Monday, January 27, 2014

သိုး၏သွေးရည်ကြည်မှတစ်ဆင့် ထုတ်လုပ်ထားသည့် မြွေပွေးအဆိပ်ဖြေဆေး မြွေကိုက်လူနာများအား စတင်ကုသရာ ထိရောက်မှုရှိသည်ကိုတွေ့ရှိ


အိသဉ္ဇာကျော်

ကျန်းမာရေးဝန်ထမ်းတစ်ဦး ဆေးဝါးများ၏ အရည်အသွေးကို စမ်းသပ်စစ်ဆေးနေစဉ်


သိုး၏သွေးရည်ကြည်မှတစ်ဆင့် ထုတ်လုပ်ထားသည့် မြွေပွေးအဆိပ်ဖြေဆေးကို မြွေကိုက်လူနာများအား စတင်ကုသရာ ထိရောက်မှုရှိသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

သင်္ဃန်းကျွန်း စံပြဆေးရုံကြီးသို့ တက်ရောက်ကုသသော မြွေပွေးကိုက်လူနာ ၁၅ ဦးအပေါ်တွင် ‘3+3 dose escalation design’ ကို အသုံးပြု၍ သုတေသန ပြုလုပ်ခဲ့ကြောင်းနှင့် မြွေဆိပ်ဖြေဆေး၏ အစွမ်းထက်မှု အာနိသင်ကို ဆေးထိုးပြီး ခြောက်နာရီအကြာတွင် သွေးပြန်ခဲခြင်း ရှိမရှိကြည့်၍ တိုင်းတာခဲ့ကြောင်း သိရသည်။

ပထမ လူနာသုံးဦးကို ကနဦး ဆေးပမာဏဖြစ်သည့် ၈ဝ မီလီလီတာထိုး၍ ကုသခဲ့ရာ တစ်ဦးတွင်မျှ အောင်မြင်မှု မရခဲ့သည့်အတွက် နောက်ထပ်လူနာ ခြောက်ဦးအား ဆေးပမာဏ နှစ်ဆ ၁၆ဝ မီလီလီတာဖြင့် ကုသခဲ့ရာ လူနာလေးဦးမှာ ဆေးထိုးပြီး ခြောက်နာရီအကြာ၌ သွေးပြန်ခဲသည်ကို တွေ့ရှိရကြောင်းနှင့် ယင်းဆေးပမာဏ၌ပင် နောက်ထပ်လူနာခြောက်ဦးအား ထပ်မံကုသခဲ့ရာ ခြောက်ဦးစလုံးတွင် သွေးပြန်လည်ခဲသည်ကို တွေ့ရှိခဲ့ပြီး ကုသခဲ့သော လူနာအားလုံးတွင် ဆေး၏ဘေးထွက်ဆိုးကျိုးများ မတွေ့ရှိခဲ့ရကြောင်း သိရသည်။

သိုး၏သွေးရည်ကြည်မှတစ်ဆင့် မြွေပွေးဆိပ်ဖြေဆေး ထုတ်လုပ်နိုင်ရန် အမှတ် (၁) ဆေးဝါးစက်ရုံ ရန်ကုန်နှင့် ဆေးတက္ကသိုလ် (၁) ရန်ကုန်တို့ ပူးပေါင်းစမ်းသပ်ခဲ့ခြင်းဖြစ်သည်။


၈ဝ မီလီလီတာထိုး၍ ကုသခဲ့ရာ တစ်ဦးတွင်မျှ အောင်မြင်မှု မရခဲ့သည့်အတွက် နောက်ထပ်လူနာ ခြောက်ဦးအား ဆေးပမာဏ နှစ်ဆ ၁၆ဝ မီလီလီတာဖြင့် ကုသခဲ့ရာ လူနာလေးဦးမှာ ဆေးထိုးပြီး ခြောက်နာရီအကြာ၌ သွေးပြန်ခဲသည်ကို တွေ့ရှိရကြောင်း

မြွေဆိပ်ကို မြွေဆိပ်ထိုးနှံမှုဇယားအတိုင်း မြွေပွေးအဆိပ်သီးသန့် (Adjuvant ပဋိလှုံ့ဆော်ပစ္စည်း မပါဝင်ပါ)ကို ၁၅ ရက်ခြား၍ ကြွက်များတွင် အဆင့်ဆင့် တိုးမြှင့်ထိုးနှံခဲ့ကြောင်းနှင့် မြွေဆိပ်အားဓာတ် တုံ့ပြန်သည့်ပဋိပစ္စည်း (Antibody ထွက်ပေါ်ခြင်း ရှိမရှိ) ကို အဆိပ်ပမာဏတစ်ခု ထိုးနှံပြီး ၁ဝ ရက်အကြာတွင် သွေးဖောက်၍ ကြွက်ဖြူ ငယ်များ၏သေဆုံးမှုနှုန်းဖြင့် တိုင်းတာစစ်ဆေးခဲ့ကြောင်း သိရသည်။

သုတေသန ပြုလုပ်ချက်များအရ သိုး ၈၆ ကောင်အနက် ၅၆ ကောင် (၆၁ ဒသမ ၆ ရာခိုင်နှုန်း)သည် အဆိပ်ပမာဏ (35 mg) အဆင့် (ပျမ်းမျှစုစုပေါင်း အဆိပ်ပမာဏ - 141.9 mg) တွင် သတ်မှတ်ထားသော အဆိပ်ဖြေနိုင်မှုစွမ်းအား (0.5 mg/mL) အဆင့်သို့ ရောက်ရှိကြောင်း တွေ့ရှိရပြီး အဆိပ်ထိုးနှံထားသည့် သိုးများမှာ မြွေဆိပ်၏ဒဏ်ကို မြင်းများထက် ပိုမိုခံနိုင်ရည် ရှိသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

အဆိပ်ဖြစ်နိုင်သည့် သွေးရည်ကြည်မှ မြွေဆိပ်ဖြေဆေး ထုတ်လုပ်ရန်အတွက် သန့်စင်ခြင်းနှင့် ပြင်းအားမြှင့်တင်ခြင်းကို အမိုနီယမ်ဆာလဖိတ် အနည်ချခြင်းနည်းဖြင့် ဆောင်ရွက်ခဲ့ကြောင်းနှင့် သိုးမြွေဆိပ်ဖြေဆေးတွင် ပါဝင်သော ပဋိပစ္စည်း အရေအတွက်ကို Immunoelectro phoresis နည်းအသုံးပြု၍ မြင်းမြွေဆိပ်ဖြေဆေးနှင့် နှိုင်းယှဉ်စစ်ဆေးကြည့်ရာ သိုးမြွေဆိပ်ဆေးသည် မြင်းမြွေဆိပ်ဖြေဆေးထက် ပဋိပစ္စည်းပါဝင်မှု လျော့နည်းနေကြောင်း တွေ့ရှိခဲ့ရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...