Friday, January 31, 2014

ငွေကြေးဖောင်းပွမှုကြောင့် ပြည်သူများ၏ ပိုင်ဆိုင်မှုတန်ဖိုးများ လျော့ကျမှုမှ ကာကွယ်ရန် စတော့အိတ်ချိန်း ပိုမိုဆောလျင်စွာ ပေါ်ပေါက်သင့်ဟုဆို


နွဲ့ယဉ်အေး
တိုကျိုစတော့ အိတ်ချိန်းတွင် ညွှန်းကိန်းများ ကြည့်နေသူ နှစ်ဦးကို တွေ့ရစဉ်


မြန်မာနိုင်ငံသည် လာမည့်နှစ်များအတွင်း ငွေကြေးဖောင်းပွမှု ဆက်လက်တိုးမြင့် နိုင်ကြောင်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)က သုံးသပ်လျက် ရှိနေပြီး ငွေကြေးဖောင်းပွမှုကြောင့် ပြည်သူများ၏ ပိုင်ဆိုင်မှုတန်ဖိုးများ လျော့ကျမှုမှ ကာကွယ်နိုင်သည့် ကိရိယာတစ်ခုဖြစ်သည့် စတော့အိတ်ချိန်းဈေးကွက် ပိုမိုဆောလျင်စွာ ပေါ်ပေါက် ရန် လိုသည်ဟု ဂျပန်စတော့အိတ်ချိန်း ပညာရှင်တစ်ဦးက သုံးသပ်ပြောကြားသည်။

“သီအိုရီအရ ငွေကြေးဖောင်းပွတာနဲ့ စတော့ဈေးကလည်း လိုက်ပြီးတော့ တက်ပါတယ်။ Equityကိုယ်နှိုက်က ငွေကြေးဖောင်းပွနေတဲ့ အခြေအနေအောက်မှာ ရင်းနှီးမြှုပ်နှံသူရဲ့ ပိုင်ဆိုင်မှုတွေကို ကာကွယ်နိုင်တဲ့ သဘောသဘာဝ ရှိပါတယ်။ ဥပမာရွှေမှာ ရင်းနှီးမြှုပ်နှံတာမျိုးပါ။ မြန်မာပြည်သားတွေရဲ့ ပိုင်ဆိုင်မှုတွေကို ကာကွယ်ဖို့ စတော့အိတ်ချိန်းကို ပိုပြီးစောစော ပေါ်ပေါက်အောင် လုပ်ဆောင်ဖို့ လိုပါတယ်”ဟု ၎င်းက ပြောကြားသည်။

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF က လာမည့် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုများ မြင့်မားနိုင်ကြောင်း ဇန်နဝါရီ ၂၁ ရက်က ထုတ်ပြန်သော အစီရင်ခံစာ၌ ပါရှိသည်။

အဆိုပါ ထုတ်ပြန်ချက်အရ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂ဝ၁၃- ၂ဝ၁၄ ဘဏ္ဍာရေးနှစ် အကုန်တွင် ခြောက်ရာခိုင်နှုန်းအထက် ရောက်ရှိမည်ဖြစ်ပြီး ၂ဝ၁၄-၂ဝ၁၅ တွင် ဖောင်းပွမှု အမြင့်ပိုင်းတွင် ဆက်လက် တည်ရှိနေမည်ဟု သိရသည်။

၂ဝ၁၂ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ဂျီဒီပီတိုးတက်မှု ရာခိုင်နှုန်းမှာ ၆ ဒသမ ၅ ရာခိုင်နှုန်းနှင့် ငွေကြေးဖောင်းပွမှုမှာ ၁ ဒသမ ၅ ရာခိုင်နှုန်းရှိခဲ့ပြီး ၂ဝ၁၃ ခုနှစ်အတွင်း ဂျီဒီပီတိုးတက်မှု ရာခိုင်နှုန်းမှာ ၆ ဒသမ ၈ ရာခိုင်နှုန်း ရှိခဲ့သော်လည်း ငွေကြေးဖောင်းပွမှုမှာ ၆ ဒသမ ၅ ရာခိုင်နှုန်းအထိ များစွာတိုးတက် ဖောင်းပွလာခဲ့ကြောင်း နိုင်ငံတကာ အဖွဲ့အစည်းများမှ ကောက်ယူခဲ့သည့် စစ်တမ်းများအရ သိရသည်။

မြန်မာနိုင်ငံတွင် ကောင်းမွန်သော စတော့ဈေးကွက် ဖြစ်လာရန် လိုအပ်သည့် အကြောင်းရင်းများတွင် ငွေကြေးဖောင်းပွမှုနှုန်းကို ငါးရာခိုင်နှုန်းအောက် ထိန်းထားနိုင်ရန် လိုအပ်ကြောင်း စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက သုံးသပ်ထားသည်။

ရန်ကုန်စတော့အိတ်ချိန်းကို ၂ဝ၁၅ ခုနှစ် အောက်တိုဘာတွင် ပေါ်ပေါက်လာစေရန် ရည်မှန်းချက်ထား လုပ်ဆောင်လျက်ရှိသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...