Tuesday, January 14, 2014

ထားဝယ်စီးပွားရေးဇုန်အား စတင်လုပ်ဆောင်သည့် အီတာလျံ-ထိုင်း ကုမ္ပဏီ၏ ကုန်ကျစရိတ် ပြန်လည်ပေးနိုင်ရန် နိုင်ငံတကာ အသိအမှတ်ပြု အတိုင်ပင်ခံကုမ္ပဏီ ရွေးချယ်ရန် စီစဉ်



Tuesday, January 14, 2014
ဖြိုးဝေ

ထားဝယ်စီးပွားရေးဇုန် လုပ်ငန်းခွင် တစ်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ - ဖြိုးဇင်)


ထားဝယ်အထူး စီးပွားရေးဇုန် စီမံကိန်းတွင် အဓိက မြှုပ်နှံသူအဖြစ် လုပ်ကိုင်ခဲ့သည့် အီတာလျံ-ထိုင်း ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကုန်ကျစရိတ်များကို တွက်ချက်ကာ ပြန်လည်ပေးအပ်နိုင်ရန် နိုင်ငံတကာ အသိအမှတ်ပြု အတိုင်ပင်ခံ ကုမ္ပဏီအား ရွေးချယ်ရန် စီစဉ်နေကြောင်း မြန်မာ-ထိုင်း ဆဋ္ဌမအကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှ သိရသည်။

ထားဝယ်အထူး စီးပွားရေးဇုန် စီမံကိန်းတွင် အီတာလျံ-ထိုင်း ကုမ္ပဏီ၏ လုပ်ငန်းလုပ်ဆောင်မှုများ ရပ်ဆိုင်းနေသော်လည်း လက်ရှိတွင် စီမံကိန်းများ အကောင်အထည်ပေါ်ရန် လုပ်ဆောင်ခဲ့သည့် လုပ်ငန်းစဉ်များ အတွက် အဆိုပါ စီမံကိန်းအား အစားဝင်သူ နိုင်ငံတကာ ကုမ္ပဏီ အနေဖြင့် အီတာလျံ-ထိုင်း ကုမ္ပဏီ ကုန်ကျခဲ့သည့် မြှုပ်နှံငွေများအား အီတာလျံ-ထိုင်း ကုမ္ပဏီအား ပြန်လည်ပေးအပ် ရမည်ဖြစ်ကြောင်း ထားဝယ်အထူး စီးပွားရေးဇုန် ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ ညှိနှိုင်းရေးဆွဲရေး ဆပ်ကော်မတီဥက္ကဋ္ဌ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြားသည်။

“ထိုင်းနဲ့ မြန်မာဆက်သွယ်မယ့် မြေသားလမ်းက ကားကြီးတွေ အမြန်မောင်းလို့ရအောင် ကောင်းပါတယ်။ ဒီလမ်းမှာ ဆက်ပြီးမြှုပ်နှံမယ့်၊ အကောင်အထည် ဆက်ဖော်မယ့် ကုမ္ပဏီအနေနဲ့ အီတာလျံ-ထိုင်း ကုန်ကျခဲ့တဲ့ ငွေတွေကို ပြန်ပေးရမှာပါ။ ဒီစီမံကိန်းအတွက် ရှင်းလင်းမှုတွေ ရွှေ့ပြောင်းမယ့် ကျေးရွာတွေအတွက် အိမ်ဆောက်ခဲ့တာတွေ စတဲ့စီမံကိန်း အကောင်အထည်ပေါ်ဖို့ လုပ်ခဲ့တာတွေလည်း ရှိပါတယ်” ဟု ဦးဆက်အောင်က ဆိုသည်။

အီတာလျံ-ထိုင်း ကုမ္ပဏီ လုပ်ဆောင်ခဲ့သည့် စီမံကိန်း အကောင်အထည် ဖော်ရေးဆိုင်ရာ လုပ်ငန်းစဉ်များတွင် ဆက်လက် မြှုပ်နှံမည့် ကုမ္ပဏီအနေဖြင့် ကုန်ကျငွေများအား ပြန်လည်ပေးရမည် ဖြစ်သော်လည်း စီမံကိန်းအတွင်း အီတာလျံ-ထိုင်း ကုမ္ပဏီမှ ကုန်ကျကြောင်း တင်ပြခဲ့သည့် မြှုပ်နှံကုန်ကျငွေများအား နိုင်ငံတကာ စာရင်းစစ်များ၊ နိုင်ငံတကာ အကြံပေး အဖွဲ့အစည်းများဖြင့် စစ်ဆေးနိုင်မည်ဖြစ်ပြီး အဆိုပါ အဖွဲ့များ၏ ဆုံးဖြတ်ချက်အရသာ အီတာလျံ-ထိုင်း ကုမ္ပဏီ ကုန်ကျခဲ့သည့် မြှုပ်နှံကုန်ကျငွေအား ညှိနှိုင်းပေးအပ် စေမည်ဖြစ်ကြောင်း ဦးဆက်အောင်က ဆက်လက် ပြောကြားသည်။

၂၀၀၈ ခုနှစ်မှ စတင်ခဲ့သည့် ထားဝယ်အထူး စီးပွားရေးဇုန် စီမံကိန်းမှာ လက်ရှိကာလအထိ ဦးဆောင်လုပ်ခဲ့သည့် ထိုင်းနိုင်ငံအခြေစိုက် အီတာလျံ-ထိုင်း ကုမ္ပဏီမှ ငွေစိုက်ထုတ်နိုင်မှု အခက်အခဲကြောင့် နုတ်ထွက်သည့် အနေအထားများနှင့် ရင်ဆိုင်ခဲ့ရကာ စီမံကိန်း အောင်မြင်ရေးအတွက် လိုအပ်သည့် လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ပင်မကုမ္ပဏီ ဖြစ်သည့် Special Purpose Vehicle-1 အား နှစ်နိုင်ငံပူးတွဲ တည်ထောင်၍ ကုမ္ပဏီမှတ်ပုံတင်မှုအား ထိုင်းနိုင်ငံတွင် တည်ထောင်မှတ်ပုံ တင်ခဲ့သဖြင့် ထားဝယ်အထူး စီးပွားရေးဇုန်အား ထိုင်းနိုင်ငံမှ အလုံးစုံ ချုပ်ကိုင်မည်ဟု ပြည်သူများ စိုးရိမ်မှုများ ဖြစ်ပေါ်ခဲ့သော်လည်း အဆိုပါ စီမံကိန်းအား မြန်မာနိုင်ငံမှသာ ချုပ်ကိုင်မည်ဖြစ်သည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...