘာ ၈ ရက်မှ စတင်ကောက်ခံခဲ့ပြီး အကြံပြုချက်များပေးပို့ရန် နောက်ဆုံးအချိန်ဖြစ်သည့် ဒီဇင်ဘာ ၃၁ ရက်အထိ အကြံပြုချက်စောင်ရေ စုစုပေါင်း ၂၈၂၄၇ စောင် ရရှိခဲ့သည်။

ရရှိခဲ့သည့် ပြည်သူများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ အကြံပြုချက်များအပြင် ကော်မတီသို့ရောက်ရှိလာသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တပ်မတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး နှင့် NGO များထံမှ အကြံပြုချက်များအားလုံးကို ကော်မတီ၏ အစီရင်ခံစာတွင် ထည့်သွင်း ဖော်ပြသွားမည်ဟုသိရသည်။

ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လေ့လာသုံးသပ်ရေးပူးပေါင်းကော်မတီအဖွဲ့ဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဆိုင်ပေါင်းနပ်က“ အဖွဲ့က အကြံပေးလာတဲ့ဟာတွေ အားလုံးကို တင်လိုက်တယ်။ ဘယ်အချက်တွေ ပြင်ဆင် ပယ်ဖျက်သင့်တယ်ဆိုတာ ပြည်ထောင်စုလွှတ်တော်အပေါ် မူတည်တယ်။ ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ကြမှာပဲ။ အဲဒီလိုဆုံးဖြတ်မှုကိုလည်း ဒီန၀မအကြိမ် လွှတ်တော်အစည်းအဝေးမှာပဲ ဆောင်ရွက်ကြမှာပါ”ဟု ဇန်န၀ါရီ ၃၀ ရက်တွင် ပြောကြားသည်။

ပြည်သူ့အကျိုးစီးပွားကို ကြည့်ပြီး ဖွဲ့ စည်းပုံအခြေခံဥပဒေအား သုံးသပ်ပြင်ဆင်ရာတွင် သတိကြီးစွာဖြင့် ဆောင်ရွက်ရန်လိုသလို ကောင်းရန်အတွက် ပြောင်းလဲသင့်သည်များကို ရဲ့ဝံ့စွာဆောင်ရွက်ရန် အရေးကြီးကြောင်း အာဏာရ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက ပါတီဝင်များအား ပြောကြားထားသည်။

“ကျွန်တော်တို့က ပြင်ဆင်ဖို့ အကြိတ်အနယ် ဆွေးနွေးတယ်။ သို့သော် ကျွန်တော်တို့က လူနည်းစုဖြစ်တယ်။ ကျွန်တော်တို့ ပါတီတွေက လွှတ်တော်မှာ အင်အားနည်းတယ်။ ဒီနေ့အစည်းအဝေးမှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ဖို့ ပြင်ဆင်ရေးဘက်ကနေ အကြိတ်အနယ် ဆွေးနွေးခဲ့တယ်။လွှတ်တော်ထဲမှာ ပြည်ခိုင်ဖြိုးပါတီက အင်အားအများဆုံးဖြစ်တယ်။ အဲဒီအထဲမှာ ပြင်ချင်တဲ့ သူတွေရှိမယ်။ မပြင်ချင်တဲ့ သူတွေရှိမယ်။ ပြီးတော့ တပ်မတော်သားတွေ ရှိတယ်။မဲခွဲလိုက်ရင် ဘယ်လိုအဖြေထွက်လာမလဲ စောင့်ကြည့်ရမှာပဲ။ ကျွန်တော်ထင်တာတော့ သိပ်မလွယ်ဘူး“ဟု ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောကြားသည်။

ပြည်သူများထံမှ ရရှိခဲ့သည့် အကြံပြုချက်စောင်ရေ ၂၈၂၄၇ အား အခန်းလိုက် အကြံပြုချက်အဖြစ် ပြန်လည်စိစစ်သုံးသပ်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁)ပါ နိုင်ငံတော်၏ အခြေခံမူများကို ပြင်ဆင်ရန် အကြံပြုချက်သည် အများဆုံးဖြစ်ကြောင်း သိရှိရသည်။
ဒုတိယအများဆုံး အကြံပြုချက်ရရှိခဲ့သည့် အခန်းမှာ (၁၂)ဖြစ်ပြီး အကြံပြုချက်စုစုပေါင်း ၁၀၅၂၃၃ ချက်ရှိခဲ့သည်။အခန်း (၁၂)မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းအခန်းဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က သဘောတူရန်လိုခြင်း၊ ပြည်လုံးကျွတ် ဆန္ဒခံယူကာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည် စသည့်အချက်များပါဝင်သည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်နှင့် သက်ဆိုင်သည့် နိုင်ငံတော်သမ္မတ အရည်အချင်းဆိုင်ရာ ပုဒ်မ ၅၉ (စ)ပါဝင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း ၃ အား ပြင်ဆင်ရန် အကြံပြုချက် ၃၃၆၉ ချက်ရှိခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီ၏ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ အစီရင်ခံစာတွင် ပုဒ်မ ၅၉ (စ)အား ပယ်ဖျက်ခဲ့ခြင်းမရှိသော်လည်း အနည်းငယ်ပြင်ဆင်သင့်ကြောင်းနှင့် အခြားပြင်ဆင်သင့်သည့်အချက် ၇၃ ချက်ရှိ ကြောင်း ပါဝင်ခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ အစီရင်ခံစာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်ပေါင်း ၁၆၈ ချက်အား ပြင်ဆင်သင့်ကြောင်း သုံးသပ်တင်ပြထားသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...