Friday, January 31, 2014

မွတ်ဆလင်သူပုန်များကို အစွမ်းကုန်ဖြိုခွင်းမည်ဟု ဖိလစ်ပိုင်သမ္မတဆို





ဖိလစ်ပိုင်တွင် ဆယ်စုနှစ်နှင့်ချီ ကြာညောင်းသည်အထိ အုံကြွနေသော ခွဲထွက်ရေး စစ်သွေးကြွများကို စစ်တပ်က ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်မှု ပြုလုပ်နေပြီ ဖြစ်သည်။

ဖိလစ်ပိုင် သမ္မတ ဘီနီဂို အကွီနိုက အဖျက်သမား မွတ်ဆလင် ခွဲထွက်ရေး သူပုန်အဖွဲ့များကို ဖြိုခွင်းရန် အပြင်းအထန် လုပ်ဆောင်သွားမည်ဟု ပြောကြားလိုက်သည်။ ဖိလစ်ပိုင်တွင် ဆယ်စုနှစ်နှင့်ချီ ကြာညောင်းသည်အထိ အုံကြွနေသော ခွဲထွက်ရေး စစ်သွေးကြွများကို စစ်တပ်က ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်မှု ပြုလုပ်နေပြီ ဖြစ်သည်။ ယခုရက်ပိုင်းအတွင်း စစ်တပ်၏ ထိုးစစ်များကြောင့် စစ်သွေးကြွ (၃၈)ဦးထက်မနည်း သေဆုံးခဲ့သလို ယင်းတိုက်ခိုက်မှုများကို ဆက်လက် မြှင့်တင်ရန် သံဓိဋ္ဌာန် ချထားကြောင်း အကွီနိုက ဆိုသည်။

အစိုးရသည် နိုင်ငံ၏ အင်အားတောင့်တင်းသော သူပုန်အဖွဲ့ တစ်ခုဖြစ်သည့် ဘန်ဆာမိုရို အစ္စလာမ်မစ် လွတ်မြောက်ရေး စစ်သည်များ (BIFF)နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုကို စနေနေ့က ရပ်ဆိုင်းလိုက်သည်။ ထို့နောက် ချက်ချင်းလိုလိုပင် သူပုန်တပ်များ အခြေစိုက်ရာ နယ်မြေများတွင် တပ်များဖြန့်ကျက်ကာ ထိုးစစ်ကို စတင်ခဲ့သည်။ "လက်နက်ကိုင် တပ်ဖွဲ့တွေဟာ ဒီစစ်ဆင်ရေးတွေကို အလေးအနက် လုပ်ဆောင်မှာပါ။ ကျွန်တော်တို့ ဖိလစ်ပိုင် လူထုကို ထိခိုက်လာစေမယ့် ဥပဒေမဲ့ လှုပ်ရှားမှုတိုင်းကို တိုက်ဖျက်သွားပါမယ်။ အဖျက်သမားတွေရဲ့ လုပ်ဆောင်မှုတိုင်းကို ဆိုးဆိုးရွားရွား ကျဆင်းထိခိုက်သွားစေရမယ်။ သူတို့ဟာ ငြိမ်းချမ်းမှုကို နှောင့်ယှက် ဖျက်ဆီးနေသူတွေ ဖြစ်ပါတယ်"ဟု အကွီနိုက မနီလာမြို့တော်တွင် သတင်းထောက်များအား ပြောကြား သွားခဲ့သည်။

ဖိလစ်ပိုင်တွင် အင်အားအကြီးဆုံး အစ္စလာမ်မစ် သူပုန်အဖွဲ့မှာ မိုရိုအစ္စလာမ်မစ် လွတ်မြောက်ရေး တပ်ဦးဖြစ်ပြီး (၁၉၇၀)ပြည့်လွန် နှစ်များကတည်းက မွတ်ဆလင်ဦးရေ ထူထပ်သည့် နယ်မြေများကို ခွဲထွက်ခွင့်ပေးရန် အစိုးရကို ထောင်ထားခြားနား တိုက်ခိုက်လျှက် ရှိသည်။ ဖိလစ်ပိုင်သည် ကက်သလစ် ဘာသာဝင် အများစု နေထိုင်သော နိုင်ငံဖြစ်သည်။ အဆိုပါ နှစ်များအတွင်း သူပုန်များ၏ တိုက်ခိုက်မှုကြောင့် သေဆုံးသူ အရေအတွက်သည် (၁၅၀၀၀၀)ကျော် ရှိခဲ့ကြောင်းလည်း သိရှိရသည်။

Planet Myanmar Network

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...