Thursday, February 6, 2014

မိုက်ခရိုဆော့ဖ်ဥက္ကဋ္ဌ ရာထူးမှ ဘီဂိတ်အနားယူ၊ စတိဗ်ဘောမား၏နေရာ ဆက်ခံမည့် အမှုဆောင် အရာရှိချုပ်သစ်အဖြစ် အိန္ဒိယဖွားတစ်ဦးကို ရွေးချယ်


မိုက်ခရိုဆော့ဖ်၏ အမှုဆောင်အရာရှိချုပ်သစ် ဆက်ယာနာဒယ်လာ


ဧရာမ နည်းပညာကုမ္ပဏီ မိုက်ခရိုဆော့ဖ်က ကုမ္ပဏီ၏ဥက္ကဋ္ဌ ဘီဂိတ်သည် ရာထူးမှ အနားယူမည်ဖြစ်ကြောင်းနှင့် အမှုဆောင် အရာရှိချုပ်သစ်အဖြစ် အိန္ဒိယဖွား ဆက်ယာနာဒယ်လာကို ရွေးချယ်ခဲ့ကြောင်း ဖေဖော်ဝါရီ ၄ ရက်က ကြေညာခဲ့သည်။

ဘီဂိတ်သည် ကုမ္ပဏီအတွက် ပိုမိုဆောင်ရွက်ပေးနိုင်ရန် နည်းပညာအကြံပေးအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မိုက်ခရိုဆော့ဖ်၏ ကြေညာချက်တွင် ဖော်ပြခဲ့သည်။ ဘီဂိတ်၏နေရာကို ဒါရိုက်တာဂျွန်ထော်မဆင်က လွှဲပြောင်းရယူမည်ဖြစ်သည်။ အမှုဆောင် အရာရှိချုပ်ရာထူးမှ အနားယူတော့မည်ဟု ယမန်နှစ်က ကြေညာခဲ့သော ဘောမား၏နေရာကို ဆက်ခံမည့် အသက် ၄၆ နှစ်အရွယ် အိန္ဒိယဖွား နာဒယ်လာသည် လက်ရှိတွင် မိုက်ခရိုဆော့ဖ်၏ Cloud and Enterprise ဌာနကို ဦးဆောင်နေသူဖြစ်သည်။

အိန္ဒိယနိုင်ငံ၊ ဟိုက်ဒရာဘတ်တွင် မွေးဖွားကြီးပြင်းခဲ့သော နာဒယ်လာသည် ၁၉၉၂ ခုနှစ်တွင် မိုက်ခရိုဆော့ဖ်၌ စတင်ဝင်ရောက် လုပ်ကိုင်ခဲ့ပြီး အီလက်ထရွန်းနစ်၊ ကွန်ပျူတာသိပ္ပံ၊ စီးပွားရေး စီမံခန့်ခွဲမှု ပညာရပ်များအတွက် မဟာဘွဲ့များ ရရှိထားသူဖြစ်သည်။ ဘီဂိတ်သည် ၂ဝဝဝ ပြည့်နှစ်တွင် အမှုဆောင်အရာရှိချုပ် ရာထူးမှ ဆင်းခဲ့ပြီး ပရဟိတ လုပ်ငန်းများတွင် ပိုမိုနှစ်မြှုပ်နိုင်ရန်အတွက် ၂ဝဝ၈ ခုနှစ်မှစ၍ မိုက်ခရိုဆော့၌ နေ့စဉ်လုပ်ငန်းများမှ အနားယူခဲ့သည်။ ဂိတ်၏နေရာတွင် ဆက်ခံသူ စတိဗ်ဘောမားသည် အမှုဆောင်အရာရှိချုပ် ရာထူးမှ အနားယူတော့မည်ဖြစ်ကြောင်း ယမန်နှစ် ဩဂုတ်လက ကြေညာခဲ့သည်။

ပြိုင်ဘက်ဂူးဂဲနှင့် အက်ပဲလ်တို့သည် သမားရိုးကျ ပီစီလုပ်ငန်းမှ မိုဘိုင်းနှင့် Cloud ဆော့ဖ်ဝဲလုပ်ငန်းသို့ ဦးတည်ချက်ရွေ့နေချိန်တွင် ယင်းပြိုင်ဘက်များကို မယှဉ်နိုင်ဖြစ်နေသော မိုက်ခရိုဆော့ဖ်က တတိယမြောက် အမှုဆောင်အရာရှိချုပ်သစ် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ပိုမိုဆန်းသစ်နိုင်ရန်နှင့် စီးပွားရေးအကျိုးအမြတ် ပိုမိုဖြစ်ထွန်းရန်အတွက် မိုက်ခရိုဆော့ဖ်ကို ပြင်ဆင်ဖွဲ့စည်းရန် လိုအပ်ကြောင်း ရင်းနှီးမြုပ်နှံသူများက တောင်းဆိုထားသည်။ Cloud နည်းပညာ အတွေ့အကြုံ နောက်ခံကောင်းမွန်မှုကြောင့် နာဒယ်လာကို ရွေးချယ်မှုသည် အကျိုးရှိမည်ဟု လေ့လာသုံးသပ်သူများက ပြောကြားခဲ့သည်။

Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...