Friday, March 7, 2014

တက္ကသိုလ်ဝင်တန်း စာမေးပွဲကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးရှိ ကေတီဗွီနှင့် စားသောက်ဆိုင်များအား ယာယီပိတ်သိမ်းသွားမည်


ဝင်းမြင့်ကျော်

ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ်အတွင်း ညပိုင်းဖွင့်ထားသော စားသောက်ဆိုင်အချို့ကို မတ် ၂ ရက်တွင် တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)


တက္ကသိုလ်ဝင်တန်း စာမေးပွဲကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး မြို့နယ်အသီးသီးရှိ ကေတီဗွီနှင့် စားသောက်ဆိုင်များအား ယာယီပိတ်သိမ်းသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်အေးက မတ် ၆ ရက် မွန်းလွဲပိုင်းတွင် ပြောကြားသည်။

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲမတိုင်မီ ရက်ပိုင်းအတွင်း မြို့နယ်အသီးသီးရှိ နိုက်ကလပ်၊ ကေတီဗွီနှင့် စားသောက်ဆိုင်များအားလုံး သတ်မှတ်ချိန်ကျော်လွန်၍ ဖွင့်လှစ်ပါက ဆိုင်အားပိတ်သိမ်းသည်အထိ အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းကြည်က မတ် ၆ ရက်တွင် ပြောကြားသည်။

ဖွင့်လှစ်ထားသော နိုက်ကလပ်များ၊ ကေတီဗွီများနှင့် စားသောက်ဆိုင်များ အားလုံးကို ည ၁၁ နာရီထိသာ ဖွင့်လှစ်ခွင့်ပြုထားကြောင်း သိရသည်။

"လုပ်ငန်းတွေ လုပ်ကိုင်ဖို့အတွက် လိုင်စင်ချထားပေးကတည်းက ည ၁၁ နာရီ အထိဘဲ ဖွင့်ရမယ်ဆိုပြီး ပါထားပါတယ်။ ဒီလထဲမှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွေ ရှိတဲ့အတွက် ရပ်ကွက်တွေ အကုန်လုံးမှာ ပတ်ဝန်းကျင်ကို အနှောင့်အယှက်ပေးနိုင်တဲ့ အသံဆူညံမှုတွေ၊ လော်စပီကာနဲ့ ပြောဆိုမှုတွေ လုံးဝခွင့်မပြုပါဘူး။ ဒါ့အပြင် စားသောက်ဆိုင်တွေ နိုက်ကလပ်တွေ၊ ကေတီဗွီတွေအားလုံး ည ၁၁ နာရီကျော်တဲ့အထိ ဖွင့်ရင် စည်းကမ်းဖောက်ဖျက်တဲ့အတွက် ဥပဒေနဲ့လည်း အရေးယူမယ်။ ဆိုင်ကိုလည်း ပိတ်သိမ်းသွားပါမယ်" ဟု အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းကြည်က ပြောကြားသည်။

ယင်းအပြင် အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမြင့်အေးက "တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုတဲ့ ရက်ပိုင်းတွေမှာတော့ ကေတီဗွီတွေ၊ အရက်ဆိုင်တွေ၊ စားသောက်ဆိုင်တွေ အားလုံးကို ယာယီပိတ်ထားပါမယ်။ ဒါ့အပြင် မလိုလားအပ်တဲ့ မှုခင်းဖြစ်စဉ်တွေ မဖြစ်ပွားစေဖို့ လုံခြုံရေး ဆောင်ရွက်တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို တိုးမြှင့်ထားပါတယ်" ဟု ဆိုသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...