Friday, March 7, 2014

တိုင်းပြည်ဆိုတာ တန်ဖိုးအကြီးဆုံးရတနာ





ညက EMPEROR ဆိုတဲ့ ဇာတ်ကားကြည့်ဖြစ်တယ်။ အနုမြူဗုံးကြောင့် ဂျပန်လက်နက်ချတဲ့အချိန်မှာ ဂျပန်ဘုရင် ဟီရိုဟီတိုကို စစ်ရာဇဝတ်မှုနဲ့ တရားစွဲဖို့ ဗိုလ်ချုပ်ဒေါက်ဂလပ် မက်အာသာက သူ့လက်အောက်က ဗိုလ်ချုပ် ဘာနာ ဖီးလက်စ် ကို သက်သေတွေရှာခိုင်းတဲ့ကားပါ။

ဇာတ်ကားကြည့်ရင်း ငယ်ငယ်က စစ်ပြန်မဂ္ဂဇင်းမှာ အခန်းဆက်ဖတ်ခဲ့ရတဲ့ အငြိမ်းစားဗိုလ်မှူးအေးငွေရဲ့ အရှေ့မှအရှေ့သို့ဆိုတဲ့ အခန်းဆက်ဆောင်းပါးရှည်ကြီးကို သတိရနေမိတယ်။

ကျွန်တော်တို့သိကြတဲ့အတိုင်း ဂျပန်လူမျိုးဟာ အင်မတန်မှ စိတ်ဓာတ်ပြင်းထန်တဲ့လူမျိုးပါ။ အနုမြူဗုံးဒါဏ်ခံရပြီးတဲ့ နောက် တိုင်းသူပြည်သားတွေဆက်ပြီး ဒုက္ခရောက်မှာစိုးလို့ ဘုရင်ဟာ လက်နက်ချဖို့သဘောတူခဲ့ရပါတယ်။

လက်နက်မချခင်မှာရော လက်နက်ချပြီးတဲ့ အချိန်မှာရော ဂျပန်ဘုရင့်နန်းတော် မှာ သွေးချောင်းစီးခဲ့ပါတယ်။

ရေဒီယိုကမကြေညာခင်မှာ ဘုရင်လက်နက်ချမယ်ဆိုတာ ဘုရင့်သဘောမဖြစ်နိုင်ဘူး၊ ဘေးနားက သစ္စာ ဖေါက်တွေ က ဘုရင့်ကို အကျပ်ကိုင်တာပဲဖြစ်မယ်ဆိုပြီး မျိုးချစ်စိတ်ပြင်းထန်လွန်းတဲ့ ဂျပန်စစ်ဗိုလ်၊ စစ်သား ၁၀၀၀ ကျော်ဟာ ဘုရင့်နန်းတော်ကိုဝင်စီးပါတယ်။ ဘုရင်ကို ဝှက်ထားပြီး ဘုရင့်ကိုယ်ရံတော် တပ်ဖွဲ့က အသည်းအသန်ခုခံပါတယ်။ နောက်ဆုံး ဝင်စီးတဲ့အဖွဲ့ မအောင်မြင်ပါဘူး။

လက်နက်ချကြောင်းဘုရင်ကိုယ်တိုင် ရေဒီယိုက ကြေညာတာကို နားထောင်ပြီးတဲ့နောက်မှာ ဂျပန်ဘုရင့်နန်းတော် ရှေ့မှာထပ်ပြီးတော့ သွေးချောင်းစီးသွားပါတယ်။ တိုက်ပွဲဖြစ်လို့မဟုတ်ပါဘူး။ ဂျပန်စစ်ဗိုလ်တွေ၊ စစ်သားတွေ ကိုယ့်ကိုယ်ကိုယ် သတ်သေကြတာပါ။ တချို့ကသေနတ်နဲ့ တချို့ကဓားနဲ့ပေါ့။ ဒီဇာတ်ကားထဲမှာတော့ ထည့်ရိုက်မထားပါဘူး။

ဒီနေရာမှာ ကိုယ့်ကိုယ်ကိုယ် ဟာရာကီရိ လုပ်တဲ့ ဂျပန်စစ်သားတွေကိုရော၊ နန်းတော်ကိုဝင်စီးတဲ့ ဂျပန်စစ်သားတွေ ကိုရော၊ ဘုရင်နဲ့ နန်းတော်ကို နောက်ဆုံးအချိန်အထိ ကာကွယ်သွားတဲ့ ဂျပန်စစ်သားတွေကိုရော ကျွန်တော် ဘယ်သူ့ကိုမှ အပြစ်မမြင်မိဘူး။

ရန်သူရှေ့မှောက်မှာ ဒူးထောက်အညံ့ခံရတယ်ဆိုတာ ဂျပန်တစ်ယောက်အဖို့ ရှက်ရွံ့စရာ အကောင်းဆုံးလုပ်ရပ် မဟုတ်လား။ သူတို့အားလုံး ကိုယ့်စံနှုန်းနဲ့ကိုယ်ဆုံးဖြတ်သွားကြပေမဲ့ သူတို့ရဲ့ရင်ထဲမှာရှိတာ ကိုယ့်နိုင်ငံနဲ့ ကိုယ့်ဘုရင် မဟုတ်လား။

ဗိုလ်မှူးအေးငွေ (ဒဂုံမြတ်လေးနွယ်) ဆောင်းပါးထဲမှာကျွန်တော်အကြိုက်ဆုံးအခန်းက ဂျပန်စစ်ခေါင်းဆောင် တစ်ယောက် ဟာရာကီရိ (Suicide) လုပ်ဖို့တွေဝေနေတဲ့အချိန်မှာ သူ့အမျိုးသမီးက "ရှင်အခုထိ ဟာရာကီရိ မလုပ် သေးဘူးလား၊ ရှင့်အစား ဂျပန်ဘူရှီဒိုသူရဲကောင်းတစ်ယောက်ရဲ့ မိန်းမလို့ပြောရမှာ ကျွန်မဖြင့်ရှက်လိုက်တာ။" လို့ ပြောပြီး ဝုန်းခနဲ ရေချိုးခန်းထဲကို ပြေးဝင်သွားပါတယ်။ ပြီးတော့ သေနတ်သံတစ်ချက်ထွက်လာတယ်။ သူ့ကိုယ်သူ သတ်သေလိုက်တာပါ။ ဂျပန်တွေရဲ့ စိတ်ဓာတ်ဟာ အဲဒီလောက်အထိပြင်းပြပါတယ်။ အဲဒီဗိုလ်ချုပ်ကြီးလည်း ပြီးတော့ ဟာရာကီရိလုပ်သွားပါတယ်။

သမိုင်းကို စစ်နိုင်တဲ့သူကသာရေးတယ်ဆိုတဲ့အတိုင်း ဒီစစ်ပွဲမှာလည်း စစ်နိုင်တဲ့ အမေရိကန်ကသာ ဆုံးဖြတ်သွား တာပဲပေါ့။ တကယ်တော့ စစ်ရှုံးတယ်ဆိုတာ အတော့်ကို ခါးသီးပါတယ်။

တရုတ်ဝန်ကြီးချုပ်တစ်ယောက်ပြောခဲ့ဖူးသလိုပေါ့…"လူ့အခွင့်အရေးကြေညာစာတမ်းဆိုတာ ဘယ်ကနေမြစ်ဖျား ခံလာတာလဲ။ အတ္တလန်တိတ်ချာတာကနေ ဖြစ်ဖျားခံလာတာပါ။ အတ္တလန်တိတ်ချာတာကို ဘယ်သူတွေဆွဲခဲ့တာ လဲ။ ဒုတိယကမ္ဘာစစ်မှာ စစ်နိုင်တဲ့ နိုင်ငံတွေက ဦးဆောင်ပြီးဆွဲခဲ့တာပါ။ ဒီတုန်းက အဲဒီစာချုပ်မှာ လက်မှတ်ရေးထိုး ခဲ့တဲ့ ဆိုဗီယက်ပြည်ထောင်စု ကိုယ်တိုင်က အဲဒီစာချုပ်မှာပါတဲ့ စာသားတွေအားလုံးကို အယုံအကြည်ရှိတာ မဟုတ်ပါ ဘူး…" တဲ့။

ဇာတ်ကားထဲမှာ ဗိုလ်ချုပ် ဘာနာဖီးလက်စ်က ဂျပန်ထိပ်တန်းစစ်ဘက်အရာရှိအချို့နဲ့ ဝန်ကြီးတွေကို တစ်ယာက်ပြီး တစ်ယောက် လိုက်ရှာတွေ့တယ်။ သူတို့ဆီကနေ ဘုရင်ခိုင်းလို့ လုပ်ရတာပါဆိုတဲ့ အဖြေကိုလိုချင်လို့ပေါ့။ ဒါမှဘုရင်ကို စစ်ရာဇဝတ်မှုနဲ့ တရားစွဲလို့ရမယ်လေ။

စစ်ရှုံးခဲ့ပေမဲ့ ဂျပန်ခေါင်းဆောင်တွေဟာ သူတို့ဘုရင်ကိုလုံးဝအထိမခံဘူး။ တစ်ဘက်ကမေးလာတဲ့ စကားမှန်သမျှကို သူတို့ဘုရင် ဂုဏ်သိက္ခာမထိခိုက်အောင်ရွေးချယ်ပြီးဖြေကြတယ်။ ဂျပန်ခေါင်းဆောင်တွေရဲ့ ဘုရင်အပေါ်ထားတဲ့ သစ္စာရှိမှု၊ စစ်ရှုံးလို့အခဲမကျေပေမဲ့ အားမတန်လို့ မာန်လျော့လိုက်ရတဲ့ဟန်၊ မနေ့တစ်နေ့ကမှ လူဖြစ်လာတဲ့ နိုင်ငံက ကောင်တွေကို အရှုံးပေးလိုက်ရလို့ ယူကျုံးမရဖြစ်နေတဲ့မျက်နှာပေး…စတာတွေကိုပေါ်လွင်အောင်ရိုက်ပြသွားတာ အင်မတန်ကြည့်ကောင်းပါတယ်။

ဇာတ်ဝင်ခန်းတစ်ခန်းမှာဆို ဗိုလ်ချုပ် ဘာနာဖီးလက်စ်က ဂျပန်ဘုရင်ကြောင့်စစ်ဖြစ်ရတာ ဆိုပြီး အပြစ်ပြောတဲ့ အချိန် မှာ သူသွားတွေ့တဲ့ ဂျပန်ခေါင်းဆောင်က သူ့ဘုရင်ကို ကာကွယ်ပြောဆို ပါတယ်။ ပြီးတော့ အားလုံးနယ်ချဲ့ကြတာပဲ ကျုပ်တို့မှ ထူးပြီးအပြစ်ရှိရောတဲ့လားဆိုပြီးမေးတဲ့ အခန်းဟာ အတော်လေးကြည့်ကောင်းပါတယ်။

"ခင်ဗျားတို့လည်း ကျွန်တော်တို့တိုင်းပြည်ကိုဗုံးကြဲခဲ့တာပဲ။ ကလေးတွေကို Shelter ရောက်အောင်ပို့ခဲ့တာပဲ၊ အပြစ် ရှိတယ်ဆိုရင် နှစ်ဖက်စလုံးရှိတာပဲ၊ ကျုပ်တို့ တရုတ်ကိုနယ်ချဲ့ခဲ့တာ မှန်တယ်၊ ဒါပေမဲ့ ဗြိတိန်ကိုမချဲ့ခဲ့ဘူး၊ ပေါ်တူဂီ တွေနေရာကိုတောင် နယ်မချဲ့ခဲ့ဘူး။ ကျုပ်တို့ စင်္ကာပူကိုသိမ်းခဲ့တာ မှန်တယ်၊ ဒါပေမဲ့ ဗြိတိန်လက်ကယူခဲ့တာပါ။ ကျုပ်တို့ ဖိလစ်ပိုင်နိုင်ငံကို ဖိလစ်ပိုင်လူမျိုးတွေဆီက သိမ်းခဲ့တာ မဟုတ် ဘူး။ အမေရိကန်တွေလက်က ယူခဲ့တာပါ၊ အမေရိကန်တွေကလည်း စပိန်တွေဆီက တိုက်ယူခဲ့တာပါပဲ။ နယ်မြေတွေကို အင်အားသုံးပြီးယူတာကို နိုင်ငံတကာ အမှုအခင်းလို့ပြောရင် ဘယ်သူတွေမှာ အပြစ်ရှိလဲ။ ဗြိတိန်၊ ပြင်သစ်၊ ဒတ်ခ်ျ၊ အမေရိကန်ခေါင်းဆောင်တွေလား၊ ဘယ်သူ့ မှာမှ အပြစ်မရှိဘူး။ အခု ဂျပန်ကျတော့မှ ဘာများထူးပြီးကွာခြားနေလို့ လဲ။ မကွာပါဘူး။ ကျုပ်တို့ကလည်း ခင်ဗျားတို့ ခြေရာအတိုင်း လိုက်ခဲ့ကြတာပါ။" တဲ့။

ဂျပန်တွေဟာ လွယ်လွယ်ကူကူ လက်နက်ချခဲ့ကြတာမဟုတ်ပါဘူး။ ဒီကနေ့ ယာကူဇာဂိုဏ်းဆိုတာ မူလက မျိုးချစ် စိတ်အရင်းခံနဲ့ ဖွဲ့စည်းခဲ့တဲ့ဂိုဏ်းပါ၊ နောက်ပိုင်းရောက်မှ အဆိုးဘက်ရောက်သွား တာပါ။

ဂျပန်ဆူနာမီတုန်းက ယာကူဇာဂိုဏ်းကလည်း ပြည်သူကိုအရေးပေါ်အကူအညီ အဖြစ် ရေနဲ့အစား အသောက်တွေ ဝေပါတယ်။ ဒါပေမဲ့ ယာကူဇာဂိုဏ်းကမှန်းသိလို့ ပြည်သူကမယူတော့ ယာကူဇာ ဂိုဏ်းသားတွေဟာ မျက်ရည်ဝဲပြီး ဒီအချိန်မှာဂျပန်စိတ်ပဲထားပါ၊ မငြင်းပါနဲ့လို့ ခခယယ တောင်းပန်ပါသတဲ့။

ရှိသမျှအိမ်တွေက နီးစပ်ရာဂျပန်လူမျိုးခရီးသွားတွေကို ကူညီကြတယ်၊ ရေ၊ အစားအသောက်၊ ဖုန်း စသဖြင့် အကူ အညီပေးကြတယ်။ လူအုပ်ထဲမှာ တန်းစီနေတဲ့ကလေးတစ်ယောက်ကို အမေရိကန် စစ်သားတစ်ယောက်က ချောက လက်ထုပ်ပေးတော့ ကလေးက ကျေးဇူးတင်ပါတယ်ပြော ပြီး ချောကလက်ထုပ်ကို ရှေ့ကအပုံတွေထဲ သွားထည့်သ တဲ့။ ကိုယ့်ကိုယ်ကိုယ် တာဝန်ယူတတ် တဲ့စိတ်မှာ ဂျပန်ကို ဘယ်သူမီလဲ။

ကျွန်တော်တို့မှာတော့ နာဂစ်ဖြစ်တုန်းက ညပိုင်းမုန်တိုင်းတိုက်တယ်၊ မနက်ကျတော့ သွပ်ဈေး၊ သံဈေး၊ အစား အသောက်ဈေး သုံးလေးဆ ခုန်တက်သွားတယ်။

မြစ်ဝကျွန်းပေါ်မှာ ကယ်ဆယ်ရေးလိုလို ဘာလိုလိုနဲ့ မသေမရှင်ဖြစ်နေတဲ့လူတွေဆီက လက်ဝတ်ရတနာတွေကို နားရွက်ဖြတ်၊ လက်ဖြတ်ပြီးယူကြသတဲ့။ စေတနာနဲ့ကူညီတဲ့သူတွေ လည်းအများကြီးရှိတာမှန်ပါတယ်။ ဒါပေမဲ့ ကိုယ့်လူမျိုးစရိုက်ကိုယ်သိနေတာပဲ။

အင်းစိန် တိုက်ပွဲဖြစ်နေတဲ့အချိန် ဗိုလ်ချုပ်သန်းတင် (အဲဒီအချိန်ကဗိုလ်ကြီး) တို့တပ်ခွဲ သမိုင်းလမ်းဆုံနားကနေ မြို့ထဲဘက်ကို ပြန်ဆုတ်မယ်အလုပ်မှာ ဗိုလ်ချုပ်သန်းတင်က ငါ့သင်းချိုင်းကို ဒီနေရာမှာပဲ သတ်မှတ်လိုက်ပြီ၊ ငါနဲ့နေချင်တဲ့ကောင်နေခဲ့ကြ၊ သွားချင်တဲ့သူလည်းသွားနိုင်တယ် လို့ပြောတော့ တစ်ယောက်မှထွက်မသွားကြတော့ ဘူးတဲ့။

ဒီအချိန်မှာ ရန်ကုန်မြို့ထဲကလူတွေ ရုပ်ရှင်ကြည့်မပျက်ကြဘူး။

မြန်မာပြည်ကိုနောက်ဆုံးသိမ်းတော့ အင်္ဂလိပ်က မော်လမြိုင်သားမောင်ဘသန်းဆိုသူ ကို ညောင်ရမ်းမင်းသားလိုလို ဘာလိုလို ဗမာတွေထင်ယောင်ထင်မှားဖြစ်အောင် မင်းညီမင်းသား အဝတ်အစား ဝတ်ခိုင်းပြီး လှေဦးက တင်ခေါ်လာ ခဲ့တယ်။ အဲဒီခွေးသူတောင်းစားက သီပေါမင်းနဲ့ စုဖုယားလတ် ပါတော်မူပြီး သင်္ဘောပေါ်ရောက်တဲ့အခါ သီပေါမင်း ဘေးမှာ ဘေးချင်းယှဉ်ပြီးဝင်ထိုင် လို့ စုဖုယားလတ်က ဓါးနဲ့ခုတ်မယ်လုပ်တာနဲ့ စလေဒင်က မနည်းဆွဲထားရသတဲ့။

မျိုးစေ့မမှန် ပင်မသန်၊ ဖူးတန်ငုံကင်း အသီးဖျင်း၏ ဆိုတာလိုပေါ့။ အင်္ဂလိပ်မင်းများလက်ထက်က… အင်္ဂလိပ်မင်းများ လက်ထက်က…နဲ့ပြောလေ့ရှိတဲ့ အဖိုးကြီးအဖွားကြီးတွေဟာ ခုနကပြောတဲ့ ရုပ်ရှင်ကြည့်မပျက်တဲ့ လူတန်းစားတွေ ဖြစ်ဖို့များတယ်။

ဒီလိုလူမျိုးတွေအတွက်တော့ မျိုးချစ်စိတ်ဆိုတာ သစ်ဈေးလောက် အရာမရောက်ပါဘူးကွာဆိုတဲ့ စံမျိုးပဲဖြစ်မှာပဲ။ ဘယ်သူဘာပြောပြော တပ်မတော်မရှိရင် ကျွန်တော်တို့တိုင်းပြည်ပျက်ပါတယ်။ ဒါဟာ စစ်အုပ်ချုပ်ရေးကို တမ်းတ နေတာမဟုတ်ဘူး။

စစ်တပ်က အစိတ်သားတောင်မလျော့ရသေးဘူး တိုင်းပြည်ကို စကားလုံးလှလှတွေပြောပြီး အပိုင်းပိုင်း အတစ်တစ် လုပ်ပစ်ချင်သူတွေက စီတန်းနေကြတယ်။ အခုတလော နယ်မြို့တွေမှာ အခြေခံဥပဒေပြင်ဖို့ ဆန္ဒပြပွဲတွေ ဆက်နေ တာ သတိထားမိတယ်။
တောင်းဆိုမှုတွေက စနစ်တကျနဲ့ဆိုတော့ နောက်မှာ Sponsor ရှိပုံရတယ်။ တကယ့်ပြည်သူ့ဆန္ဒ အစစ်အမှန်ရော ဟုတ်ရဲ့လားဆိုတာ ကျွန်တော်တော့ သံသယ ရှိပါတယ်။

အခြေခံဥပဒေ မပြင်ရရင်လမ်းပေါ်ထွက်ကြလို့ ဆော်သြတဲ့သူကဆော်သြ…၊ တစ်တိုင်းပြည်လုံး လမ်းပေါ်ရောက်လာ မယ်လို့ ခြိမ်းခြောက်တဲ့သူက ခြိမ်းခြောက်၊ သူ့အရပ်နဲ့ သူ့ဇာတ်တော့ ဟုတ်နေတာပဲ။

ဘာပဲဖြစ်ဖြစ် တိုင်းပြည်ကို မှန်မှန်ကန်ကန်ချစ်မြတ်နိုးတဲ့သူမှန်သမျှ သတိရှိသင့်တဲ့အချိန်ပါ။ ဆုံးဖြတ်ချက် တစ်ချက် မှားသွားတာနဲ့ ကျွန်တော်တို့ ခင်ဗျားတို့ တန်ဖိုးထားတဲ့အရာအားလုံး ဆုံးရှုံးသွားပြီး တဖြည်းဖြည်း တိုင်းပြည်ရော လူမျိုးပါ ပျောက်သွားနိုင်တဲ့ အန္တရာယ်ရှိပါတယ်။

ဂျပန် ကလေးလေးတစ်ယောက်လောက်မှ ကိုယ့်တိုင်းပြည်ကိုယ် ချစ်ရကောင်းမှန်းမသိရင်တော့ ခင်ဗျားဟာ တိုင်းပြည်ဆိုတဲ့ ရတနာနဲ့ထိုက်တန်တဲ့သူတစ်ယောက်မဟုတ်တော့ပါဘူး။

ဘာလို့လဲဆိုတော့ ရှိရှိသမျှ ကျောက်သံ ပတ္တမြားတွေထဲမှာ တိုင်းပြည်ဆိုတဲ့ ရတနာက တန်ဖိုးအကြီးဆုံးလေ၊ ကျွန်တော်တို့ချစ်မြတ်နိုးတဲ့ တန်ဖိုးတွေကိုကာကွယ်ဖို့ ကျွန်တော်တို့အသင့်ရှိနေ
ရပါမယ်….။ ။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...