Thursday, February 6, 2014

မြန်မာနိုင်ငံသားများဘဏ်နှင့် အာရှ-ပစိဖိတ်အခြေစိုက် 2C2P ကုမ္ပဏီတို့ပူးပေါင်း၍ POS စက်များတွင် Visa, Master ကတ် ငွေသားလက်ခံဝန်ဆောင်မှု စတင်


အောင်မြတ်ကို၊ ဖြိုးသူရဝင်း
မြန်မာနိုင်ငံသားများဘဏ်နှင့် အာရှ-ပစိဖိတ်အခြေစိုက် 2C2P ကုမ္ပဏီမှ တာဝန်ရှိသူများကို တွေ့ရစဉ် (ဓာတ်ပုံ-ဖြိုးသူရ၀င်း)


မြန်မာနိုင်ငံသားများဘဏ်နှင့် အာရှ-ပစိဖိတ် အခြေစိုက် 2C2P ကုမ္ပဏီတို့ ပူးပေါင်း၍ POS စက်များတွင် Visa, Master ကတ် ငွေသားလက်ခံ ဝန်ဆောင်မှုလုပ်ငန်းကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံသားများဘဏ်မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမြင့်ဝင်း၏ ပြောကြားချက်အရ သိရသည်။

“မြန်မာနိုင်ငံသားများဘဏ်နဲ့ 2C2P ကုမ္ပဏီတို့ ပူးပေါင်းပြီး ငွေသားလက်ခံ ဝန်ဆောင်မှုစနစ် (POS) ကို ဖေဖော်ဝါရီ ၆ ရက်မှာ စတင်အသုံးပြုနိုင်ပါပြီ။ ကျွန်တော်တို့ပေးတဲ့ ဝန်ဆောင်မှု အရည်အသွေး မြင့်မားအောင် အသေးစိတ် ပြင်ဆင်ထားပါတယ်။ ငွေသားကတ် လက်ခံဝန်ဆောင်မှုက အရောင်းအဝယ် ပိုမိုဖြစ်ထွန်းပြီး အကျိုးကျေးဇူးများမယ်လို့ ယုံကြည်ပါတယ်” ဟု မြန်မာနိုင်ငံသားများဘဏ်မှ ဦးဆောင်ညွှန်ကြားရေးမှူးက ဆက်လက်ပြောကြားသည်။

အဆိုပါ ငွေသားကတ် လက်ခံဝန်ဆောင်မှုစနစ်တွင် လုပ်ငန်းရှင်များအနေဖြင့် ငွေသားကတ်လက်ခံ အရောင်းစာရင်းများကို အင်တာနက်မှတစ်ဆင့် အချိန်နှင့်တစ်ပြေးညီ အရောင်းစာရင်းများကို ကြည့်ရှုထိန်းချုပ်နိုင်ခြင်း၊ ဝယ်ယူသုံးစွဲသူများ အနေဖြင့် ကုန်ရောင်းသူ၏ ကုမ္ပဏီ အမှတ်တံဆိပ်ကို အရောင်းလက်ခံစာရွက်တွင် ပုံနှိပ်ပေးခြင်းနှင့် ဖုန်း၊ အင်တာနက်မှတစ်ဆင့် Visa, Master ကတ်များကို ကြိုတင်ငွေလက်ခံနိုင်ခြင်းများ ပါဝင်ကြောင်း သိရသည်။

ငွေသားလက်ခံ ဝန်ဆောင်မှုအား 2C2P ၏ နိုင်ငံတကာ ငွေပေးချေမှုဆိုင်ရာ အဆင့်မြင့်ဆုံး လုံခြုံမှုစံနှုန်းဖြစ်သည့် PCIDSS Level 1(Payment Card Industry Data Security Standard Level 1) ကို ငွေပေးချေမှုစနစ်တွင် အသုံးပြုထားကြောင်း 2C2P ကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ်က ထည့်သွင်းပြောကြားသည်။

2C2P ကုမ္ပဏီသည် အာရှ-ပစိဖိတ်ဒေသအတွင်း ထိပ်တန်းငွေပေးချေမှု လုပ်ငန်းများ လုပ်ဆောင်သည့် ကုမ္ပဏီတစ်ခုဖြစ်သည်။ ၂ဝဝ၃ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး စင်ကာပူ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား စသည့်နိုင်ငံများတွင်လည်း ငွေပေးချေမှုဆိုင်ရာ လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသည်။

မြန်မာနိုင်ငံသားများဘဏ်သည် နှစ် ၂ဝ ခန့်သက်တမ်းရှိသော ကနဦး ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သည်။ ယခုအခါ အများပိုင် ဘဏ်လုပ်ငန်းအဖြစ် ဆက်လက်လုပ်ကိုင်လျက်ရှိပြီး ပြည်တွင်း လက်လီ၊ လက်ကား ဘဏ်လုပ်ငန်းများ၊ ပြည်ပငွေလွှဲ အဝင်လုပ်ငန်းများကိုလည်း ပြည်ပဘဏ်များနှင့် ချိတ်ဆက်လုပ်ကိုင်လျက်ရှိသော ဘဏ်တစ်ခုဖြစ်သည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...