Tuesday, January 14, 2014

ရန်ကုန်တိုင်း ဒေသကြီး၌ တစ်ရက်အတွင်း ပေါ့ဆမှုကြောင့် မီးလောင်ကျွမ်းမှု ငါးကြိမ်ဖြစ်ပွား

Tuesday, January 14, 2014
မင်းသိန်းနိုင်၊ အောင်ကျော်ထက်

ဇန်န၀ါရီ ၁၂ ရက် ညပိုင်းတွင် အလုံမြို့နယ်ရှိ ဆေးလိပ်မီးမှ မီးလောင်ကျွမ်းခဲ့သော နေအိမ်တစ်အိမ်ကို မီးငြှိမ်းသတ်နေမှုအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်ထက်)


ရန်ကုန်တိုင်း ဒေသကြီး၌ တစ်ရက်အတွင်း ပေါ့ဆမှုကြောင့် မီးလောင်ကျွမ်းမှု ငါးကြိမ်ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ယင်းသို့မီးလောင်မှု ငါးကြိမ်မှာ ဇန်န၀ါရီ ၁၂ ရက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်၊ ကမာရွတ်မြို့နယ်၊ အလုံမြို့နယ်၊ မရမ်းကုန်းမြို့နယ်နှင့် သုံးခွမြို့နယ်တို့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်များအနက် ဖြစ်စဉ်တစ်ခုမှာ ဇန်န၀ါရီ ၁၂ ရက် ညနေ ၄ နာရီခန့် တွင် ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် ၆၃ ရပ်ကွက် ချောင်းသာလမ်းနှင့် စက်မှုပတ်လမ်းထောင့်ရှိ တိုးတိုးလင်း ကားဘော်ဒီရုံတွင် ဘော်ဒီရုံ အလုပ်သမားဖြစ်သူ စိုးသူ အသက် (၂၆)နှစ်မှ ကျောက်စက်တိုက်စဉ် အနီးရှိ ဓာတ်ဆီခွက်သို့ မီးပွားကျရာမှ မီးစတင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုမီးလောင်မှုသို့ မီးသတ်ကားနှစ်စီး လာရောက် မီးငြှိမ်းသတ်ခဲ့ရပြီး ညနေ ၄ နာရီ ၁၅ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

ကမာရွတ်မြို့နယ် ၆ ရပ်ကွက် ယုဇနလမ်းရှိ တိုက်ခန်း တစ်ခန်းတွင်လည်း ယင်းနေ့မွန်းလွဲ ၁ နာရီခန့်၌ ရေချိုးခန်းတွင် တပ်ဆင်ထားသော ရေပူ၊ ရေအေး ပေးစက်အား မီးမပိတ်ဘဲ ထားခဲ့ရာမှ အပူလွန် ၀ိုင်ယာရှော့ဖြစ်ကာ မီးလောင်ကျွမ်းခဲ့ရကြောင်း သိရသည်။

ထို့အတူ ယင်းနေ့ မွန်းလွဲပိုင်းတွင် အလုံမြို့နယ် စောရန်ပိုင် အနောက်ရပ်ကွက် အမှတ် ၆၆ (ဘီ)၀င်းအတွင်းရှိ ၁၀ ပေပတ်လည် သွပ်မိုး၊ သွပ်ကာ နေအိမ်တစ်လုံးတွင် ဆေးလိပ်မီးမှတစ်ဆင့် မီးလောင်ကျွမ်းခဲ့ကြောင်း၊ သုံးခွမြို့နယ် သိုက်တူးကန်ကျေးရွာ အနောက်ပိုင်းတွင်လည်း ခြင်ဆေးခွေမှတစ်ဆင့် အခင်းဖျာအား မီးကူးစက်ကာ နေအိမ်နှစ်လုံး မီးလောင်ကျွမ်းမှုနှင့် မရမ်းကုန်းမြို့နယ် ၆ ရပ်ကွက် ရဲရိပ်သာရှေ့ ပြည်လမ်းမ ပေါ်တွင်လည်း စူပါရုဗင်ယာဉ် တစ်စီးမှာ အတွင်းပိုင်း ကာဘရိုက်တာသို့ သွားသော ဓာတ်ဆီပိုက် အပူလွန်ကဲကာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်များမှ အိမ်ရှင်ဖြစ်သူတို့အား သက်ဆိုင်ရာ ရဲစခန်း အသီးသီးတို့မှ မီးပေါ့ဆစွာ သုံးစွဲမှုဖြင့် အမှုဖွင့်ထားသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...