Thursday, February 6, 2014

လစ်ဗျားရှိ ဓာတုလက်နက်အားလုံး ဖျက်ဆီးပြီးပြီဟု အစိုးရကြေညာ



ဖျက်ဆီးပစ်မည့် ဆီးရီးယားဓာတုပစ္စည်းများကို သယ်ဆောင်ရာတွင် ပါဝင်ခဲ့သော ဒိန်းမတ်သင်္ဘော L17 "Esbern Snare" ပေါ်သို့ လာရောက်လေ့လာခဲ့သည့် ဆိုက်ပရပ် နိုင်ငံခြားရေးဝန်ကြီး (Photo:AFP)


လစ်ဗျားတွင် စစ်အာဏာရှင်ဟောင်း မွမ်မာကဒါဖီလက်ထက်က ကျန်ရှိခဲ့သော ဓာတုလက်နက်အားလုံးကို ဇန်န၀ါရီ ၂၆ ရက်တွင် အလုံးစုံ ဖျက်ဆီးပြီးဖြစ်ကြောင်း လစ်ဗျားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်အက်ဘ်ဒယ်လာဇစ်က ဖေဖော်ဝါရီ ၄ ရက်တွင် ကြေညာခဲ့သည်။

လစ်ဗျားဓာတုလက်နက်များကို ဖျက်ဆီးရန် ဓာတုလက်နက် သဘောတူညီချက် စာချုပ်တွင် ကဒါဖီ လက်မှတ်ရေးထိုးပြီးနောက် ၁၀ နှစ်အကြာတွင် ယင်းသို့ဖျက်ဆီးမှု ပြီးစီးခဲ့ခြင်းဖြစ်သည်။ လစ်ဗျားဓာတုလက်နက် ဖျက်ဆီးမှုအစီအစဉ်သည် ကဒါဖီလက်ထက်တွင် စတင်ခဲ့သော်လည်း ကဒါဖီအစိုးရကို ဖြုတ်ချခဲ့သည့် ပုန်ကန်မှုကြောင့် နှောင့်နှေးခဲ့သည်။ ယင်းနောက် ၎င်းထက်ပိုကြီးသော ဆီးရီးယားဓာတုလက်နက် ဖျက်ဆီးမှုအစီအစဉ်က သတ်မှတ်ချိန်ကို အလွန်အမင်း ကျော်လွန်နေစဉ် လစ်ဗျားဓာတုလက်နက် ဖျက်ဆီးမှုအစီအစဉ် ပြီးစီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒေသတွင်းနဲ့ အနီးပတ်ဝန်းကျင် လုံခြုံရေးကို ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် အလားအလာရှိတဲ့ ဓာတုလက်နက်တွေ လစ်ဗျားမှာ လုံးဝကင်းစင်သွားပါပြီ။ နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အကူအညီနှင့် ကနေဒါ၊ ဂျာမနီနဲ့ အမေရိကန်တို့ရဲ့ နည်းပညာအကူအညီတွေ မရှိဘဲ ဒီအောင်မြင်မှုကို ဒီလိုအချိန်တိုအတွင်း ရနိုင်မှာ မဟုတ်ပါဘူး” ဟု အက်ဘ်ဒယ်လာဇစ်က ပြောကြားခဲ့သည်။ အဆိုပါ ပြောကြားချက်များကို အက်ဘ်ဒယ်လာဇစ်က ဓာတုလက်နက်တားမြစ်ရေးအဖွဲ့ (OPCW) အကြီးအကဲ အာမက်အူဇမ်ကူနှင့် ပူးတွဲပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

အူဇမ်ကူက လစ်ဗျားမြို့တော် ထရီပိုလီတောင်ဘက် ကီလိုမီတာ ၇၀၀ အကွာရှိ အယ်လ်ရာအိုဂါမြို့ရှိ လက်နက်တိုက်ကို သွားရောက်ကြည့်ရှုခဲ့ပြီးဖြစ်ကြောင်း သိရသည်။ လစ်ဗျားတွင် ဓာတုလက်နက်အဖြစ် တိုးမြှင့်ပြုလုပ်နိုင်သော အဆင့် ၂ ဓာတုပစ္စည်းများ ရှိနေသေးသော်လည်း ယင်းဓာတုပစ္စည်းများကို ၂၀၁၆ ခုနှစ်ကုန် နောက်ဆုံးထား၍ ဖျက်ဆီးရန် စီစဉ်ထားကြောင်း အူဇမ်ကူက ပြောကြားခဲ့သည်။

အဆိုပါဖျက်ဆီးခဲ့သည့် ဓာတုလက်နက်များတွင် အဆိပ်ဓာတ်ငွေ့များ ဖြည့်ထားသော ဗုံးများနှင့် အမြောက်ဆံများ ပါဝင်ကြောင်း သိရသည်။ လစ်ဗျားတွင် ဓာတုစစ်ပွဲအတွက် အသုံးပြုနိုင်သော ဆာဖာအဆိပ်ဓာတ်ငွေ့ တန်ချိန် ၂၅ တန်နှင့် ဓာတ်ငွေ့မဖြည့်ရသေးသော ဗုံးထောင်ပေါင်းများစွာရှိကြောင်း လစ်ဗျားက ၂၀၀၄ ခုနှစ်တွင် ကြေညာခဲ့သည်။

Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...