Monday, January 27, 2014

ရန်ကုန်မြို့တွင်း ယာဉ်မရပ်ရ လမ်း ၅၇ လမ်း သတ်မှတ်ခဲ့သော်လည်း ယာဉ်များရပ်နားနေဆဲဖြစ်၍ ယာဉ်မရပ်ရ ၁၀ လမ်း ထပ်မံတိုးချဲ့သတ်မှတ်



ကျော်ထင်

တာမွေမြို့နယ်တွင်း တစ်နေရာတွင် ယာဉ်ကြောပိတ်ဆို့နေစဉ်


ရန်ကုန်မြို့တွင်း ယာဉ်မရပ်ရ လမ်း ၅၇ လမ်း သတ်မှတ်၍ ယာဉ်ရပ်နားခြင်းကို ကန့်သတ်ခဲ့သော်လည်း အချို့လမ်းများတွင် ယာဉ်ရပ်နားခြင်းများ ရှိနေဆဲဖြစ်၍ ယာဉ်ကြောများ ပိတ်ဆို့ခြင်းကြောင့် ယာဉ်မရပ်ရ ၁၀ လမ်းကို ထပ်မံတိုးချဲ့ သတ်မှတ်လိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

ရန်ကုန်မြို့တော်အတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ ထိန်းသိမ်းရာတွင် အထောက်အကူ ပြုစေရန်နှင့် ယာဉ်ကြောပိတ်ဆို့မှုများ လျော့နည်းစေရန် ရန်ကုန်မြို့ရှိ အဓိကလမ်း ၅၇ လမ်းအား ယာဉ်မရပ်ရ လမ်းမများအဖြစ် ၂၀၁၃ ခုနှစ် နိုဝင်ဘာနှင့် ဒီဇင်ဘာလများအတွင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သတ်မှတ်ကြေညာခဲ့သည်။

ထပ်မံတိုးချဲ့ သတ်မှတ်ခဲ့သော ယာဉ်မရပ်ရလမ်း ၁၀ လမ်းမှာ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်ရှိ သံသုမာလမ်းနှင့် ပင်လုံလမ်းဆုံမှ ပင်လုံလမ်းအတိုင်း ပြည်ထောင်စုလမ်းနှင့် ပင်လုံလမ်းဆုံအထိ၊ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်ရှိ ကျန်စစ်သားလမ်းနှင့် ဗိုလ်မှူးဗထူးလမ်းဆုံမှ ဗိုလ်မှူးဗထူးလမ်းအတိုင်း စက်မှုလမ်း၊ မြောက်ဥက္ကလာပ ကြိုးတံတားအထိ၊ ဒေါပုံနှင့် သာကေတမြို့နယ်အတွင်းရှိ ယမုံနာလမ်းနှင့် မင်းနန္ဒာလမ်းဆုံမှ ယမုံနာလမ်းအတိုင်း ယင်းမှရှုခင်းသာလမ်းအတိုင်း သန်လျင်တံတား ချဉ်းကပ်လမ်းဆုံအထိ၊ သာကေတမြို့နယ် အတွင်းရှိ ဧရာဝဏ်လမ်းနှင့် မင်းနန္ဒာလမ်းဆုံ (ကျောက်တိုင်)မှ ဧရာဝဏ်လမ်းအတိုင်း ဧရာဝဏ်လမ်းနှင့် ရှုခင်းသာလမ်းဆုံ (သာကေတအ၀ိုင်းအထိ)၊ လှိုင်သာယာမြို့နယ်ရှိ ဘုရင့်နောင်တံတားမှ ရန်ကုန်-ပုသိမ် လမ်းမကြီးအတိုင်း တပင်ရွှေထီးလမ်းဆုံနှင့် ရန်ကုန်-ပုသိမ် လမ်းမကြီးအထိ၊ လမ်းမတော်မြို့နယ် ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ၀ါးတန်းလမ်းဆုံမှ ၀ါးတန်းလမ်းအတိုင်း ကမ်းနားလမ်းနှင့် ၀ါးတန်းလမ်းဆုံအထိ၊ ဗိုလ်တထောင်မြို့နယ်အောက် ပုဇွန်တောင်လမ်းနှင့် ရာဇာဓိရာဇ်လမ်းအတိုင်း ကမ်းနားလမ်းနှင့် ရာဇာဓိရာဇ်လမ်းဆုံအထိ၊ ရန်ကင်းမြို့နယ် ဆရာစံလမ်းနှင့် ရန်ကင်းလမ်းဆုံမှ ရန်ကင်းလမ်းအတိုင်း သစ္စာလမ်းနှင့် ရန်ကင်းလမ်းဆုံအထိ၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ပြည်ထောင်စုလမ်းနှင့် မြ၀တီလမ်းဆုံမှ ပြည်ထောင်စုလမ်းအတိုင်း အမှတ် (၂) လမ်းနှင့် ပြည်ထောင်စုလမ်းဆုံ (ဒဂုံတောင်မြောက်လမ်းဆုံအထိ)နှင့် အင်းစိန်၊ ရွှေပြည်သာမြို့နယ်တို့ရှိ ခရေပင်လမ်းနှင့် အောက်မင်္ဂလာဒုံလမ်းဆုံ (ဒညင်းကုန်းလမ်းဆုံ) မှ အမှတ်(၄) လမ်းအတိုင်း လှော်ကားလမ်းနှင့် အမှတ် (၄) လမ်းဆုံ (လှော်ကားတာဆုံ)အထိတို့ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...