Monday, February 10, 2014

အချို ရည်သောက်သူတွေ သတိထား




သကြားဓာတ် ကြွယ်ဝသည့် အမြှုပ်ပါသော အချိုရည်များ နေ့စဉ်ရက်ဆက် သောက်သုံးခြင်းသည် ကျန်းမာရေးကို ထိခိုက်စေနိုင်ကြောင်း သုတေသီများက သတိပေး ပြောကြားလိုက်သည်။ အမြှုပ်ထသော အချိုရည် အမျိုးမျိုးကို နှစ်ရှည်လများ သောက်သုံးသူများသည် နှလုံးထိခိုက်မှု အန္တရာယ်နှင့် ပိုမိုနီးစပ်ကြောင်း သိရသည်။ သိပ္ပံနည်းကျ သုတေသန လေ့လာမှု တစ်ခုက သကြားဓာတ် များပြားလှသည့် အဆိုပါ အချိုရည်များကြောင့် နှလုံးသွေးကြောများတွင် ရောဂါဆိုးများ ဖြစ်ပေါ်နိုင်ခြေသည် သာမန်ထက် (၃၃)ရာခိုင်နှုန်းမျှ မြင့်တက်လာတတ်ကြောင်း ဖော်ပြလျှက် ရှိသည်။ အကယ်၍ သကြားပမာဏ ပိုမိုများပြားသော အချိုရည် အမျိုးအစားကို စွဲမြဲသောက်သုံးပါကမူ သေသည်အထိ ဆိုးရွားသည့် နှလုံးဖောက်ပြန်မှု ဖြစ်နိုင်ခြေ (၂၅)ရာခိုင်နှုန်းမျှ တိုးပွားလာလိမ့်မည်ဟု သုတေသီများက ကောက်ချက်ချခဲ့သည်။

သကြားဓာတ်ကို ဆေးလိပ်နှင့် မူးယစ်ဆေးဝါးကဲ့သို့ စွဲလမ်းစေတတ်သည့် အခြေအနေ တစ်ရပ်အဖြစ် သတ်မှတ်ပြီး သကြားသုံးစွဲမှု လျော့ကျစေရေးအတွက် အခွန်စည်းကြပ်ရန် ဖွံ့ဖြိုးပြီး နိုင်ငံကြီး အချို့၌ တောင်းဆိုမှုများ ဖြစ်ပေါ်လာချိန်တွင် ယခုစစ်တမ်း ပေါ်ထွက်လာခြင်း ဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ထပ်ပိုးဖြည့်ဆည်းထားသည့် သကြားပမာဏသည် လူတစ်ဦး စားသုံးသည့် ကယ်လိုရီ ပမာဏ၏ (၁၀)ရာခိုင်နှုန်းမျှသာ ရှိသင့်ကြောင်း ပြောဆိုထားသည်။

Action On Sugar သုတေသန ဌာနမှ ပရော်ဖက်ဆာ ဂရေဟမ် မက်ဂရီဂေါ်က "ဒီလေ့လာမှုက အရေးကြီးပါတယ်။ နေ့စဉ်နေ့တိုင်း သကြားဓာတ်များများ စားသုံးခြင်းဟာ နှလုံးကျန်းမာရေးနဲ့ ဆက်နွယ်ပြီး ထိခိုက်မှုတွေ၊ လေဖြတ်မှုတွေ ဖြစ်လာစေနိုင်တယ်ဆိုတာ သိသာစေခဲ့ပါတယ်။ ဒီ့အပြင် သကြားများများ စားခြင်းဟာ သွားတွေကို ထိခိုက်ပျက်စီးစေတတ်ကြောင်း ကျွန်တော်တို့ သိရှိထားပြီးသား ဖြစ်ပါတယ်။ အချိုရည်တွေဟာ သကြားဓာတ် ဖြည့်တင်းမှုကို မသိမသာ ပုံစံမျိုးနဲ့ အားပေးနေတာ ဖြစ်ပါတယ်။ သကြားဓာတ် လျှော့ချစားသောက်မှုအတွက် ကျွန်တော်တို့ ခုချိန်ကစပြီး ထိထိရောက်ရောက် ချဉ်းကပ်သင့်ပါပြီ"ဟု ပြောကြားသွားသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...