Monday, February 10, 2014

ယခုရက်ပိုင်းအတွင်း မြူများထူထပ်စွာ ကျရောက်မှုကြောင့် ရန်ကုန်လေဆိပ်အား နံနက်ပိုင်းတွင် ခေတ္တပိတ်ခဲ့ရပြီး ပြည်တွင်းလေကြောင်း ခရီးစဉ်များ ထွက်ခွာချိန် နောက်ကျမှုများဖြစ်ပေါ်


ရွှန်းလဲ့ဝင်း
ဖေဖော်ဝါရီ ၇ ရက် နံနက်စောပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် မြူနှင်းများထူထပ်စွာ ကျဆင်းနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-မင်းသိန်းနိုင်)


ယခုလ (ဖေဖော်ဝါရီလအတွင်း) ရန်ကုန်မြို့၌ မြူများထူထပ်စွာ ကျရောက်မှုကြောင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အား နံနက်ပိုင်းအချိန်များတွင် ခေတ္တပိတ်ထားခဲ့ပြီး ပြည်တွင်းလေကြောင်း ခရီးစဉ်များ ထွက်ခွာချိန် နောက်ကျခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

“အခုလိုအချိန်ကတော့ နံနက်ပိုင်း မြူတွေရှိလို့ လေယာဉ်တွေ အဆင်းအတက်လုပ်ဖို့ မြင်ကွင်းမရှင်းတာကြောင့် ရန်ကုန်လေဆိပ်ကို မနက်ပိုင်း ခဏပိတ်ထားခဲ့ရတာ ရှိပါတယ်။ မြူတွေရှင်းသွားတဲ့အခါ ပုံမှန်အတိုင်းပဲ လေဆိပ်ပြန်ဖွင့်ခဲ့ပါတယ်” ဟု ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အထွေထွေမန်နေဂျာ ဦးဝင်းကိုက ပြောကြားသည်။

ဖေဖော်ဝါရီ ၃ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့တွင် မြူများထူထပ်စွာ ကျရောက်မှုကြောင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အား သုံးနာရီခန့် ပိတ်ထားခဲ့ရပြီး ပြည်တွင်းလေကြောင်း ခရီးစဉ်များ ထွက်ခွာချိန် နောက်ကျခဲ့သည်။

ဖေဖော်ဝါရီ ၃ ရက်နေ့ နံနက် ၅ နာရီခွဲခန့်မှ စတင်ကာ နံနက် ၈ နာရီ ၅ မိနစ်ခန့်ထိ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အား ခေတ္တပိတ်ထားခဲ့ရကြောင်း သိရသည်။

“ဖေဖော်ဝါရီ ၃ ရက်နေ့ မနက် ၅ နာရီခွဲလောက် ကတည်းက မြူထူထပ်စွာကျနေတာ မြင်ကွင်းက မီတာ ၅၀ လောက်အထိပဲ မြင်ရတယ်။ ဒါကြောင့်မို့ ရန်ကုန်လေဆိပ်ကို ပိတ်ခဲ့တာပါ။ နံနက် ၈ နာရီ ၅ မိနစ်မှ မြူတွေရှင်းသွားလို့ လေဆိပ်ပြန်ဖွင့်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၅ ရက်နေ့ နံနက်ကလည်း မြူတွေကြောင့် လေဆိပ်ကို ပိတ်ထားတာ မနက် ၉ နာရီခွဲကျော်မှ ပြန်ဖွင့်နိုင်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၇ ရက်နေ့ မနက်ကလည်း နံနက် ၆ နာရီ ၃၅ မိနစ်ကတည်းက မြူတွေကြောင့် လေဆိပ်ကို ပိတ်ထားတာ မနက် ၈ နာရီကျော်မှ ပြန်ဖွင့်နိုင်ခဲ့ပါတယ်” ဟု လေကြောင်းထိန်းမျှော်စင်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...