Sunday, March 9, 2014

"လက်ကိုင်ဖုန်းကြောင့် ဘ၀ဆုံးရသူများ"




မိန်းကလေး ၂၉ ရာနှုန်းက ယင်းတို့၏ ဝတ်လစ်စလစ်ပုံကို အင်တာနက်ပေါ်တွင်သာ တွေ့ဆုံဖူးသူ သူစိမ်းထံသို့ ပေးပို့ခဲ့ဖူးသည်ဟု ဆိုသည်။ ယင်းအရေအတွက်သည် ထိတ်လန့်ဖွယ်ရာဖြစ်သည်။

"လက်ကိုင်ဖုန်းကြောင့် ဘ၀ဆုံးရသူများ"
အေးထွန်းမင်း

၂ဝဝ၉ ခုနှစ် စက်တင်ဘာလ။ ဖလော်ရီဒါပြည်နယ်မှ အသက် ၁၃ နှစ်အရွယ် ဟုပ်ဝစ်ဆဲလ် - Hope Witsell အမည်ရှိ ကျောင်း သူတစ်ဦးသည် ဆွဲကြိုးချလျက် မိမိကိုယ်ကို အဆုံးစီရင်သွားသည်။ သူမသည် ဖလော်ရီဒါကျေးလက်တွင် ကြီးပြင်းခဲ့သူ ဖြစ်သည်။ မိဘနှစ်ပါးမှာ ဘာသာရေး ကိုင်းရှိုင်းသူများ ဖြစ်ကြသည်။

၂ဝ၁ဝ ပြည့်နှစ်၊ သူမ သတ္တမတန်းအောင်ပြီးချိန်တွင် သူမ၏ အပေါ်ပိုင်း ဗလာကျင်းနေသော ဓာတ်ပုံကို သူမ သဘောကျနေ သည့် ကျောင်းနေဖက်ယောက်ျားလေးထံ ပို့မိလိုက်သည်။ ထိုယောက်ျားလေး၏ မိန်းကလေး သူငယ်ချင်းတစ်ဦးက ယင်းဓာတ်ပုံ ကို ကျောင်းသူ ကျောင်းသားများထံသို့ လက်ကိုင်ဖုန်းမှတစ်ဆင့် ဖြန့်ဝေလိုက်သည်။ ထို ဓာတ်ပုံသည် ကျောင်းသားများအတွင်း ချက်ချင်း ပျံ့နှံ့သွားသည်။ သူမ မသေဆုံးမီ ဒိုင်ယာရီထဲတွင် ရေးသားခဲ့သည်မှာ ''ငါ့အကြောင်းကို ငါ့နောက်ကွယ်မှာ လူတွေ က ပြောနေလိုက်ကြတာ။ ငါ့ကို မိန်းမပျက်တဲ့။ ငါ သူတို့ကို သိပ်မုန်းတာပဲ''။

၂ဝဝ၉ ခု ဇူလိုင်လတွင် အလားတူဖြစ်ရပ် ဖြစ်ပွားခဲ့သည်။ စင်စန်နယ်တီမြို့စွန်တွင် နေထိုင်သည့် အသက် ၁၈ နှစ်အရွယ်ရှိ ဂျက်ဆီ လိုဂင်- Jessie Logan သည် ဆွဲကြိုးချ အဆုံးစီရင်သွားသည်။ ရည်းစားထံပေးပို့ခဲ့သော သူမ၏ ဝတ်လစ်စလစ်ပုံသည် သူငယ် ချင်းများအကြား ပျံ့နှံ့လျက် အုတ်အော်သောင်းတင်း ဖြစ်ကုန်သည့်အတွက် အရှက်တကွဲဖြစ်ကာ ဘဝကို အဆုံးစီရင်သွားခြင်း ဖြစ် သည်။ ရည်းစားနှင့် ကွဲသွား သည့်အခါ ရည်းစားဖြစ်သူက အဆိုပါဓာတ်ပုံကို အခြားသူများထံ လက်ဆင့်ကမ်းလိုက်ခြင်း ဖြစ်သည်။ သူမ အထက်တန်းကျောင်း အောင်ပြီးသည့်နှစ်တွင် အဆုံးစီရင်သွားခြင်း ဖြစ်သည်။

ဂျက်ဆီ၏ မိဘများက သူမ၏ ရည်းစားဟောင်း၊ ဓာတ်ပုံကို လက်ဆင့်ကမ်းဖြန့်ဝေခဲ့သည့် ကျောင်းသား ကျောင်းသူများ၊ ကျောင်း အုပ်ချုပ်ရေးအဖွဲ့နှင့် တားဆီးခြင်းမပြုခဲ့သည့် ရဲအရာရှိတို့ကို တရားစွဲဆိုသည်။

စတင်ဖြစ်ပွားချိန်တွင် ဂျက်ဆီက ဓာတ်ပုံများ ပျံ့နှံ့နေခြင်းကို တားဆီးပေးပါရန် ကျောင်းအုပ်ချုပ်ရေးအဖွဲ့သို့တင်ပြခဲ့ရာ အုပ်ချုပ်ရေး အဖွဲ့က ကျောင်း၏ ပြစ်မှုရေးရာအတိုင်ပင်ခံ ရဲအရာရှိ ပေါလ်ပိုင်းထံ ရည်ညွှန်းလိုက်သည်။ ရဲအရာရှိက ကျောင်းသား ကျောင်းသူ များအား ယင်းတို့၏ လက်ကိုင်ဖုန်းများအတွင်းရှိ ဓာတ်ပုံကို ဖျက်ပေးရန် မေတ္တာရပ်ခံပေးမည်ဖြစ်ကြောင်း၊ ဓာတ်ပုံကို ဖျက်ပေး သည်၊ မပေးသည်မှာ ကျောင်းသားကျောင်းသူတို့အပိုင်းသာ ဖြစ်ကြောင်း၊ ဂျက်ဆီသည် အသက် ၁၈ နှစ်ပြည့်ပြီးဖြစ်သဖြင့် ထို့ ထက်ပို၍ သူ့တွင် လုပ်ပိုင်ခွင့် မရှိကြောင်း ဂျက်ဆီအား ပြောသည်။

ဂျက်ဆီ၏ ကိစ္စမတိုင်မီ အရွယ်မရောက်သေးသူတစ်ဦး ပတ်သက်နေသော ဆက်တင်းကိစ္စတွင် ရဲအရာရှိ ပေါလ်သည် အမှုဖွင့်လျက် သက်ဆိုင်ရာ မိဘများအား ခေါ်ယူဆွေးနွေးခဲ့သည်။ အရွယ်မရောက်သေးသူများအား လိင်ကိစ္စဖြင့် ပတ်သက်စေခြင်းသည် ကြီးလေးသော ရာဇဝတ်မှု ဖြစ်သဖြင့် ယင်းကဲ့သို့ အရေးယူ ဆောင်ရွက်နိုင်ခြင်းဖြစ်သည်။ ဂျက်ဆီမှာမူ အသက်ပြည့်ပြီးဖြစ်သဖြင့် ယင်းကဲ့သို့ အရေးမယူနိုင်ပေ။

ဂျက်ဆီက ကျောင်းအာဏာပိုင်များထံ တိုင်ကြားလိုက်သည်ကို သိရှိသော ကျောင်းသားများက သူမအပေါ် ထိုးနှက်မှုများ ပိုမိုလုပ် လာကြသည်။ သူမအား မိန်းမပျက်၊ အကျင့်ပျက်မ စသဖြင့် အမျိုးမျိုး ခေါ်ဝေါ်ပုတ်ခတ်ကြသည့်အပြင် တယ်လီဖုန်းဆက်ကာ ညစ်ညမ်းစွာ ပြောဆိုမှုများ လုပ်လာခဲ့သည်။

စာသင်နှစ် ပြီးဆုံးခါနီးအချိန်တွင် ဂျက်ဆီသည် စာမကျက်နိုင်တော့။ ကျောင်းမတက်ဘဲ နေတော့သည်။ ယင်းသို့ ဖြစ်ပျက် နေ သည်ကို မိဘများက မသိဟု ဆိုသည်။ သူမ ကျောင်းပျက်နေခြင်းကို ကျောင်းမှ တိုင်စာရောက်လာသည့်အခါတွင်မှ အခြေအနေကို ရိပ်မိတော့သည်ဟု သူမ မိခင်က ရုပ်မြင်အင်တာဗျူးတွင် ပြောသည်။

ကျောင်းဆင်းပွဲတွင် သူမကို ဝိုင်းဝန်းလှောင်ပြောင်ကြသည်။ စက္ကူလုံးများဖြင့် ပစ်ပေါက်သည်။ ကိုယ့်ကိုယ်ကို သေကြောင်းကြံသွား သည့် ရင်းနှီးသူတစ်ဦး အသုဘကို ဂျက်ဆီက တစ်နေ့တွင် လိုက်ပို့သည်။ နောက်တစ်နေ့တွင် ဂျက်ဆီ သူ့ကိုယ်သူ အဆုံးစီရင် လိုက် တော့သည်။

လက်ကိုင်ဖုန်းဖြင့် တစ်ဦးထံတစ်ဦး သာမန် စာသားပေးပို့ခြင်းကို တက်ဆ်တင်း- Texting ဟု အမည်ပေးထားသည်။ လိင်ကိစ္စ သဘောသက်ဝင်သည့် စာသား၊ ဓာတ်ပုံ၊ ဗီဒီယိုပေးပို့ခြင်းကို ဆက်တင်း- Sexting ဟု ခေါ်ကြသည်။ လူငယ်များအကြား တစ်ဦးထံ တစ်ဦး စာသား၊ ဓာတ်ပုံ၊ ဗီဒီယိုဖိုင်များ ပေးပို့ခြင်းသည် ၂၁ ရာစု ဆယ် ကျော်သက်များ၏ နိစ္စဓူဝ ပြုမြဲ ကိစ္စ ဖြစ်နေသည်။

အမ်တီဗီတေးဂီတ ရုပ်မြင်အစီအစဉ်က ဆက်တင်းနှင့် ပတ်သက်၍ လူငယ်လူရွယ်များအကြား သဘောထား မှန်ကန်စေရန် ရည်ရွယ်လျက် A Thin Line ဟူသော အမည်ရှိ စစ်တမ်း ကောက်ယူမှု ပြုလုပ်သည်။ အ သက် ၁၄ နှစ်မှ ၂၄ နှစ်အကြား လူငယ် ၂၅ ရာနှုန်းကျော်သည် ဆက်တင်းတွင် တစ်နည်းမဟုတ် တစ်နည်း ပါဝင်ပတ်သက်နေသည် ဟု စစ်တမ်းတွင် တွေ့ရသည်။ ယင်းတို့အနက်မှ ၁ဝ ရာနှုန်းသည် ယင်းတို့၏ ကိုယ်တုံးလုံးဓာတ်ပုံကို လက်ကိုင်ဖုန်းချင်းပေးပို့ခြင်း၊ အင် တာနက်ပေါ်သို့တင်ခြင်း တို့ကို ပြုလုပ်ခဲ့ဖူးသည်ဟုဆိုသည်။ ယင်းတို့အနက် ၁၇ ရာနှုန်းသည် လက်ခံရရှိထားသော ဓာတ်ပုံကို အခြားသူများထံ (ကာယကံရှင် ခွင့်ပြုချက် မရှိဘဲ) ဝေငှဖူးသည်။

သုတေသနပြုခံများ၏ ၅ဝ ရာနှုန်းသည် တစ်နည်းမဟုတ် တစ်နည်း လက်ကိုင်ဖုန်းမှတစ်ဆင့် အနိုင်ကျင့်မှုကို ခံခဲ့ရသည်ဟု ဆို သည်။ လက်ကိုင်ဖုန်းဖြင့် သွားပုပ်လေလွင့် ပုတ်ခတ်သော မမှန်သတင်းများ ပေးပို့ခံရခြင်းမှာ အများဆုံး ဖြစ်သည်။ ၈ ရာနှုန်းသည် ခြိမ်းခြောက်ခံရသည် ဟုဆိုသည်။ ယင်းသို့ အနိုင်ကျင့်ခံရသူ မိန်းကလေးမှာ ၅၃ ရာနှုန်းရှိပြီး ယောက်ျားလေးမှာ ၄၂ ရာနှုန်း ဖြစ် သည်။ မဖွယ်မရာဓာတ်ပုံများ အပေးအယူလုပ်နေခြင်းဖြင့် ဆိုးရွားသော အကျိုးဆက်များ ဖြစ်ပေါ်စေနိုင်သည်ကို ကျောင်း သူ ကျောင်း သား ၇၅ ရာနှုန်းက သိရှိ သည်။ သို့သော် စိတ်အလိုကို မထိန်းနိုင်ကြ။

မိန်းကလေးများသည် ယောက်ျားလေးများထက် ဝတ်လစ်စလစ်ဓာတ်ပုံများကို မိန်းကလေး အချင်းချင်း ဖလှယ်ရန် အခွင့်အ လမ်းများသည်ဟု သုတေသနက တွေ့ရှိသည်။ အပျိုဖော်ဝင်ခါစ မိန်းကလေးများသည် ဓာတ်ပုံပေးပို့ခြင်းကို အပျိုဖော် မဝင်သေးသူ များထက် ပိုလုပ်လေ့ရှိသည်။ မိန်းကလေး ၂၉ ရာနှုန်းက ယင်းတို့၏ ဝတ်လစ်စလစ်ပုံကို အင်တာနက်ပေါ်တွင်သာ တွေ့ဆုံဖူးသူ သူစိမ်းထံသို့ ပေးပို့ခဲ့ဖူးသည်ဟု ဆိုသည်။ ယင်းအရေအတွက်သည် ထိတ်လန့်ဖွယ်ရာဖြစ်သည်။

အလားတူ သုတေသနကို ဆမီးယားဟင်ဒူဂျာနှင့် ပတ်ချင် - Sameer Hinduja and Justin Patchin သုတေသနဌာန ကလည်း ပြု လုပ်ခဲ့သည်။ ဆယ်ကျော်သက် ၁၂ ရာခိုင်နှုန်းက အခြားသူများ၏ ဓာတ်ပုံများကို ကာယကံရှင်ခွင့်ပြုချက်မရှိဘဲ ရိုက်ယူပြီး အင်တာနက်ပေါ်သို့ တင်ဖူးသည်ဟု ဆိုသည်။

အခြားသူတစ်ဦး၏ ဓာတ်ပုံ၊ ဗီဒီယိုကို ရိုက်ယူရာတွင် ကာယကံရှင် ခွင့်ပြုချက် မရှိခြင်း၊ အတင်းအကြပ် ရိုက်ယူခြင်းတို့ ရှိနေသဖြင့် အကျိုးဆက်မှာ ထိတ်လန့်ဖွယ်ရာ ဖြစ်သည်။ ကာယကံရှင် ခွင့်ပြုချက်မရှိဘဲ နှစ်ကိုယ်တူ ကြည်နူးနေသည့် အခိုက်အတန့်ကို ခိုးရိုက် ကာ အင်တာနက်ပေါ်တင်ခြင်းသည် ရာဇဝတ်မှု ဖြစ်သည်။ ခိုးရိုက်သူသည် ကိုယ်တိုင်ပါ ဝင်လှုပ်ရှားနေသူ ဖြစ်လင့်ကစား သူတို့၏ မျက်နှာ မပါဝင်စေရန် ယောက်ျားလေးများက တမင်တကာ စီစဉ်ထားတတ်ကြသည်။ မျက်နှာပါဝင်နေသည့်တိုင် ဗီဒီယို နည်းပညာဖြင့် မျက်နှာကို ဖျောက်ထားလေ့ရှိသည်။ ယင်းသို့ မိမိအပိုင်းကို ဖုန်းကွယ်ထားခြင်းသည် မရိုးသားသည့်သဘောကို ထင်ရှားစေသည်။ တစ်ဖက်သားအား အရှက်တကွဲ ဖြစ်စေလိုသော ရည်ရွယ်ချက် ပါဝင်နေသည်။

တူနှစ်ကိုယ်ရိုက်ကူးထား သောပုံများ တယ်လီဖုန်းအတွင်း ရှိနေသည်ဟု သိထားသူ တစ်ဦးဦးက ထိုဖုန်းကို ခေတ္တအလစ်သုတ်ကာ ထိုဖုန်းမှပင် အခြားလူများထံသို့ ပေးပို့ခြင်းဖြင့် ကာယကံရှင် ကိုယ်တိုင် ပေးပို့သည်ဟု ထင်မှတ်မှားစေသည်။ ခလုတ်တစ်ချက်နှိပ် ရုံဖြင့် ရာပေါင်းများစွာသော တယ်လီဖုန်းများထံ ရောက်သွားစေနိုင်သည့်အတွက် အဖျက်စွမ်းအားသည် ကြီးမားလှသည်။ ခံရသူ အဖို့ များစွာနစ်နာရသည်။

ဆယ်ကျော်သက်များ ယူဆောင်သွားလာနေသည့် လက်ကိုင်ဖုန်းနှင့် ခရီးဆောင် ကွန်ပျူတာများသည် သူတို့၏ ဘဝများကို တစ်စစီ ဆုတ်ဖြဲပစ်နိုင်သည့် ပစ္စည်းများ ဖြစ်သည်ကို ဂရုမထားမိကြ။ တစ်ခဏတာ စိတ်ရူးပေါက် ရုံမျှနှင့် လူငယ်တစ်ယောက်၏ ဂုဏ် သိက္ခာ အဖတ်ဆယ်၍ မရနိုင်လောက်အောင် ကျေပြုန်းသွားနိုင်သည်။ ဆက်တင်းသည် လူငယ် အချင်းချင်း တစ်ယောက်အပေါ် တစ်ယောက် မညှာမတာနှိပ်ကွပ် နိုင်သော နည်းလမ်း ဖြစ်လာနေသည်။

ဟော်မုန်းတို့ ထကြွ သောင်းကျန်းနေသည့် အရွယ်မို့ လူငယ်များသည် ဆင်ခြင်တုံ အား နည်းကြသည်။ ယခင်က စာသင်ကျောင်း တွင် အနိုင်ကျင့်ခြင်းသည် ကစားကွင်း၊ အိမ်သာတို့တွင် ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်း ဖြစ်သော်လည်း ယခုအခါ လက် ကိုင်ဖုန်းကို အသုံးပြုလျက် အနိုင်ကျင့်မှုများ ဖြစ်ပွားလာသည်။ စိတ်ကို အနိုင်ကျင့်ခြင်း ဖြစ်သည်။ မရင့်ကျက်သေးသည့် ဆယ်ကျော်သက်များသည် အလူးအလဲ ခံရတော့သည်။ မလျော်ကန်သော သတင်းစကား၊ မတော်တရော် ဓာတ်ပုံတို့ ကို ဖြန့်ဝေခြင်းဖြင့် တိုက်ခိုက် အနိုင်ကျင့်မှုများ ရှိနေသည်။ သုတေသနပြုချက်များအရ သိရှိရသည်မှာ ဆက်တင်းဖြင့် အ နိုင်ကျင့် မှုကြောင့် ကိုယ့်ကိုယ်ကို သတ်သေနှုန်းသည် ၁ ဒသမ ၉ ရာနှုန်းရှိပြီး ကိုယ်ထိလက်ရောက် အနိုင်ကျင့်ခံရမှုကြောင့် သတ်သေ နှုန်း မှာ ၁ ဒသမ ၇ ရာနှုန်းသာ ရှိသည် ။

ယင်းသို့ အနိုင်ကျင့်မှုများကို အရေးယူဆောင်ရွက်ရာတွင် အာဏာပိုင်များ အခက်တွေ့ရသည်။ ကျူးလွန်သူများသည် ငယ် ရွယ်သူ များ ဖြစ်သဖြင့် ပြစ်ဒဏ် ကြီးကြီးမားမားပေးပါက အညွန့်ချိုး သကဲ့သို့ ဖြစ်သွားမည်ကို စိုးရိမ်ရ သည်။ အပြစ်ဒဏ် ပေါ့နေပါကလည်း ကျူးလွန်မြဲ ကျူးလွန်နေကြမည်ကို ထည့်သွင်းစဉ်းစားရသည်။ တရားရုံးသည် ဆက်တင်းပြဿနာကို ဖြေရှင်းရာတွင် အသင့်တော် ဆုံး မဖြစ်နိုင်ဟု စိတ်ပညာရှင်အချို့က ဆိုသည်။ လူငယ်များ အသိစိတ် ရင့်ကျက်လာရန် လေ့ကျင့်ပေးဖို့ လိုအပ်သည်။

ဟုပ်ဝစ်ဆဲလ်သည် ကိုယ့်ကိုယ်ကို သတ်မသေမီ ဓာတ်ပုံကိစ္စကြောင့် မိဘများက သူ့အား အပြင်မထွက်ဘဲ နေစေသည်။ ကျောင်းမှ လည်း နုတ်လိုက်သည်။ သို့သော် သူမက အခြားယောက်ျား လေးတစ်ယောက်ထံ အပေါ်ပိုင်း ဗလာကျင်းထားသည့် ဓာတ်ပုံကို ပို့ ပြန်သည်။ ဤသည်မှာ စိတ်ဓာတ်အရ ချောင်ပိတ်မိနေသော ငယ်ရွယ်သူတစ်ဦး၏ တုံ့ပြန်မှုဟု စိတ်ပညာရှင်များက ဆိုသည်။ ဘာဖြစ်သလဲ ငါလုပ်တယ်ဟူသည့် အရွဲ့တိုက်သော အပြုအမူ ဖြစ်သည်။ ဆယ်ကျော်သက်တို့၏ အပြုအမူသည် ခံစားမှုကို ဦးစားပေးသဖြင့် နားလည်ရန် ခက်ခဲသည်။ ခံစားမှုကို ကျိုးကြောင်းပြသက်သက်ဖြင့် ပြောဆိုရှင်းပြလျှင် ပိုမိုပေါက်ကွဲလေ့ရှိသည်။ ခံစားမှုကို နားလည်အောင် ကြိုးစားရသည်။ ထိုခံစားမှုကို အသိအမှတ်ပြုကာ ကျိုးကြောင်းဆက်စပ်ခြင်းသည်သာ အကောင်း ဆုံး ဖြစ်သည်။

မိဘများသည် သားသမီးများ စောင့်ကြည့်နေရန် လိုအပ်သည်ဆိုသောအချက်ကို ပညာရှင်များက လက်ခံကြသည်။ သို့သော် ၁၉၈ဝ ပြည့်လွန်နှစ်များက ကြိုးဖုန်း အသုံးပြုလျက် စကားပြောခြင်း နှင့် ယနေ့ခေတ် လက်ကိုင်ဖုန်း အသုံးပြုခြင်းတို့သည် များစွာ ခြားနားခဲ့ပြီဖြစ်သည်။ အိပ်ယာထဲ၊ အိမ်သာထဲ စသည့် မမြင်ကွယ်ရာအထိ ယူသွားနိုင်ပြီး စွမ်းဆောင်ရည်အမျိုးမျိုး တပ်ဆင် ထားသည့် လက်ကိုင်ဖုန်းသည် ဒုက္ခအမျိုးမျိုးကို ပေးစွမ်းနိုင်သည့် ကိရိယာ ဖြစ်နေသည်။ လက်ကိုင်ဖုန်း ရှိနေသော ဆယ်ကျော် သက်ကို ထိုင်စောင့်နေ၍ လက်တွေ့တွင် မဖြစ် နိုင်။ လက်ကိုင်ဖုန်းသည် မရှိမဖြစ် လိုအပ်သောပစ္စည်း ဖြစ်သည်။ စက်တင်ဘာ ၁၁ တိုက်ခိုက်မှုအပြီး လက်ကိုင်ဖုန်း အသုံးပြုမှု အဆမတန် တိုးတက်များပြားလာသည်။ မိဘများက သားသမီးများ မည် သည့်နေရာ တွင် ရှိသည်ကို ချက် ချင်းသိလိုကြသည်။ သားသမီးများ ဘေးမသီ ရန်မခ ရှိနေသည်ကို သေချာလိုကြသည်။

လက်ကိုင်ဖုန်းများတွင် ကျယ်စွာ အသုံးပြုလာသည့်အတွက် အဝေးပြေးလမ်းတွင် ဖြစ်ပွားသော ရာဇဝတ်မှုများ၊ မြေအောက် ကားရပ်နားရာတွင် ဖြစ်ပွားသော ရာဇဝတ်မှုများ ထက်ဝက်လျော့ကျ သွားသည်ဟု စာရင်းဇယားများက ဆိုသည်။ ယင်းသို့မရှိမဖြစ် အသုံး ဝင်သော ကိရိယာဖြစ်သော်လည်း မလျော်မကန် အသုံးပြုပါက အဖျက်စွမ်းအားလည်း ကြီးမားလှသည်။
မိန်းကလေးများသည် ရည်းစားများထံ ယင်းတို့၏ ဝတ် လစ်စလစ်ပုံများကို ပေးပို့သည်မှာ ထုံးစံလို ဖြစ်လာနေသည်။ ဓာတ်ပုံ ပေးပို့ ဖူးသည့် မိန်းကလေး ၁၄ ရာ နှုန်းက သူတို့ပုံများသည် သူတို့၏ ခွင့်ပြုချက်မရှိဘဲ အခြားသူများထံတွင် ရောက်ရှိနေသည်ဟု ယူဆကြသည်။

ယင်းကဲ့သို့ ဓာတ်ပုံ လက်ခံရရှိဖူးသည့် ယောက်ျားလေး ၁၇ ရာနှုန်းက ထိုပုံများကို ဆက်လက်ဝေငှဖူးသည်ဟု ဆိုသည်။ ထို သို့ ဝေငှရာတွင် တစ်ခါတစ်ရံ၌ တစ်ဦးထက်မကသော လူများထံ ပေးပို့ဖူးသည်ဟု ဆိုသည်။ ဤနေရာတွင် မိန်းကလေးများ သည် ယောက်ျားလေးများထက် ပိုမိုလက်သွက်သည်ဟု ဆိုသည်။ သုတေသနပြု မေးမြန်းခဲ့သော မိန်းကလေး ဆယ်ဦးအနက် တစ်ဦးက ၎င်းတို့၏ ဝတ်လစ်စလစ်ပုံကို လက်ကိုင်ဖုန်း၊ အင်တာနက်မှတစ်ဆင့် ပေးပို့ခဲ့ဖူးသည်ဟု ဆိုသည်။

ဆက်တင်းသည် ဒုက္ခလှလှ ရောက်စေနိုင်သည်ဆိုသော အချက်ကို လူငယ် ၅ဝ ရာနှုန်းက သိရှိကြသော်လည်း သူတို့သည် ဆက်တင်း မလုပ်ဘဲ မနေနိုင်ဟု ဆိုကြသည်။

လူမှုရေးပညာရှင် ကက်သရင်းဘိုဂလီ - Kathleen Bogle သည် လာဆားလ်တက္ကသိုလ်မှ လူမှုရေးသိပ္ပံ ပါမောက္ခဖြစ်သည်။ သူမ က ''ဒုက္ခဖြစ်နိုင်တယ်ဆိုတာ သိပေမယ့် ကလေးတွေက သူတို့ရဲ့ အလျှံညီးညီး တောက်လောင်နေတဲ့ စမ်းသပ်ချင်တဲ့ဆန္ဒကို မလွန် ဆန်နိုင်ရှာကြဘူး'' ဟု ထင်မြင်ချက်ပေးသည်။ ''ဆယ်ကျော်သက်တွေ ကားကို အမြန်မောင်းကြသလိုပဲ။ ငါ ဘာမှမဖြစ်နိုင်ဘူး ဆိုပြီး မောင်းကြတာပဲ။ တိုက်မိခိုက်မိပြီဆိုမှ မရှူနိုင် မကယ်နိုင် ဖြစ်ကြရတယ်။ ဆက်တင်းမှာလည်း ဒီလိုပဲ ဘာမှ မဖြစ်နိုင်ပါဘူး ဆိုပြီး မျက်ကန်း တစ္ဆေမကြောက် လျှောက်လုပ်နေကြတာ'' ဟု သူမက ပြောသည်။ ဖြစ်လာနိုင်သည့် အန္တရာယ်ကို ဖော့ တွေးကြ သည်။ သိလျက်နှင့် ဝိဘက် ကြမ္မာ ငင်ကြသည်။

ဆယ်ကျော်သက်အရွယ်၏ ဦးနှောက်သည် အပြည့်အဝ ရင့်ကျက်ဖွံ့ဖြိုးမှု မရှိသေးပေ။ ဆယ်ကျော်သက်မှ အသက်နှစ် ဆယ် အတွင်းတွင် ဦးနှောက်၏ စိတ်ခံစားမှုအပိုင်းက အခြားအပိုင်းများထက် လျင်မြန်စွာ ဖွံ့ဖြိုးလာသည်။ စိတ်ခံစား လွယ်လာသည်။ ပတ်ဝန်းကျင်၏ ဖိအားကို မခံနိုင် ဖြစ်လာသည်။ ချင့်ချိန်အားနည်း နေသည့်အရွယ်မို့ ပတ်ဝန်းကျင်ကို ကိုးကွယ်ရာတစ်ခုလို နာခံ သည်။ ပတ်ဝန်းကျင်ရှိ အခြားသောဆယ် ကျော်သက်များ ဝတ်သလို စားသလို လိုက်လုပ်နေကြသည်။ ဆယ်ကျော်သက် အဝတ်အစား၊ အသုံးအဆောင် ရောင်းချသူများ၏ အခွင့်ကောင်းပင် ဖြစ်သည်။ သူတို့၏ ကုန်ပစ္စည်းကို 'ပေါက်' အောင် ကြော်ငြာ အားဖြင့် ဖိတွန်းသည်။ ပေါက်သွားသည့်အခါ ရောင်းမ လောက်တော့။ ဆယ်ကျော်သက် တို့ သဘာဝအတိုင်း တစ်ဦးက ဝတ်လျှင် လိုက်ဝတ်သည်၊ သုံးလျှင် လိုက်သုံးကြသည်။

ဦးနှောက်၏ ကျိုးကြောင်းဆင်ခြင်မှုနှင့် ဆိုင်သော အစိတ်အပိုင်း- Frontal Cortex) သည် အသက်နှစ်ဆယ်ကျော်သည့် အခါတွင် မှ အပြည့်အဝ ဖွံ့ဖြိုးလာ သည်။ ထိုခါတွင်မှ ကျိုးကြောင်း ဆင်ခြင်ခြင်း၊ အကျိုးအပြစ်ကို ချိန်ဆတွေးတောခြင်းတို့ လုပ်လာနိုင် သည်။

ဆယ်ကျော်သက်တို့သည် အွန်လိုင်းပေါ်တွင် တင်လိုက်သည့် ဝတ်လစ်စလစ် ဓာတ်ပုံများသည် ၎င်းတို့၏ အနာဂတ်အပေါ် မည်မျှ သက်ရောက်နိုင်သည်ကို သတိ မထားမိကြ။ ငယ်ရွယ်သူများပီပီ ရယ်မောစရာတစ်ခုအဖြစ်သာ သဘောထားမိကြသည်။ ထိုဓာတ်ပုံ များသည် တက္ကသိုလ်ဝင် စိစစ်ရေး ဌာနနှင့် မိမိအား အလုပ်ခန့်ထား မည့် အလုပ်ရှင်လက်ထဲသို့ ရောက်နေနိုင်သည်ကို မစဉ်းစားမိ ကြ။ ယင်းသို့ ရောက်နေလျှင် သူတို့၏ အနာဂတ်အပေါ် ဆိုးကျိုး များစွာ သက်ရောက်သွားနိုင်သည်။ ဆိုင်ဘာစပေ့ (အင်တာနက်)ပေါ်သို့ရောက်သွားသည့် ဓာတ်ပုံသည် မည်သည့်အခါတွင်မျှ ပျောက်ကွယ်သွားမည်မဟုတ်ပေ။ တစ်ထောင့်ထောင့် တစ်နေရာရာတွင် ထာဝရရှိနေတော့မည်။ သူတို့၏ ဘဝတာတစ်ခုလုံးတွင် ခြောက်လှန့်နေပေတော့မည်။

ဆက်တင်းဖြင့် တိုက်ခိုက်ခံရသည့် လူငယ်များ၏ စိတ်ဖိစီးမှု မြင့်တက်လာသည်။ ထိုကဲ့သို့အခြေအနေမျိုးတွင် မိမိကိုယ် ကိုယ်ကို သတ်သေရန် အခွင့်အလမ်း ၃ ဆမျှ မြင့်တက်လာသည်ဟု သုတေသနက တွေ့ရသည်။ ကျောင်းထွက်ရန် ဆုံးဖြတ်ဖို့လည်း ၃ ဆမျှ နီးစပ်လာသည်။

ဖလော်ရီဒါ၊ အင်ဒီယာနာ၊ အိုဟိုင်ယိုနှင့် ပင်ဆဲလ်ဗေးနီးယားပြည်နယ်တို့တွင် ဝတ်လစ်စလစ် ဓာတ်ပုံများကို တယ်လီဖုန်းဖြင့် ဖြန့်ဖြူးမှုဖြင့် ဆယ်ကျော်သက်များသည် တရားရုံးတွင် ရင်ဆိုင်နေရပြီ ဖြစ်သည်။ အချို့ဆိုလျှင် ပြစ်မှုကြီးအဖြစ် စွဲဆိုခံနေရသည်။

ဆယ်ကျော်သက်များ၏ လေးပုံတစ်ပုံသည် ဆက်တင်းတွင် ပါဝင်ပတ်သက်နေသည်ဟု သုတေသနများက ဆိုသည်။ အသက်နှစ် ဆယ်မှ သုံးဆယ်အတွင်းရှိ သူများ၏ သုံးပုံတစ်ပုံသည် ဆက်တင်း တွင် ပါဝင်နေသည်ကို တွေ့ရသည် ဟု အခြားသုတေသနတစ်ခု က ဆိုသည်။ ယင်းသို့ဆိုလျှင် ဆက်တင်းသည် ဆယ်ကျော်သက်အရွယ် လွန်မြောက်သည့်အခါ ပိုမိုပျံ့နှံ့လာသည်ဟု ကောက် ချက်ချနိုင်သည်။

အမ်တီဗီက ပြုလုပ်သော A Thin Line သုတေသနသည် ဆယ်ကျော်သက်များအား ပညာပေးရန် ဖြစ်သည်။ ခေတ်ပေါ် ဆက်သွယ်ရေး မီဒီယာကိရိယာများကို အသုံးပြုရာတွင် အမှားနှင့် အမှန်အကြားတွင် ပါးလွှာသော မျဉ်းကြောင်းလေး တစ်ကြောင်း သာ ခြားထားကြောင်း၊ ထို့ကြောင့် သတိကြီးစွာထားလျက် တစ်ခဏတာပေါ်လာသော စိတ်ရူးပေါက်မှုကို တွန်းလှန်ရန် လိုအပ်ကြောင်း သတိပေးခြင်း ဖြစ်သည်။

ခေတ်တိုင်းခေတ်တိုင်း၊ မျိုးဆက်တိုင်း မျိုးဆက်တိုင်းတွင် မလျော်မကန်ပြုမူမှု ဆိုသည်မှာ ရှိခဲ့သည်သာ ဖြစ်သည်။ သို့သော် ယနေ့ခေတ် မျိုးဆက်တို့ လက်ဝယ်တွင်ရှိနေသည့် မလျော်မကန် အသုံးပြုနိုင်သည့် ပစ္စည်းသည် လွန်စွာ အစွမ်းထက်သော ကိရိယာ ဖြစ်နေသည်။ လက်ကိုင်ဖုန်းမှ ဓာတ်ပုံတစ်ပုံ၊ စာသားတစ်ပိုဒ်၊ ဗီဒီယို အပိုင်းတစ်ပိုင်းသည် စက္ကန့်ပိုင်း အတွင်း ကမ္ဘာ တစ်လွှားသို့ ပျံ့နှံ့ သွားနိုင်သည်။ လူသားတစ်ဦးနှင့် တစ်ဦးအကြား ဂဏန်းဆယ်လုံးသာ ခြားတော့သည်။ ဂဏန်းဆယ်လုံးလှည့် လိုက်ရုံဖြင့် ဆက်သွယ်လိုသူကို ဆက်သွယ်နိုင်သည့် အနေအထား ဖြစ်လာသည်။

အမေရိကန်ပြည် လော့အင်ဂျလိစ်မြို့တွင် ရဲက လူမည်းတစ်ဦးကို ဥပဒေမဲ့ ရိုက်နှက်ကန် ကျောက်နေသော ဗီဒီယိုအပိုင်းအစ တစ်ခုကြောင့် လူမည်းများ ဆန္ဒပြကာ မီးတင်ရှို့သဖြင့် လော့အင်ဂျလိစ်မြို့ တစ်မြို့လုံး မီးဟုန်းဟုန်း တောက်လောင်ခဲ့ဖူးသည်။ လက်ကိုင်ဖုန်းဖြင့် ဗုံးခွဲနိုင်သော အဆင့်သို့ ရောက်နေသည်။

ခေတ်မီ မီဒီယာကိရိယာများ၏ အစွမ်းဖြင့် အစိုးရများကို ဖြုတ်ချခဲ့ဖူးသည်။ အဓိကရုဏ်းများ ဖြစ်ပွားစေခဲ့သည်။ လူတစ်ဦး တစ်ယောက် အပေါ် လက်ကိုင်ဖုန်း၏ ဆိုးကျိုးသက်ရောက်နိုင်မှု ပမာဏသည် ယုံနိုင်ဖွယ်ပင်မရှိ။

အသက် ၁၈ နှစ်ပြည့်မှ လက်ကိုင်ဖုန်းကို လိုင်စင်ဖြင့် ကိုင်ဆောင်ရမည်ဟု ကန့်သတ်ရန် လွန်စွာနောက်ကျသွားပြီ ဖြစ်သည်။ မိဘများက သားသမီး လက်ကို ကားသော့အပ်လိုက်ခြင်းသည် သူတို့၏ လှုပ်ရှားသွားလာ နိုင်စွမ်းကို မြှင့်တင်ပေးလိုက်ခြင်း ဖြစ် သလို လမ်းအန္တရာယ် ဖြစ်ပွား နိုင်ခြေလည်း ရှိလာသည်။ ရုပ်ဝတ္ထု ပျက်စီးမှုသည် မတော်တဆ ဖြစ်ပွားမှု၏ ပတ်ဝန်းကျင်သို့သာ သက်ရောက်မှု ရှိနိုင်သည်။ သို့သော် လက်ကိုင်ဖုန်းတစ်လုံး၏ အဖျက်စွမ်းအားသည် နယ်နမိတ် အကန့်အသတ်မရှိ။ လူငယ်များ အား အင်တာနက်လုပ်ချိန်ကို ကန့်သတ်ခြင်း၊ အီးမေးလ်ကို စစ်ဆေးခြင်း၊ ဝက်ကင်မရာ ဖြုတ်သိမ်းခြင်းတို့ဖြင့် ၎င်းတို့အား တားဆီးနိုင်မည် မဟုတ်ပေ။ လူငယ်များသည် ယင်းတို့အပေါ် အကန့်အသတ်များကို ပါးနပ်စွာ ရှောင်ကွင်းနိုင်ကြ သည်သာ ဖြစ် သည်။

စာသင်ချိန်တွင် စားပွဲခုံ အောက်တွင် လက်လျှိုထားပြီး ဆရာမကို ကြည့်နေကာ တယ်လီဖုန်းလက်ကွက်ကို မကြည့်ဘဲ စာသား ကို မှန်ကန်စွာရိုက်ပြီး ပေးပို့ နိုင်ကြသည်။ တစ်ဖက်မှ တယ်လီဖုန်းခေါ်သံ- Ring Tone ကို အ သက် ၂၅ နှစ်အထက်ရှိသူ (ဆရာမ) မကြားနိုင်စေရန် ကြိမ်နှုန်းမြှင့် ခေါ်သံကို အသုံးပြုထားသည်။ ထို ကြိမ်နှုန်းမြင့်လှိုင်းကို လူကြီးများ မကြားနိုင်ဘဲ လူငယ်များသာ ကြား နိုင်သည်။

လက်ကိုင်ဖုန်းသည် လူ့လောကအတွင်း ဆိုင်းမပါ ဗုံမဆင့်ဘဲ ရုတ်ခြည်းရောက်ရှိလာသည်။ သေးငယ်လှပပြီး လွန်စွာမှ အစွမ်း ထက်သည်။ အချိန်ပိုနေသော ဆယ်ကျော်သက်များအဖို့ အဖော် ကောင်း ဖြစ်သည်။ အချိန်ဖြုန်းရန် အထိရောက်ဆုံး ကိရိယာ ဖြစ် သည်။ ထို့အတူ စာမေးပွဲ ခိုးချရန်၊ ရန်ပွဲ ချိန်းရန်၊ ခြိမ်းခြောက်ရန်၊ မူးယစ်ဆေးဝါး ဝယ်ယူရန်၊ မတော် တရော်ဓာတ်ပုံများ ပေးပို့ ရန် တို့တွင် များစွာ အသုံးဝင်သည်။

ပုဂ္ဂလိကနှင့် အများပြည်သူအကြား၊ မေတ္တာနှင့် အနိုင်ကျင့် မှုအကြား၊ ဝေါဟာရနှင့် အနာတရ ဖြစ်မှုအကြား မျဉ်းသားထားသည်မှာ ပါးပါးလွှာလွှာလေးသာ ရှိတော့သည်။ လက်ကိုင်ဖုန်းကို အကျိုးရှိစွာ အသုံးချမှုနှင့် အလွဲသုံးမှုအ ကြား ပါးလွှာသော မျဉ်းကြောင်းကို အခိုင်အခန့် ပြန်လည်ရေးဆွဲရန် လိုအပ်နေပေပြီ။

အေးထွန်းမင်း

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...