Wednesday, January 29, 2014

၂၀၁၃ ခုနှစ်အတွင်း ကမ္ဘာ့စမတ်ဖုန်းရောင်းအား အလုံးရေ တစ်ဘီလျံကျော်ခဲ့






စမတ်ဖုန်းအလုံးရေ ၁ ဘီလျံကျော် တင်ပို့ရောင်းချခဲ့ရသဖြင့် ကမ္ဘာ့စမတ်ဖုန်းဈေးကွက်သည် ၂ဝ၁၃ ခုနှစ်အတွင်း သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့သည်ဟု ဇန်နဝါရီ ၂၇ ရက်က ထုတ်ပြန်ခဲ့သော ဈေးကွက်သုတေသနလုပ်ငန်း IDC ၏ လေ့လာမှုတစ်ရပ်တွင် ဖော်ပြခဲ့သည်။

ယင်းရောင်းအားတွင် ၃၁ ဒသမ ၃ ရာခိုင်နှုန်းမှာ ဆမ်ဆောင်း၏ရောင်းအားဖြစ်ပြီး ရောင်းအား ၁၅ ဒသမ ၃ ရာခိုင်နှုန်းရှိသည့် အက်ပဲလ်ကို ကျော်လွန်ကာ ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းအရောင်းလုပ်ငန်းအဖြစ် ဆမ်ဆောင်းကုမ္ပဏီက ဆက်လက်ရပ်တည်နိုင်ခဲ့သည်ဟု သိရသည်။

မိုဘိုင်းဖုန်းကုမ္ပဏီများသည် ယခင်နှစ်အတွင်း စမတ်ဖုန်းအလုံးရေ ၁ ဒသမ ဝဝ၄ ဘီလျံ ရောင်းချခဲ့ရပြီး ၂ဝ၁၂ ခုနှစ်ကထက် ရောင်းအား ၃၈ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်ဟု IDC ကထုတ်ပြန်ခဲ့သည်။ စုစုပေါင်း မိုဘိုင်းဖုန်းရောင်းအား ၁ ဒသမ ၈ ဘီလျံတွင် ၅၅ ရာခိုင်နှုန်းမှာ စမတ်ဖုန်းများဖြစ်သည်ဟု သိရသည်။

“၂ဝ၁၁ ခုနှစ်အတွင်းက အလုံးရေ ၄၉၄ ဒသမ ၄ လုံးရောင်းချခဲ့ရတဲ့ ကမ္ဘာ့စမတ်ဖုန်းရောင်းအားဟာ နှစ်နှစ်အတွင်းမှာ နှစ်ဆတက်လာတာဖြစ်ပါတယ်။ ဒါဟာ စမတ်ဖုန်းဝယ်လိုအားမြင့်မားပြီး စမတ်ဖုန်းတွေကို အသားပေးတဲ့ မိုဘိုင်းဖုန်းလုပ်ငန်းတွေရဲ့ နည်းဗျူဟာတွေ၊ ၂ဝ၁၃ ခုနှစ်အတွင်း စမတ်ဖုန်းရေပန်းစားမှုကို သက်သေပြနေပါတယ်” ဟု IDC သုတေသီရေမန်က ပြောကြားခဲ့သည်။

တောင်ကိုရီးယားနည်းပညာလုပ်ငန်း ဆမ်ဆောင်းသည် ကမ္ဘာ့စမတ်ဖုန်းဈေးကွက်တွင် ဈေးကွက်ဝေစု ၄၂ ဒသမ ၉ ရာခိုင်နှုန်းဖြင့် ထိပ်တန်းအဆင့် ၁ နေရာကို ဆက်လက်ရယူနိုင်ခဲ့သည်ဟု IDC က ဖော်ပြခဲ့သည်။ နံပါတ် ၂ နေရာတွင် ရပ်တည်နေသည့် အမေရိကန် နည်းပညာလုပ်ငန်း အက်ပဲလ်သည် ၁၂ ဒသမ ၉ ရာခိုင်နှုန်းဖြင့် ဈေးကွက်ဝေစု ကျဆင်းခဲ့သည်။ တရုတ်နည်းပညာကုမ္ပဏီ ဟွားဝေက ဈေးကွက်ဝေစု ၄ ဒသမ ၉ ရာခိုင်နှုန်းဖြင့် တတိယနေရာတွင် ရပ်တည်ခဲ့ပြီး တောင်ကိုရီးယားကုမ္ပဏီ အယ်လ်ဂျီက ၄ ဒသမ ၈ ရာခိုင်နှုန်းနှင့် တရုတ်ကုမ္ပဏီ လီနိုဗိုက ၄ ဒသမ ၅ ရာခိုင်နှုန်းဖြင့် အဆင့် ၄ နှင့် အဆင့် ၅ နေရာတို့တွင် အသီးသီး ရပ်တည်ခဲ့သည်။

အမေရိကန်၊ ဥရောပနှင့် တရုတ်အပါအဝင် အဓိကဈေးကွက်များတွင် အန်းဒရွိုက်စနစ်သုံး စမတ်ဖုန်းရောင်းအားသည် အက်ပဲလ်၏ အိုင်ဖုန်းရောင်းအားကို ဆက်လက်ကျော်လွန်လာသည်ဟု ဇန်နဝါရီ ၂၇ ရက်တွင် ထုတ်ပြန်သည့် အခြားလေ့လာမှု တစ်ရပ်တွင်လည်း ဖော်ပြခဲ့သည်။

Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...