Wednesday, January 29, 2014

H7N9 ဗိုင်းရပ်စ်တွေ့ရှိပြီးနောက် ဟောင်ကောင်တွင် ကြက်အကောင်၂၀၀၀၀ သုတ်သင်




ဟောင်ကောင်တွင် ဇန်န၀ါရီ ၂၈ ရက်က ကြက်သေများကို ရှင်းလင်းနေသော တာဝန်ရှိသူများ (Photo:AFP)


ဟောင်ကောင်တွင် H7N9 ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်ကို တရုတ်မှတင်သွင်းသော ကြက်များတွင် စစ်ဆေးတွေ့ရှိပြီးနောက် ကြက်အကောင် ၂ဝ,ဝဝဝ သုတ်သင်မှုကို ဇန်နဝါရီ ၂၈ ရက်တွင် စတင်ခဲ့သည်ဟု အာဏာပိုင်များက ကြေညာခဲ့သည်။

ယင်းဗိုင်းရပ်စ်ကို ဟောင်ကောင်ရှိ ချောင်ရှာဝမ်လက်ကားဈေး၌ တရုတ်ပြည်မကြီးမှ တင်သွင်းသောကြက်များတွင် ဇန်နဝါရီ ၂၇ ရက်က စစ်ဆေးတွေ့ရှိခဲ့သည်။ ယင်းနောက် ၎င်းဈေးရှိ ကြက်များကို စတင်သုတ်သင်ခြင်းဖြစ်ကြောင်း ဟောင်ကောင်မွေးမြူရေးနှင့် ရေလုပ်ငန်းဌာန ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောကြားခဲ့သည်။ ယင်းကြက်များကို ဆေးထိုးသတ်ပြီးနောက် မြေမြှုပ်မည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။ ယင်းသုတ်သင်ရှင်းလင်းမှုကို ဒေသစံတော်ချိန် နံနက် ၁ဝ နာရီတွင် စတင်ခဲ့ပြီး ၁ဝ နာရီခန့် ကြာမြင့်မည်ဖြစ်သည်။

ရောဂါပိုးသတ်ရန်အတွက် ချောင်ရှာဝမ်ဈေးကို ၂၁ ရက်အကြာ ပိတ်ထားမည်ဖြစ်သည်။ ချောင်ရှာဝမ်ဈေးသည် ဟောင်ကောင်ရှိ တစ်ခုတည်းသော ကြက်ဘဲလက်ကားဈေးဖြစ်ပြီး စစ်ဆေးမှုရလဒ် မထွက်ရှိသေးသည့် ကြက်များကို ထိန်းသိမ်းထားရာ နေရာတစ်ခုလည်းဖြစ်သည်။ ဟောင်ကောင်တွင် ကြက်ဘဲမွေးမြူရေး လုပ်ငန်းများမှ ကြက်ဘဲဈေးများသို့ ကြက်တင်သွင်းရောင်းချမှုများကိုလည်း ဆိုင်းငံ့ထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာကတည်းက ဟောင်ကောင်တွင် H7N9 ဗိုင်းရပ်စ်ကြောင့် လူနှစ်ဦး သေဆုံးပြီးနောက်ပိုင်း ယင်းဗိုင်းရပ်စ်နှင့် ပတ်သက်၍ စိုးရိမ်မှုများ မြင့်တက်လာသည်။ ယင်းသေဆုံးသူ နှစ်ဦးစလုံးမှာ တရုတ်ပြည်မကြီးမှ ပြန်လာသူများဖြစ်သည်။

ယင်းနောက် တင်သွင်းကုန်များ အထူးသဖြင့် တရုတ်ပြည်မကြီးမှ တင်သွင်းကုန်များ၏ ဘေးကင်းစိတ်ချရမှုနှင့် ပတ်သက်၍ အများပြည်သူ၏ စိုးရိမ်မှု မြင့်တက်လာခဲ့သည်။ ဟောင်ကောင်သို့တင်သွင်းသည့် ကြက်ဘဲအရှင်များကို ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးပြီးနောက် ရက်အနည်းငယ်အကြာ ချောင်ရှာဝမ်ဈေးတွင် H7N9 ဗိုင်းရပ်စ် စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...