Sunday, November 17, 2013

အိမ်ခြံမြေ ပြဿနာများနှင့် ပတ်သက်၍ တရားသူကြီးများ၏ အဂတိတရား မေးခွန်းထုတ်စရာ ရှိချိန်တွင် နှစ်ပေါင်း ၅၀-၁၀၀ နေထိုင်သူများအား အဓမ္မ နှင်ထုတ်မှုမှာ တရားမျှတခြင်း မရှိ

Sunday, 17 November 2013


နိုဝင်ဘာ ၁၅ ရက်က သင်္ဃန်းကျွန်းမြို့နယ်ရှိ သုံးဧကကျယ် မြေကွက်ပေါ်တွင် နှစ်ပေါင်း ၆၀ နေထိုင်သူများကို တရားရုံးက ဖယ်ရှားရာမှ ရုန်းရင်းဆန်ခတ် ဖြစ်ပွား၍ ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေး ယူထားစဉ်

မြေယာအိမ်ခြံမြေ ပြဿနာများနှင့် ပတ်သက်၍ တရားသူကြီးများ၏ အဂတိတရား မေးခွန်းထုတ်စရာ ရှိချိန်တွင် နှစ်ပေါင်း ၅၀-၁၀၀ နေထိုင်သူများအား အဓမ္မ နှင်ထုတ်မှုမှာ တရားမျှတခြင်း မရှိကြောင်း ဥပဒေ ပညာရှင်များ၊ နစ်နာသူများက ပြောကြားခဲ့သည်။

မြေယာ အိမ်ခြံမြေ ဈေးနှုန်းများ သိန်းပေါင်းသောင်းနှင့်ချီ ရှိနေချိန်တွင် မြေယာအိမ်ခြံမြေ ပြဿနာများနှင့် ပတ်သက်၍ တရားသူကြီးများက အဆုံးအဖြတ် ပေးရာ၌ လာဘ်ပေးလာဘ်ယူ သိန်းရာထောင်ချီ ရှိလာနိုင်ကြောင်း၊ ထို့ကြောင့် ပြည်သူများ မနစ်နာစေရန် လွှတ်တော်မှ တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ အသနားခံစာများ စိစစ်ဆောင်ရွက်ရေး ကော်မတီနှင့် အထူးစုံစမ်း စစ်ဆေးရေး ဌာနတို့မှ တာဝန်ရှိသူများက မြေယာအိမ်ခြံမြေ ပြဿနာများတွင် အမှန်တရားကို ဖော်ထုတ်ကာ နောက်ကွယ်တွင် ရှိနိုင်သည့် လာဘ်ပေးလာဘ်ယူ မှုများကို အရေးယူသင့်ကြောင်း မြေယာကိစ္စများနှင့် ပတ်သက်၍ အတွေ့အကြုံရှိသူ ဥပဒေ ပညာရှင် တစ်ဦးက ဆိုသည်။

"ဂရန်လက်ဝယ် ရှိသူသာလျှင် ပိုင်ရှင်ဖြစ်တယ်လို့ ဥပဒေမှာ ဆိုထားပါတယ်။ မြို့ပြဆိုင်ရာ မြေယာကိစ္စတွေကို ပစ္စည်းလွှဲပြောင်းခွင့်ဆိုင်ရာ ဥပဒေ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး အက်ဥပဒေ၊ အောက်မြန်မာပြည် မြေခွန်တော် ဥပဒေ၊ စာချုပ်စာတမ်းများ မှတ်ပုံတင်ခြင်း ဥပဒေတို့နဲ့အညီ စီမံခန့်ခွဲ ပါတယ်။ လာဘ်ပေးလာဘ်ယူမှုတွေကတော့ သေချာစုံစမ်း စစ်ဆေးသင့်ပါတယ်" ဟု Purple Equality Law Firm မှ အထက်တန်း ရှေ့နေနှင့် ဥပဒေ အတိုင်ပင်ခံ ကိုဖိုးဖြူက ဆိုပါသည်။

လက်ရှိ သင်္ဃန်းကျွန်းမြို့နယ် စ/သုမင်္ဂလာရပ်ကွက် လေးထောင့်ကန်လမ်းနှင့် ဒေါ်နီလမ်းထောင့်ရှိ သုံးဧက ကျယ်ဝန်းသည့် မြေကွက်အမှတ် ၆၆ တွင် နှစ်ပေါင်း ၆၀ ကျော် နေထိုင်သူများကို မြို့နယ်တရားရုံးက နိုဝင်ဘာ ၁၅ ရက်တွင် လာရောက်ဖယ်ရှားရာမှ နေထိုင်သူများနှင့် တရားရုံး ဘီလစ်တို့အကြား ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့သည်။

အဆိုပါ မြေကွက်မှာ ပိုင်ရှင်ဖြစ်သူ ဒေါ်နီ၏မြေး၊ မိသားစုများနှင့် ဒေါ်နီ၏ နောက်အိမ်ထောင်ဖက်မှ တူဖြစ်သူတို့အပြိုင် တရားရင်ဆိုင်နေသော မြေကွက်ဖြစ်ကြောင်း သိရသည်။ ၎င်းတို့နှစ်ဦး တရားရင်ဆိုင်လာသည်မှာ နှစ် ၂၀ ကျော် ကြာမြင့်ပြီဖြစ်ပြီး မြို့နယ်တရားရုံး အမိန့်ချမှတ်ခဲ့သည်ကို ၎င်းတို့အနေဖြင့် မသိရှိရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ထိုသို့ ပြောင်းရွှေ့ခံထားရသည့် ဒေါ်နီ၏မြေး၊ မိသားစုများက ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ အယူခံ တင်ထားကြောင်းနှင့် ဖယ်ရှားစဉ် မြို့နယ်တရားရုံးသို့ အယူခံစာများ လျှောက်ထားခြင်းတို့ကြောင့် တရားရုံးမှ လာရောက်ခြံခတ်မှုများကို ခေတ္တဆိုင်းငံ့ခဲ့ကြောင်း သိရသည်။

"နှစ်ပေါင်းများစွာ နေထိုင်လာပြီး နေရာဖယ်ခိုင်းတဲ့ ကိစ္စတွေမှာ ကျွန်တော်ကြားသိ ရသလောက်တော့ ပြစ်မှုဆိုင်ရာ ဥပဒေအရ ဒဏ်ငွေလောက်ပဲ ချတာများပါတယ်။ အခြား ကိစ္စတွေမှာတော့ တရားရုံးရဲ့ စီရင်ပိုင်ခွင့်အာဏာ အပြင်ဘက်ကနေ ဖြေရှင်းတာတွေ ရှိပါတယ်။ ဥပမာ ထွန်တုံးတိုက်ပွဲတို့၊ မိကျောင်းကန် ကိစ္စတွေမှာလိုပေါ့။ မြို့ပြမြေ ပိုင်ဆိုင်ခွင့် ကိစ္စတွေကို ပုဂ္ဂလိက အချင်းချင်း ဖြစ်တာတွေ ရှိတယ်။ ဖယ်ခိုင်းတာတွေတော့ ရှိတာပေါ့။ ဥပမာ အမွေကိစ္စတွေမျိုးဆိုရင် တရားရုံးက တရားဥပဒေနဲ့အညီ ဆုံးဖြတ်နိုင်တယ်။ လာဘ်ပေးလာဘ်ယူမှုတွေကတော့ နေရာတိုင်းမှာ ရှိနေတော့ ဒီကိစ္စတွေမှာလည်း ရှိနိုင်ပါတယ်" ဟု ရှေ့နေ ဦးဟန်ရှင်ဝင်းက ပြောကြားသည်။

အလားတူ တာမွေမြို့နယ်၊ တာမွေကြီး (က+ဂ) ရပ်ကွက်မြေ ၁၃ ဧကကျော်ကို ၁၅၅ လမ်းနေ ဦးသန်းမြင့်ဆိုသူက အမွေဆက်ခံခွင့်နှင့် စီမံခန့်ခွဲမှုအရ ရန်ရန်အရှေ့ပိုင်းခရိုင် တရားရုံး ဆုံးဖြတ်သည်ဆို၍ အဆိုပါ ရပ်ကွက်အတွင်းရှိ ကန်ထရိုက်တိုက်များနှင့် နေအိမ်များ ဆောက်လုပ်မှု အချို့ကို စည်ပင်သာယာသို့ တင်ပြကန့်ကွက်မှုများ ပြုလုပ်ခဲ့ရာ ရပ်ကွက်သူ ရပ်ကွက်သားများ အနေဖြင့် မြို့နယ်ပြည်သူ လွှတ်တော်ကိုယ်စားလှယ်ထံ သွားရောက်တင်ပြ တိုင်ကြားကြပြီး တာမွေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်းဆွေက လွှတ်တော်သို့ တင်ပြဆောင်ရွက် ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟုလည်း နိုဝင်ဘာ ၁၆ ရက်ထုတ် မြန်မာသံတော်ဆင့်တွင် ဖော်ပြခဲ့သည်။

ယင်းဖြစ်နှင့် ပတ်သက်၍ တာမွေကြီး (က+ဂ)ရပ်ကွက် ၁၅၅ လမ်းတွင် နေထိုင်သော ဦးသက်ဦးက "ကျွန်တော် ဒီရပ်ကွက်မှာ နေလာတာ ကြာပြီ၊ ဂရန်ရှိတဲ့ အိမ်တွေကတော့ လက်ချိုးရေလို့ ရတယ်။ နေလာတဲ့ သူတွေကလည်း ဘိုးဘွားပိုင်တွေက များတယ်။ တချို့က ဘိုးဘွားပိုင်တွေဆီကနေ တစ်ဆင့်ပြန်ဝယ်ထားတဲ့ သူတွေလည်း ရှိတယ်။ ဦးသန်းမြင့်က အခုမှ အမွေထိန်းတယ် ဆိုပြီးတော့ ကန်ထရိုက် ဆောက်တာတွေ၊ အိမ်ရောင်းဝယ်တာတွေကို သူနဲ့ဆွေးနွေးပြီးမှ လုပ်ငန်းလုပ်ခိုင်းတယ်။ အဲ့လို မလုပ်ရင်တိုင်တယ်။ သူက (က+ဂ) ရပ်ကွက်ထဲမှာရှိတဲ့ မီးသတ်တို့၊ စာသင်ကျောင်းတို့ပါ သူ့အပိုင်မြေဆိုပြီးတော့ ပြောနေတယ်။ အဲ့ဒီမြေတွေက အရင်ကတည်းက ကျောင်းဆရာတစ်ယောက် လှူဒါန်းထားခဲ့တဲ့ မြေဆိုတာ အရင်နေထိုင်ခဲ့တဲ့ သူတွေအကုန်လုံး သိတယ်။ အခုလက်ရှိမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဂရမ်ရှိတဲ့ သူတွေကို ဘာမှ ပြုလုပ်တာ မရှိသေးဘူး။ တကယ်လို့ သူက လာပြောလာခဲ့ရင်လည်း ကိုယ့်မှာရှိတဲ့ အထောက်အထားတွေကို ပြပြီးတော့ တုံ့ပြန်သွားဖို့ ရှိတယ်" ဟု ပြောကြားသည်။

သမ္မတ ဦးသိန်းစိန် ပြောကြားသကဲ့သို့ တရားစီရင်ရေး မဏ္ဍိုင်ကို လွတ်လပ်ပြီး အားကောင်းခိုင်မာ လာစေရန် ယခုမြေယာ အိမ်ခြံမြေ ပြဿနာများနှင့် ပတ်သက်၍ တရားရုံးများ၏ ဆုံးဖြတ်ချက်များ မှန်ကန်မှု ရှိ၊ မရှိ နောက်ကွယ်တွင် လာဘ်ပေးလာဘ်ယူမှုများ ရှိ၊ မရှိကို သက်ဆိုင်ရာ တာဝန်ရှိသူများက သေချာပြန်လည် စိစစ်ရန် လိုအပ် . . . . . .


ထို့အတူ ၁၅၅ လမ်းအတွင်း နေထိုင်သော ဦးအောင်ကလည်း "ကျွန်တော်ဒီမှာ နေတာက နှစ်ပေါင်းလေးဆယ်ကျော်လောက် ရှိပြီ၊ ဒီဝင်းကြီးထဲမှာရှိတဲ့ မြေကွက်တော်တော် များများက အရင်တုန်းက မြင်းလောင်းတဲ့သူတွေ၊ မြင်းပွဲကစားတဲ့ သူတွေ နေခဲ့တာ။ အခု ကျွန်တော်နေတဲ့ မြေကိုလည်း ပန်းစိုက်တဲ့ မိသားစုတစ်စုက မြင်းသမားတွေဆီက ပြန်ဝယ်တယ်။ အဲ့ဒီသူတွေကတစ်ဆင့် ကျွန်တော်က ပြန်ဝယ်ထားတယ်။ အမည်ဂရန်ပေါက် မရှိပေမယ့် ဘယ်အချိန်တုန်းက ၀ယ်ခဲ့တယ်။ ဘယ်လောက်နဲ့ ၀ယ်ခဲ့တယ်။ ဘယ်သူ့ဆီက ၀ယ်ခဲ့တယ်ဆိုတဲ့ အထောက်အထားတွေကို ပြနိုင်တယ်။ ဒီလို အခြေအနေတွေ ရှိတာတောင် ၂၀၀၈ နာဂစ် မတိုင်မီက ရောက်လာတဲ့သူ ရောက်လာပြီး ခြောက်နှစ်လောက်ပဲ နေရသေးတဲ့သူက ဘိုးဘွားပိုင်မြေတွေကို ထိန်းတဲ့ပုံစံနဲ့ ပြောတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ အထောက်အထားတွေကိုလည်း တရားဝင် မဟုတ်ဘူးလို့ ပြောတယ်။ အခု အခြေအနေတွေ ဖြစ်အောင်တော့ သူ့တစ်ယောက်တည်းနဲ့ လုပ်နိုင်မယ်လို့တော့ မထင်ဘူး။ သူ့နောက်ကွယ်မှာ ထောက်ပံ့ပေးနိုင်တဲ့သူ တစ်ယောက်ယောက်တော့ ရှိနေတယ်လို့ ထင်တယ်" ဟု ဆိုသည်။ ၁၅၆ လမ်းတွင် နေထိုင်သော ဦးမျိုးဝင်းကလည်း "အခု ကျွန်တော်တို့ အိမ်ကိုလည်း အခန်းပေး အခန်းယူ လုပ်ပြီးတော့ ကန်ထရိုက် ဆောက်မယ်ဆိုပြီးတော့ လုပ်ထားတာ။ ကန်ထရိုက်ယူပြီး ဆောက်နေတဲ့ တိုက်သုံးလုံးလောက် ရှိတယ်။ အဲ့ဒီ အဆောက်အဦးတွေ အကုန်လုံးက ဦးသန်းမြင့် ကန့်ကွက်ထားလို့ ဖြေရှင်းနေရတယ်။ တကယ်လို့ ကျွန်တော်သာ ကန်ထရိုက်ယူပြီး ဆောက်ပြီဆိုရင် လက်ရှိအိမ်ကို ဖျက်ပြီးမှ ဆောက်ရမှာ ဖြစ်တဲ့အတွက် အိမ်ငှားနေရမှာ အဲ့လိုအချိန်မှာ သူ့ဘက်က ကန့်ကွက်တာတွေ ဖြစ်လာခဲ့ရင် ကိုယ်ပဲနစ်နာတယ်" ဟု ဆိုသည်။

ယင်းသို့ မြေယာနှင့် ဆက်စပ်ဖြစ်ပွားနေသော ကိစ္စရပ်များနှင့် ပတ်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှု ဌာနအနေဖြင့် မည်သို့ဖြေရှင်း ပေးမည်ကို မေးမြန်းကြည့်ရာတွင် "သင်္ဃန်းကျွန်း ဒေါ်နီလမ်း မြေကွက်ကိစ္စကလည်း သူတို့အချင်းချင်း အမွေဆိုင် ကိစ္စတွေ ဖြစ်တာပါ။ ဌာနနဲ့ မဆိုင်ပါဘူး။ သူတို့က တရားရုံးက အနိုင်ဆိုတော့ တရားရုံးက အနိုင်ရတဲ့သူကို အပ်ဝရမ်းနဲ့ ဘီလစ်ကနေပြီးတော့ အပ်ရတယ်။ လုပ်ထုံးလုပ်နည်းအရ လုံခြုံရေးအတွက် ရဲတွေဘာတွေ ယူပြီးတော့ ဘီလစ်ကနေ တရားနိုင်တဲ့သူကို လက်ရောက်အပ်ရတယ်။ သိရသလောက်တော့ အဲဒီအချိန်မှာ အမွေဆိုင်တွေကလည်း ခြံထဲမှာ နေထိုင်တော့ ၀ိုင်းဝန်းကန့်ကွက်တာပါ။ ဦးတို့ ဌာနနဲ့လည်း မဆိုင်ပါဘူး။ ဂရန်ထုတ်ပေးတဲ့ အဖွဲ့လည်း မဆိုင်ပါဘူး။ သူတို့က ဘိုးဘွားပိုင်မြေပါ။ ဂရန်မြေ မဟုတ်ပါဘူး။ ဂရန်ထုတ်ပေးထားတာ မရှိပါဘူး။ သူတို့အချင်းချင်း အမွေဆိုင်တွေ ဖြစ်တာပါ။ တရားရုံးက အမှုနိုင်တဲ့သူကို လက်ရောက်အပ်ရမှာပါ" ဟူ၍ တာဝန်ရှိသူ တစ်ဦးက ပြန်လည်ဖြေကြားခဲ့သည်။

မြေယာပြဿနာများနှင့် ပတ်သက်၍ တရားရုံးများ၏ ဆုံးဖြတ်ချက် မည်မျှမှန်ကန်မှု ရှိနိုင်သည်မှာ များစွာအရေးပါနေပြီး တရားရုံးများ၏ ဆုံးဖြတ်ချက်တိုင်းသည် မမှန်ကန်နိုင်ကြောင်း အမှုဖြစ်စဉ်များတွင် မြို့နယ်၊ ခရိုင်တရားရုံးများ၊ တိုင်းဒေသကြီး တရားလွှတ်တော်များ၏ ဆုံးဖြတ်ချက်များသည် မကြာခဏ ဆိုသလို ကွဲလွဲမှုများ ရှိနေသည်က တရားရုံးများ၏ ဆုံးဖြတ်ချက်တိုင်း မမှန်ကန်နိုင်ကြောင်းကို သက်သေပြနေကြောင်း၊ အချို့အမှုများသည် မြို့နယ်ခရိုင် အဆင့်များတွင် အမှုရှုံးသော်လည်း တိုင်းဒေသကြီး တရားလွှတ်တော်အဆင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် အဆင့်များတွင် အနိုင်ရရှိခဲ့သည့် အမှုများလည်း ရှိနေကြောင်း၊ ထို့ကြောင့် မြေယာဖြစ်စဉ် အမှုများတွင် တရားရုံး ဆုံးဖြတ်ချက်တိုင်း မမှန်နိုင်ကြောင်း အချို့သော အမှုများတွင် လာဘ်ပေးလာဘ်ယူမှုများ ရှိနေနိုင်သဖြင့် သက်ဆိုင်ရာက စုံစမ်းဖော်ထုတ်နိုင်မှသာ ပြည်သူများ မနစ်နာမည်ဖြစ်ကြောင်း အထက်တန်းရှေ့နေ တစ်ဦးက သုံးသပ်ခဲ့သည်။

ရှေ့နေ ဦးကျော်ဟိုးက "မြေနေရာ ပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်လို့ရှိရင် တရားရုံးက အမိန့်ချမှတ်မှုတွေမှာ အသေးစိတ် တိကျမှုတွေ ရှိရမယ်။ သူ့ဘာသာ နှစ်ဘယ်လောက်ပဲ နေနေ။ ပိုင်ဆိုင်မှုဆိုတဲ့ အထောက်အထားတွေကို တရားခွင်တွေမှာက အဓိကကျတယ်။ ပြီးတော့ ဘိုးဘွားမြေတွေနဲ့ ပတ်သက်ပြီးတော့ အစိုးရပိုင်းက စီမံခန့်ခွဲပိုင်ခွင့် မရှိဘူး" ဟု ပြောကြားသည်။

ရှေ့နေ ဦးကိုနီကလည်း "ဒီမြေယာ ပိုင်ဆိုင်မှုတွေ ဆိုတာတာ သဘောထား မတူညီရင် တရားရုံးမှာ ဖြေရှင်းပေါ့။ နောက်ပြီး တရားရုံးက တရားမ ကျင့်ထုံးမှာ ပါတဲ့အတိုင်း စီစဉ်မယ်။ တရားစွဲတဲ့သူ နိုင်၊ မနိုင်ကိုပေါ့။ တရားစွဲဆိုတဲ့သူက ပိုင်ဆိုင်မှုဆိုတဲ့ အချက်အလက်တွေကို ပြနိုင်ဖို့ လိုတယ်ပေါ့ဗျာ။ ကျူးကျော်တို့ မေတ္တာနဲ့ အခမဲ့ နေခိုင်းတာတို့ အမှုတွေမှာလည်း ဖယ်ရှားခိုင်တဲ့သူက အဓိက သက်သေထူဖို့ လိုတယ်။ အဲဒါကတော့ သက်သေပါပဲ" ဟု ဆိုသည်။

သမ္မတက ခန့်ထားပေးသူ ရခိုင်ပြည်နယ် တရားလွှတ်တော် တရားသူကြီးအား "လာဘ်ငွေယူကာ၊ အာဏာ အလွဲသုံးစား လုပ်မှု" ဖြင့် လွှတ်တော်၏ စွပ်စွဲမှုကို ရင်ဆိုင်ခဲ့ရသည်။ စွပ်စွဲခံရသူ ပြည်နယ်တရားသူကြီး ဒေါ်စီစီမှာ ၂၀၁၁ ခုနှစ်၊ မတ်လတွင် နိုင်ငံတော် သမ္မတ၏ အမိန့်အရ ခန့်အပ်တာဝန်ပေးထားသူ တစ်ဦးဖြစ်ပြီး သြဂုတ် ၂၆ ရက်ကပင် ကျင်းပလျက်ရှိသည့် ရခိုင်ပြည်နယ် လွှတ်တော်ပထမအကြိမ်၊ သတ္တမပုံမှန် အစည်းအဝေး၌ ကိုယ်စားလှယ် ၁၄ ဦးတို့က ဒေါ်စီစီအား ဆန်စပါး အရောင်းအ၀ယ် ကိစ္စဖြင့် ငွေလိမ်သူ တစ်ဦးအပေါ် လာဘ်ငွေယူ၍ အကာအကွယ် ပေးသည်ဟု စွပ်စွဲပြစ်တင် ခဲ့ခြင်းဖြစ်သည်။ ထို့နောက် ၎င်းအား ရာထူးမှ နုတ်ထွက်ခွင့်ပြုခဲ့ပြီး အခြားအရေးယူမှုများ မရှိခဲ့သည်ကို တွေ့ရသည်။

ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးက အောက်တိုဘာ ၂၆ ရက်နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်၌ တရားသူကြီးများနှင့် တွေ့ဆုံ၍ တရားစီရင်ရေးဆိုင်ရာများကို မှာကြားရာတွင် "တရားဥပဒေ စိုးမိုးရေးကို အထောက်အကူဖြစ်သော တရားစီရင်ရေးစနစ် ဖြစ်ထွန်းအောင်မြင် စေရေးအတွက် ဥပဒေနှင့်အညီ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် တရားစီရင်ကြရန် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ၇-၈-၂၀၁၃ ရက်က ပြဋ္ဌာန်းခဲ့ပြီး အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်နေရာ လာဘ်ပေးလာဘ်ယူမှုများကို လုံးဝရှောင်ကြည် ကြရန်နှင့် တရားဥပဒေ စိုးမိုးရေး တရားရေးမဏ္ဍိုင် တည့်မတ်ခိုင်မာရေး ပြည်သူများ ယုံကြည်ကိုးစားသော တရားစီရင်ရေးစနစ် ဖြစ်ထွန်းအောင်မြင်စေရေးတို့အတွက် နိုင်ငံတော်က ပေးအပ်သော တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရန်" မှာကြားခဲ့သည်။

တရားဥပဒေ စိုးမိုးရေးမှာ အရေးကြီးဆုံးဖြစ်သည့် တရားစီရင်ရေးမဏ္ဍိုင်ကို လွတ်လပ်ပြီး အားကောင်းခိုင်မာလာအောင် ကြိုးပမ်းဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က လစဉ်ပြောကြားသည့် ရေဒီယို မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

သမ္မတ ဦးသိန်းစိန် ပြောကြားသကဲ့သို့ တရားစီရင်ရေး မဏ္ဍိုင်ကို လွတ်လပ်ပြီး အားကောင်းခိုင်မာ လာစေရန် ယခုမြေယာ အိမ်ခြံမြေ ပြဿနာများနှင့် ပတ်သက်၍ တရားရုံးများ၏ ဆုံးဖြတ်ချက်များ မှန်ကန်မှု ရှိ၊ မရှိ နောက်ကွယ်တွင် လာဘ်ပေးလာဘ်ယူမှုများ ရှိ၊ မရှိကို သက်ဆိုင်ရာ တာဝန်ရှိသူများက သေချာပြန်လည် စိစစ်ရန် လိုအပ်ကြောင်း ဥပဒေ ပညာရှင် အချို့က သုံးသပ်ခဲ့သည်။

ပြည်သူ့လွှတ်တော်၌လည်း တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီကို ၂၀၁၂ ခုနှစ်၊ သြဂုတ် ၇ ရက်မှ စတင်ကာ အသစ်ဖွဲ့စည်းခဲ့ပြီး တစ်ပတ်အတွင်း ကော်မတီသို့ တရားစီရင်ရေးဆိုင်ရာ တိုင်စာများ၊ လယ်ယာမြေများ သိမ်းဆည်းခံရမှု တိုင်စာများ စတင်ရောက်ရှိခဲ့ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လအတွင်း သူရဦးအောင်ကို ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ၌လည်း တိုင်ကြားစာ ၁၆၀၀ ခန့် ရောက်ရှိခဲ့သည်။

EMG

အစိုးရအဖွဲ့နှင့် စည်ပင်တို့မှ ဘောလုံးကွင်းနှင့် ပန်းခြံများကို ပုဂ္ဂလိကသို့ လွှဲပြောင်း လုပ်ကိုင်စေခြင်းကို မကျေနပ်သည့်အတွက် ဆန္ဒပြမှုဖြစ်ပွား

Sunday, 17 November 2013


နိုဝင်ဘာ ၁၆ ရက်၊ နံနက်ပိုင်းက ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့ရှိ မဟာဗန္ဓုလ ပန်းခြံအနီး ဆန္ဒပြနေကြသူများကို တွေ့ရစဉ်

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့မှ ဘောလုံးကွင်းနှင့် ပန်းခြံများကို ပုဂ္ဂလိက လုပ်ငန်းရှင်များထံသို့ လွှဲပြောင်း လုပ်ကိုင်စေခြင်းကို မကျေနပ်သည့်အတွက် ဆန္ဒဖော်ပြမှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဆန္ဒပြမှုကို နိုဝင်ဘာ ၁၆ ရက်၊ နံနက်၁၀နာရီ အချိန်ခန့်တွင် ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့ရှိ မဟာဗန္ဓုလ ပန်းခြံအနီးတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဆန္ဒပြမှုကို ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဥယျာဉ်နှင့် ကစားကွင်းများအား အဆောက်အဦး ဆောက်လုပ်ခြင်းမှ ကာကွယ်ရေး ကော်မတီ(ယာယီ)မှ ဦးဆောင်၍ ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကော်မတီနှင့်အတူ အားကစားကွင်းများကို လုပ်ငန်းရှင်များသို့ လွှဲပြောင်းပေးခြင်း ခံရသည့် ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ်များမှ ပြည်သူလူထုများ အပါအ၀င် မြန်မာနိုင်ငံ ရှေ့နေများ ကွန်ရက်မှလည်း ပါဝင် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

ဘောလုံးကွင်းနှင့် ပန်းခြံများကို ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ လွှဲပြောင်းပြီး လုပ်ငန်းလုပ်ကိုင်စေခြင်းကို မကျေနပ်သည့်အတွက် ဆန္ဒပြရာတွင် ထူးခြားမှု ရှိမလာပါက တရားဥပဒေအရ ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း . . .


"အခုဆိုရင် သမိုင်းဝင် အားကစားကွင်းတွေကို လုပ်ငန်းရှင်တွေထံ လွှဲပြောင်ပေးတာတွေ အများကြီး ဖြစ်နေတယ်။ သမိုင်းဝင် အားကစားကွင်းတွေကို တိုင်းဒေသကြီး ၀န်ကြီးချုပ်နဲ့ အာဏာပိုင်တွေက ပေါင်းပြီးတော့ လွှဲပြောင်းပေးလိုက်တယ်။ ပြီးခဲ့တဲ့လကလည်း သိမ်ဖြူကွင်းမှာ ဆန္ဒထုတ်ဖော်ပွဲ လုပ်ပြီးသွားပြီ။ လုပ်ငန်းရှင်တွေက သူတို့ဆက်လုပ်ဖို့ပဲ ကြိုးစားနေကြတယ်။ အဲဒါတွေအတွက် ဒီမှာက စုပေါင်းပြီး ဆန္ဒပြတာ ဖြစ်ပါတယ်"ဟု ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဥယျာဉ်နှင့် ကစားကွင်းများအား အဆောက်အဦး ဆောက်လုပ်ခြင်းမှ ကာကွယ်ရေး ကော်မတီ(ယာယီ)မှ အတွင်းရေးမှူး၊ မြန်မာနိုင်ငံ ရှေ့နေများ ကွန်ရက်အဖွဲ့ဝင်ဖြစ်သူ ဦးအေးမင်းက ပြောကြားသည်။

လက်ရှိတွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း၌ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ သိမ်ဖြူ အားကစားကွင်း၊ တာမွေမြို့နယ်ရှိ ရာပြည့်အားကစားကွင်း၊ ကော့မှူးမြို့နယ်ရှိ အားကစားများ အပါအ၀င် ပဲခူးတိုင်း၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်တို့တွင်လည်း ဘောလုံးကွင်းနှင့် ပန်းခြံများအား သိမ်းဆည်းခံရမှုများ ရှိကြောင်း မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်မှ ဦးအေးမင်းက ပြောကြားသည်။

"တာမွေ ရာပြည့်ကွင်းက ၁၉၈၉ ခုနှစ်က သိမ်းသွားတယ်။ စည်ပင်က အထက်တင်ပြတဲ့ နေရာမှာ ဈေးအဖြစ် တင်ပြတယ်။ မြန်မာ့အားကစားလောက ဘာကြောင့် မေးမှိန်လဲ ဒီလိုလူတန်းစားတွေ ရှိနေတဲ့အတွက် အားကစားကွင်းတွေ ဖျောက်ဖျက်နေတဲ့ အတွက်ကြောင့် အားကစား နိမ့်ကျသွားတာ ဖြစ်တယ်။ အားကစား နိမ့်ကျမသွားအောင်က ကွင်းဆိုတာ ရှိကိုရှိရမယ်"ဟု ဆန္ဒပြရာတွင် ပါဝင်ခဲ့သူ ကိုမောင်မောင်က ပြောကြားသည်။

ထိုသို့ ဘောလုံးကွင်းနှင့် ပန်းခြံများကို ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ လွှဲပြောင်းပြီး လုပ်ငန်းလုပ်ကိုင်စေခြင်းကို မကျေနပ်သည့်အတွက် ဆန္ဒပြရာတွင် ထူးခြားမှု ရှိမလာပါက တရားဥပဒေအရ ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်မှ ဦးအေးမင်းက ပြောကြားသည်။

EMG

ရွှေတိဂုံစေတီတော်၌ (၂၉) ကြိမ်မြောက် မသိုးသင်္ကန်းရက်လုပ်ကပ်လှူပူဇော်ပွဲနှင့် ဆုပေးပွဲကျင်းပ

 Sunday, 17 November 2013


ဆုပေးပွဲ အခမ်းအနားအပြီး ရက်ကန်းစင်များ အနီးတွင် မြင်တွေ့ရသည့် ပြိုင်ပွဲဝင်အသင်းများ (ဓာတ်ပုံ- ဥာဏ်ဝင်းရှိန်)

နှစ်စဉ် တန်ဆောင်မုန်းလတိုင်း ကျင်းပပြုလုပ်သည့် ရွှေတိဂုံစေတီတော် မသိုးသင်္ကန်း ကပ်လှူပူဇော်ပွဲအား ရွှေတိဂုံစေတီတော် ရာဟုထောင့်၊ အောင်မြေတွင် နိုဝင်ဘာ ၁၆ ရက် ညနေ ၄ နာရီခွဲမှ စတင်ပြီး ည ၁၀ နာရီအထိ ကျင်းပခဲ့သည်။

ယင်း မသိုးသင်္ကန်း ကပ်လှူပူဇော်ပွဲကို (၂၉) ကြိမ်မြောက် ရက်လုပ် ကပ်လှူခြင်းဖြစ်ပြီး မသိုးသင်္ကန်း ကပ်လှူပူဇော်ပွဲနှင့်အတူ တန်ဆောင်တိုင် မီးထွန်းပွဲတော်ကိုပါ နိုဝင်ဘာ ၁၆ ရက် ညနေပိုင်းမှစတင်၍ ရွှေတိဂုံစေတီတော် ရင်ပြင်၌ ကျင်းပခြင်း ဖြစ်သည်။

အဆိုပါ မသိုးသင်္ကန်း ရက်လုပ် ကပ်လှူပူဇော်ပွဲအား ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့က ကြီးမှူး၍ ဘာသာရေး အသင်းအဖွဲ့ပေါင်း ၇၀ ကျော်တို့မှ ကိုယ်စားလှယ်များ၊ ဂေါပကအဖွဲ့ ရုံးဝန်ထမ်းများ အပါအ၀င် အထည်အလိပ် ပညာရှင်များနှင့် စက်ချုပ်ပညာရှင်များ စုပေါင်း၍ ရည်ရွယ်ချက် သုံးချက်ဖြင့် ကျင်းပခြင်း ဖြစ်ကြောင်းလည်း သိရသည်။

မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲတွင် ပထမဆုအား ဗုဒ္ဓဟူးညနေ စင်တော်တွင် ရက်လုပ်ယှဉ်ပြိုင်သည့် ဗုဒ္ဓဟူးညနေ သန့်ရှင်းရေးအသင်းမှ အသားတင် ရမှတ် ၉၁ ဒသမ ၈၃ မှတ်ဖြင့် ရရှိသွားခဲ့ပြီး ဒုတိယဆုအား တနင်္ဂနွေ (ညနေ) သန့်ရှင်းရေး စင်တော်တွင် ရက်လုပ်ယှဉ်ပြိုင်သည့် တနင်္ဂနွေ (ညနေ) သန့်ရှင်းရေးအသင်းက အသားတင်ရမှတ် ၉၀ ဒသမ ၅ ဖြင့် ရရှိခဲ့ကာ တတိယဆုအား ဓမ္မဂုဏ်ရောင် စင်တော်တွင် ရက်လုပ်ယှဉ်ပြိုင်သည့် ဓမ္မဂုဏ်ရောင်အသင်းက အသားတင် ရမှတ် ၈၈ ဒသမ ၂၅ ဖြင့် ရရှိခဲ့သည်။

မသိုးသင်္ကန်း ရက်လုပ်ကပ်လှူပူဇော်ပွဲ ဆုပေးပွဲ မတိုင်မီည ၁၀ နာရီခွဲခန့်တွင် မိုးရွာသွန်းခဲ့သောကြောင့် ဆုပေးပွဲအခမ်းအနားအား မူလသတ်မှတ်ထားသည့် အောင်မြေတွင် ကျင်းပနိုင်ခြင်းမရှိခဲ့ဘဲ ရာဟုထောင့်အနီး ဓမ္မာရုံအတွင်း ပြောင်းရွှေ့ ကျင်းပခဲ့ရသည်။

လပြည့်နေ့မတိုင်မီ အဖိတ်နေ့ညတွင်ပင် ရွှေတိဂုံ စေတီတော်ရင်ပြင်၌ ရပ်နီးရပ်ဝေး ဘုရားဖူးများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။

EMG

ရွှေပေါက်ကံမြို့သစ်ရှိ သိမ်းဆည်းထားသည့် လယ်မြေနေရာများပေါ်မှ ပိုနေသည့် ပလပ်မြေများကို ရပ်ကွက် အုပ်ချုပ်ရေးပိုင်းများက အကွက်ဖော်ပြီး လက်သိပ်ထိုး ရောင်းစားနေဟု ဒေသခံများဆို

 Sunday, 17 November 2013


လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့(၁)မှ ဒေါ်ခင်ဝိုင်းကြည်က ရှင်းလင်း ပြောကြားနေစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)

မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံ မြို့သစ်ရှိ သိမ်းဆည်းထားသည့် လယ်မြေနေရာများပေါ်မှ အဆောက်အအုံ ဆောက်လုပ်ခြင်း မရှိသည့် ပလပ်မြေများကို ရပ်ကွက် အုပ်ချုပ်ရေးပိုင်းများက လက်သိပ်ထိုး ရောင်းစားနေသည်ဟု လယ်သိမ်းခံ ကာယကံရှင်များက နိုဝင်ဘာ ၁၆ ရက်က ရွှေပေါက်ကံ မြို့သစ်၊ ၁၄ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ နိုဝင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းက လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့(၁)နှင့် တွေ့ဆုံစဉ် ပြောကြားသည်။

၎င်းတွေ့ဆုံပွဲကို လယ်ယာမြေ အသိမ်းဆည်းခံခဲ့ရသည့် လယ်သမားများ၊ လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့(၁)၊ အိုးအိမ်၊ အုပ်ချုပ်ရေးပိုင်းနှင့် စည်ပင်တို့မှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့သည်။

ရွှေပေါက်ကံ ၂၁ ရပ်ကွက်တွင် နေထိုင်သည့် ဦးကိုကိုလေးက "ကျွန်တော့်လယ်တွေ အသိမ်းခံရတာ ၃၈ ဧက ရှိပါတယ်။အသိမ်းခံရတုန်းက လယ်သမားအမည်ပေါက် တစ်ဦးကို (ပေ ၄၀_ပေ ၆၀) မြေကွက် တစ်ကွက်ပေးပါတယ်။ ဒီသိမ်းထားတဲ့ မြေနေရာတွေပေါ်မှာ ဘာမှမဆောက်ဘဲနဲ့ ရှိနေတဲ့ ပလပ်မြေတွေ ရှိနေတယ်။ ဒါတွေကို ကျွန်တော်တို့ မူလပိုင်ရှင်တွေက ပြန်လိုချင်တယ်။ ဒါပေမဲ့ အဲဒီပလပ်မြေတွေကို ရပ်ကွက် အုပ်ချုပ်ရေးပိုင်းတွေက ငွေကြေးနဲ့ ငှားစားတာတွေ၊ လက်သိပ်ထိုး ရောင်းစားနေတာတွေ ရှိနေတဲ့အတွက် လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို တိုင်ကြားထားပါတယ်။ ကျွန်တော်ကတော့ အသိမ်းခံထားရတဲ့ ကိုယ့်မြေပေါ်က ပိုနေတဲ့ ပလပ်မြေကို ပြန်လိုချင်ပါတယ်" ဟု The Daily Eleven သို့ ပြောကြားသည်။

အလားတူ ၂၂ ၀န်ထမ်းရပ်ကွက်တွင် နေထိုင်သည့် ဦးဝင်းဌေးက"အဆောက်အအုံ စီမံကိန်းတွေ အကောင်အထည်ဖော်ပြီး ကျန်ခဲ့တဲ့ ပလပ်မြေတွေကို ပြန်ပေးမယ်ဆိုပြီး နိုင်ငံတော် သမ္မတကပြောခဲ့တာ ရှိပါတယ်။ စသိမ်းတုန်းက ကျွန်တော့်လယ် ၁၅ ဧက ပါသွားပါတယ်။ ခုကျန်နေတဲ့ ပလပ်မြေက သုံးဧကလောက် ရှိပါတယ်။ ဒီပလပ်မြေတွေပေါ်မှာ အရင်ရပ်ကွက်အုပ်ချုပ်ရေးပိုင်းတွေက အိုးအိမ်၊ စည်ပင်နဲ့ပေါင်းပြီး ငွေကြေးရယူပြီး တဲဆောက်နေခိုင်းတာတွေ သွားတွေ့တယ်။ ဒါတွေက အုပ်ချုပ်ရေးပိုင်းတွေက လက်သိပ်ထိုး ရောင်းစားတာ၊ ငှားစားတာတွေ ဖြစ်တယ်။တခြား ပလပ်မြေကွက်တွေမှာဆိုလည်း ၄၀၀၀၀၊ ၅၀၀၀၀ လောက်ယူပြီး တဲအိမ်တွေ ဆောက်ပြီး နေခိုင်းတာတွေ အများကြီးရှိနေပါတယ်။ ဒီအတွက် အဲဒီလိုမျိုးရောင်းစားတဲ့ အသံဖိုင်ကို စီဒီခုပ်ပြီး လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို တိုင်ကြားထားတယ်" ဟု ဆိုသည်။

လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့(၁)မှ ဦးအောင်သိန်းလင်းက" ရွှေပေါက်ကံမှာ အဓိကပြဿနာက ပလပ်မြေကွက်တွေကို ဆယ်အိမ်မှူး၊ ရာအိမ်မှူးဆိုတဲ့ လက်တစ်ဆုပ်စာ လူတွေက မြေကွက်ဖော် ကိုယ်ကျိုးရှာ လက်သိပ်ထိုး ရောင်းနေတာ သွားတွေ့တယ်။ ဒီလိုမျိုး ဥပဒေချိုးဖောက်ပြီး ရောင်းစားနေတာကို အစိုးရ တာဝန်ရှိသူတွေအနေနဲ့ ဘာကြောင့် ဖော်ထုတ်ပြီး အရေးမယူသလဲဆိုတာ ကျွန်တော်တို့ အမျိုးမျိုး စဉ်းစားနေရတယ်"ဟု ပြောကြားသည်။

အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်ပြီး မြောက်ဥက္ကလာပမြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ နိုဝင်ဘာ ၁၆ ရက် ည ၆ နာရီခန့်က တစ်ကြိမ်၊ ၇ နာရီခန့်တွင် တစ်ကြိမ်နှင့် ၈ နာရီတွင် တစ်ကြိမ် ဖုန်းဖြင့် မေးမြန်းခဲ့သော်လည်း ဖုန်းဖြေဆိုသူ အမျိုးသားက မြို့နယ် အုပ်ချုပ်ရေးမှူးမှာ အပြင်သွားရာမှ ပြန်မရောက်သေးကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

EMG

မြန်မာနိုင်ငံရှိ ဇနီးမောင်နှံသန်း ၃၀ ခန့်ကို သားဆက်ခြား နည်းလမ်းသုံးစွဲရန် ကျန်းမာရေး အသုံးစရိတ် ရန်ပုံငွေ မြှင့်တင်မည်

Sunday, 17 November 2013


မြန်မာနိုင်ငံ၏ သားဆက်ခြား လုပ်ငန်းများအတွက် ကတိက၀တ်ပြုမှုများ အခမ်းအနား မြင်ကွင်း

မြန်မာနိုင်ငံ အနေဖြင့် ၂၀၂၀ ပြည့်နှစ်အရောက်တွင် သားဆက်ခြား နည်းလမ်းသုံးစွဲရန် သင့်လျော်သော ဇနီးမော်နှံ သန်း ၃၀ နီးပါးခန့်ကို ကျန်းမာရေး အသုံးစရိတ် ရန်ပုံငွေ မြှင့်တင်သွားမည် ဖြစ်ကြောင်း နိုဝင်ဘာ ၁၅ ရက်တွင် ပြုလုပ်သည့် မြန်မာနိုင်ငံ၏ သားဆက်ခြား လုပ်ငန်းများအတွက် ကတိက၀တ်ပြုမှုများ အခမ်းအနားတွင် ကျန်းမာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ သိန်းသိန်းဌေးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် သားဆက်ခြား နည်းလမ်း သုံးစွဲမှုနှုန်းကို ၄၁ ရာခိုင်နှုန်းမှ ၂၀၁၅ ခုနှစ်တွင် ရာခိုင်နှုန်း ၅၀ နှင့် ၂၀၂၀ ခုနှစ်တွင် ရာခိုင်နှုန်း ၆၀ တိုးမြှင့်စေရန်နှင့် သားဆက်ခြားလိုလျက်နှင့် သားဆက်ခြား နည်းလမ်းများ မသုံးစွဲနိုင်သော လက်ရှိရာခိုင်နှုန်း မှာ ၁၂ ရာခိုင်နှုန်းရှိပြီး ၂၀၁၅ ခုနှစ်တွင် ၁၀ ရာခိုင်နှုန်းအောက် လျော့နည်းစေရန် ဖြစ်ကြောင်း သိရသည်။

"နိုင်ငံတော် သမ္မတကြီးနဲ့ နိုင်ငံတော် အကြီးအကဲတွေက ၂၀၁၂-၂၀၁၃ ခုနှစ်က စပြီးတော့ အရင် ကျန်းမာရေး အသုံးစရိတ်ထဲမှာ ဆေးဝါးပစ္စည်း ၀ယ်ဖို့အတွက် မပါခဲ့ဘူး။ တခြား ၀န်ကြီးဌာနတွေရဲ့ အသုံးစရိတ်တွေကို လျှော့ပြီး ကျန်းမာရေးနှင့် ပညာရေး ၀န်ကြီးဌာနတွေကို ပိုပြီး အသုံးပြုဖို့ ပံ့ပိုးပေးတာပါ။ လူသား အရင်းအမြစ်တွေ ကောင်းကောင်း စာတတ်ဖို့၊ ကောင်းကောင်း ကျန်းမာမှသာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး လုပ်နိုင်မယ်ဆိုပြီး ၂၀၁၂-၂၀၁၃ ခုနှစ်ကစပြီး နိုင်ငံတော်က ၁ ဒသမ ၂၉ အမေရိကန်ဒေါ်လာ ညီမျှတဲ့ ဆေးဝါးတွေ ၀ယ်ထားပါတယ်။ ဒီနှစ်ကစပြီး စီမံချက်မြို့တွေတင် မဟုတ်ဘဲ တစ်နိုင်ငံလုံးမှာရှိတဲ့ မြို့သုံးရာကျော်တွေကို ပေးနိုင်ပါတယ်။ နောက်ဘတ်ဂျက်တွေကိုလည်း ပိုပြီး သုံးသွားဖို့ ရည်ရွယ်ထားပါတယ်"ဟု ဒုတိယ၀န်ကြီး ဒေါက်တာ သိန်းသိန်းဌေးက ပြောကြားသည်။

မျိုးဆက်ပွား ကျန်းမာရေး ၅ နှစ်တာ မဟာဗျူဟာ စီမံကိန်း ၂၀၁၄- ၂၀၁၈ ကို ရေးဆွဲလျှက်ရှိပြီး ၂၀၁၄ ခုနှစ်တွင် FP/RH Best Practices Conference ညီလာခံနှင့် ၂၀၁၆ ခုနှစ်တွင် APCRSHR ညီလာခံတို့ကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံ ကျင်းပနိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံသည် မျိုးဆက်ပွား ကျန်းမာရေး ဆေးနှင့် ဆေးပစ္စည်းများ ပြည့်စုံဖူလုံစွာ ဆောင်ရွက်မည့် နိုင်ငံပေါင်း ၄၆ နိုင်ငံတွင် ပါဝင်လာခဲ့ပြီဖြစ်ရာ သားဆက်ခြား ဆေးဝါးပစ္စည်းများ ပြည့်စုံဖူလုံရေးကို ပိုမို တွင်ကျယ်စွာ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ မီးတွင်းမိခင် သေဆုံးရသည့် အကြောင်းရင်းများမှာ မလိုချင်သော ကိုယ်ဝန်ဖျက်ချခြင်းကြောင့် သေဆုံးမှု များပြားလာ၍ သားဆက်ခြား ဆေးဝါးများ ထုတ်ပေးခြင်းအားဖြင့် အမျိုးသမီးများ၏ မျှော်မှန်း သက်တမ်းရှည်လာစေဖို့ ရည်ရွယ်ကြောင်း သိရသည်။

EMG

ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာတွင် မိမိကိုယ်၌ကလည်း လိုက်ပါပြောင်းလဲရန် လိုအပ်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြား

Sunday, 17 November 2013


ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ကလေးမြို့နယ် မြို့တော်ခန်းမတွင် ဒေသခံများနှင့် တွေ့ဆုံ နှုတ်ဆက်စဉ်

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် မြို့တော်ခန်းမတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ကလေးခရိုင်၊ တမူးခရိုင်၊ မော်လိုက်ခရိုင်တို့မှ ပါတီအသီးသီး၊ အုပ်ချုပ်ရေး အဖွဲ့များ၊ လူမှုရေး အဖွဲ့များနှင့် တွေ့ဆုံရာတွင် ဒီမိုကရေစီအရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေးများ စသည့်ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာတွင် မိမိကိုယ်၌ကလည်း လိုက်ပါပြောင်းလဲရန် လိုအပ်သည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့သည်ဟု သိရသည်။

"တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရယ် ဒီအပိုင်းတွေ လုပ်ဆောင်ရာမှာ နောက်ဆုံးတော့ အချုပ်အားဖြင့် ကိုယ်ကိုယ်တိုင်ကရော တကယ်လိုချင်သလား၊ တကယ်လို့ ဒီမီုကရေစီ ထွန်းကားရေးမှာ ကိုယ့်မှာ အဲဒီစိတ် ရှိသလားပေါ့။ ကိုယ့်မှာလဲ အဲဒီစိတ်ရှိဖို့ လိုအပ်တယ်ဆိုတာ ပြောသွားပါတယ်" ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်က ပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲတွင် ပြည်သူလူထု ၅၀၀ ခန့် တက်ရောက်ခဲ့ပြီး တက်ရောက်လာသူ ၁၇ ဦးက အမျိုးအမည် ကဏ္ဍခွဲ ၅၁ ခုခန့် ဆွေးနွေးခဲ့သည်ဟု သိရသည်။ "ဒီကနေ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး ပြောသွားတဲ့ အထဲမှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အဓိကထား ပြောသွားတယ်။ ပြည်သူ့လွှတ်တော်မှာလည်း တိုင်းရင်းသားတွေရဲ့ အရေးပါတဲ့ အခန်းကဏ္ဍတွေ ဖော်ဆောင်ပေးနေတယ် ဆိုတာကိုလည်း ပြောသွားပါတယ်။ အခြေခံဥပဒေ ပြင်ဆင်ရာမှာလည်း တိုင်းရင်းသားတွေရဲ့ လိုအပ်ချက်တွေ ပြင်ဆင်နိုင်အောင် ဆောင်ရွက်နေတယ်ဆိုတာ ပြောပါတယ်။ အစိုးရ ဘက်ကလည်း တိုင်းရင်းသားတွေဘက်က စိတ်ငြိုငြင်မယ့် ကိစ္စဖြစ်ခဲ့မယ် ဆိုရင်လည်း သက်ဆိုင်ရာ အဆင့်ဆင့်နဲ့ ချက်ချင်းဖြေရှင်း ဆောင်ရွက်ပေးဖို့ ပြောသွားပါတယ်" ဟု အထက်ချင်းတွင်း လူငယ်ကွန်ရက်မှ ကိုကျော်သက်ဝင်းက ပြောကြားသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ကလေးမြို့သို့ လေယာဉ်ဖြင့် မွန်းလွဲ ၂ နာရီခန့်က ရောက်ရှိခဲ့ပြီး ဒေသခံများနဲ့ တွေ့ဆုံပြီး ပြည်သူများ၏ တင်ပြချက်များကို ဖြေရှင်းပေးပြီး ညနေငါးနာရီကျော်မှ လူထုတွေ့ဆုံပွဲ ပြီးဆုံးခဲ့သည်ဟု သိရသည်။

"အဓိက ဆွေးနွေးကြတာကတော့ ပညာရေး လိုအပ်ချက်၊ ကျန်းမာရေး လိုအပ်ချက်၊ ရေရရှိရေး၊ မီးရရှိရေးတွေ များပါတယ်" ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်သန်းက ပြောကြားခဲ့သည်။

EMG

မြန်မာနိုင်ငံမှ လူ့စွမ်းအား အရင်းအမြစ်များနှင့် ဂျပန်နိုင်ငံမှ နည်းပညာများ ပေါင်းစပ်ကာ မြှုပ်နှံမှုများပြုလုပ်ရန် စိတ်ဝင်စားကြောင်း အာရှစီးပွားရေး ခေါင်းဆောင်များ အဖွဲ့ဥက္ကဋ္ဌ ပြောကြား

Sunday, 17 November 2013


ဂျပန်နိုင်ငံမှ မြှုပ်နှံထားသည့် ဆီဒိုးနား ဟိုတယ်အား တွေ့ရစဉ်

မြန်မာနိုင်ငံမှ လူ့စွမ်းအား အရင်းအမြစ်များနှင့် ဂျပန်နိုင်ငံမှ အဆင့်မြင့် နည်းပညာများ ပေါင်းစပ်ကာ မြန်မာနိုင်ငံတွင် မြှုပ်နှံမှုများ ပြုလုပ်ရန် စိတ်ဝင်စားကြောင်း အာရှစီးပွားရေး ခေါင်းဆောင်များအဖွဲ့ (Asia Business Leader Association) ဥက္ကဋ္ဌ မစ္စတာ ဆ၀ါဒဟီဒီရိုက နိုဝင်ဘာ ၁၆ ရက်က ပြုလုပ်ခဲ့သည့် How to Invest in Myanmar ဆွေးနွေးပွဲတွင် ပြောကြားသည်။

"ဂျပန်မှာက တဖြည်းဖြည်းနဲ့ သက်ကြီးရွယ်အိုဦးရေ များလာပြီး အလုပ်လုပ်နိုင်တဲ့အရွယ် လျော့ကျမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာတော့ အလုပ်လုပ်နိုင်တဲ့ လူသားအရင်းအမြစ်အင်အား ပေါများစွာ ရှိနေတဲ့အပြင် သယံဇာတတွေလည်း ပေါများစွာ ရှိပါတယ်။ ဒါ့ကြောင့် ဂျပန်နိုင်ငံက အဆင့်မြင့် နည်းပညာတွေနဲ့ မြန်မာနိုင်ငံက လူသားအရင်းအမြစ်၊ သယံဇာတ အရင်းအမြစ်တွေ ပေါင်းစပ်ပြီး စီးပွားရေးလုပ်ဖို့ ကျွန်တော်တို့ စိတ်ဝင်စားပါတယ်" ဟု မစ္စတာ ဆ၀ါဒဟီဒီရိုက ပြောကြားသည်။

အာရှစီးပွားရေး ခေါင်းဆောင်များ အဖွဲ့ မှာ အာရှနိုင်ငံများအတွင်း ရင်းနှီးမြှုပ်နှံနေသည့် စီးပွားရေး လုပ်ငန်းရှင်များ စုပေါင်းဖွဲ့စည်းထားသည့် အဖွဲ့အစည်း တစ်ခုဖြစ်ပြီး ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများနှင့်လည်း ချိတ်ဆက်ထားသည့် အဖွဲ့အစည်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဒသမမြောက် အကြီးဆုံး သဘာဝဓာတ်ငွေ့သိုက် ပိုင်ဆိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံ လူဦးရေ၏ ၆၂ ရာခိုင်နှုန်းသည် အလုပ်လုပ်နိုင်သည့် အရွယ်များဖြစ်ကြောင်း၊ နိုင်ငံသား ၉၁ ရာခိုင်နှုန်းသည် စာတတ်မြောက်ပြီး ဒေသတွင်း အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါကလည်း လုပ်အားခ သက်သာသည့်အတွက် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ကောင်းမွန်သည့် နိုင်ငံဖြစ်ကြောင်းကို အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ဇောမောင်က ဆိုသည်။

"ကျွန်တော်တို့ အစိုးရဘက်က အာမခံနိုင်တာကတော့ လူကြီးမင်းတို့ရဲ့ လုပ်ငန်းတွေကို ဘယ်တော့မှ ပြည်သူပိုင် မသိမ်းဖို့နဲ့ ကာလသက်တမ်း မကုန်ခင် ရပ်ဆိုင်းခြင်း မပြုဖို့ အာမခံပေးနိုင်ပါတယ်။ ဒါ့အပြင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ချိန်မှ ငါးနှစ်အတွင်း အခွန်ကင်းလွတ်ခွင့်၊ မိမိနိုင်ငံကို အမြတ်ငွေ ပြန်လည်လွှဲပြောင်းခွင့်တို့ကို ခွင့်ပြုပါတယ်။ အရင်တုန်းက မြေငှားရမ်းတဲ့ အခါမှာ နှစ် ၃၀ သက်တမ်းသာ ခွင့်ပြုခဲ့ရာက အခုဆိုရင် စုစုပေါင်း အနှစ် ၇၀ ထိ မြေငှားရမ်းခွင့် ပေးထားပါတယ်" ဟု ၎င်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ယခုလက်ရှိ၌ တရုတ်၏ ရင်းနှီးမြှုပ်နှံမှုမှာ အမြင့်ဆုံးဖြစ်ကြောင်း၊ ဂျပန်နှင့် ပူးပေါင်းလုပ်ဆောင်နေသည့် အထူးစီးပွားရေးဇုန် စီမံကိန်း နှစ်ခုရှိသည့်အနက် သီလ၀ါ အထူးစီးပွားရေးဇုန်မှာ ၂၀၁၄ ခုနှစ် ဇန်န၀ါရီတွင် စတင်လည်ပတ် နိုင်မည်ဖြစ်ကြောင်း ဦးကျော်ဇောမောင်က ဆိုသည်။

ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန ညွှန်ကြားရေးမှူး ဦးလှိုင်ဦးက ဟိုတယ်ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် မြန်မာနိုင်ငံ၌ ခရီးသွား လုပ်ငန်းသည် ယခင်အချိန်များနှင့် နှိုင်းယှဉ်ပါက တိုးတက်မှုကြီးမားပြီး ဟိုတယ်အခန်း လိုအပ်ချက် မြင့်မားလာမှုကြောင့် ဟိုတယ်လုပ်ငန်းသည် ရင်းနှီးမြှုပ်နှံရန် သင့်တော်သည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း ပြောကြားသည်။

ယခုလက်ရှိတွင် ဟိုတယ်လုပ်ငန်း၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁ ဒသမ ၇ ဘီလျံရှိပြီး စင်ကာပူနိုင်ငံက ဒေါ်လာ ၆၇၇ သန်းဖြင့် အများဆုံးဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲကို မြန်မာဂျပန် ချစ်ကြည်ရေး အသင်းမှ ဦးစီးကျင်းပခဲ့ခြင်းဖြစ်ပြီး ဂျပန်နိုင်ငံမှ စီးပွားရေး လုပ်ငန်းများ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုရန်အတွက် ယခုလက်ရှိ ဥပဒေရေးရာ အခြေအနေများ၊ ရင်းနှီးမြှုပ်နှံမှု အခြေအနေများကို ရှင်းလင်းတင်ပြခြင်း ဖြစ်သည်။

ဆွေးနွေးပွဲသို့ ဆောက်လုပ်ရေး ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်နှင့်အတူ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့မှ ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြပြီး ဂျပန်နိုင်ငံသား စီးပွားရေး လုပ်ငန်းရှင် အများအပြား တက်ရောက်ခဲ့ကြသည်။

EMG

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို စစ်မှန်သော ဖက်ဒရယ်စနစ်သို့ ဦးတည်ပြီး ပြင်ဆင်သင့်ဟု ချင်းအမျိုးသား ညီလာခံ ဆုံးဖြတ်

 Sunday, 17 November 2013


ဟားခါးမြို့တွင် ချင်းအမျိုးသား ညီလာခံကို နိုဝင်ဘာ ၁၂ မှ ၁၅ ရက်အထိ ကျင်းပစဉ်

ဟားခါးမြို့ ချင်းအမျိုးသား ညီလာခံမှ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို စစ်မှန်သော ဖက်ဒရယ်စနစ်ကို ဦးတည်ပြီး ပြင်ဆင်သင့်ကြောင်း ဆုံးဖြတ်ခဲ့သည်ဟု အဆိုပါ ဆွေးနွေးပွဲကို ဦးဆောင်ဆွေးနွေးခဲ့သူ ချင်းအမျိုးသား ပါတီမှ အတွင်းရေးမှူး ဆလိုင်းငယ်ပီးက ပြောကြားသည်။

"ကျွန်တော်တို့က ဖွဲ့စည်းပုံ အခြေခံ ပြင်ဆင်တဲ့နေရာမှာ ဘယ်အချက်တွေ ပြင်မယ်ဆိုတာ ဆွေးနွေးတဲ့ နေရာမှာ သာမန်ပြည်သူ လူထုတွေကနေ နိုင်ငံရေး သမားအထိ ပါတယ်။ ဘယ်အချက်အလက်တွေ ပြင်သင့်ပါတယ်။ ဒါတွေကို အသေးစိတ် အကြိတ်အနယ် ဆွေးနွေးခဲ့ကြပါတယ်။ ဒါပေမဲ့ ဆွေးနွေးပွဲ ရလဒ်အနေနဲ့က စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ကို ဦးတည်ပြီး ပြင်မယ်ဆိုတဲ့ အချက်ကိုပဲ သဘောတူ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီဆွေးနွေးပွဲ ရလဒ်ကိုလည်း လာမယ့်ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးပွဲ ပြည်ထောင်စု ညီလာခံကို တက်ရောက်မယ့် ကိုယ်စားလှယ်တွေက ဆက်လက်သယ်ဆောင် သွားပါလိမ့်မယ်။ နောက်တစ်ချက်က ကျွန်တော်တို့ ချင်းပြည်နယ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲဖို့ အတွက်ကိုလည်း ချင်းဖိုရမ်ဆိုတဲ့ ချင်းလူမှု အဖွဲ့အစည်း တစ်ခုက ရေးဆွဲနေပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ အတွက်ကိုလည်း ချင်းလူထုက ဆုံးဖြတ်ခဲ့ပါတယ်" ဟု ဆလိုင်းငယ်ပီးက ပြောကြားသည်။

အဆိုပါ ဆွေးနွေးပွဲမှ စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရာတွင် အောက်ဖော်ပြပါ အချက် (၁၀)ချက်ကို လမ်းညွှန် အခြေခံမူများအဖြစ် အခြေခံရန် သဘောတူကြသည်။ (၁) တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးထံမှ ဆင်းသက်သော အချုပ်အခြာအာဏာ။ (၂) တိုင်းရင်းသား လူမျိုးတိုင်း နိုင်ငံရေး လူမျိုးရေး ဘာသာရေးအရ တန်းတူရေး၊ (၃) ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ (၄) ဖက်ဒရယ်ပြည်ထောင်စု စစ်စစ်မူ၊ (၅) လူနည်းစုများ၏ အခွင့်အရေးများကို ကာကွယ်ခြင်း၊ (၆) ဒီမိုကရေစီ အခွင့်အရေး၊ အခြေခံ လူ့အခွင့်အရေးနှင့် ကျား/မဆိုင်ရာ တန်းတူမှု၊ (၇) ပါတီစုံ ဒီမိုကရေစီစနစ်၊ (၈) ဘာသာရေးကို အခြေမခံသော နိုင်ငံ၊ (၉) ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းခြင်းနှင့် အရပ်ဘက် အုပ်ချုပ်မှုအောက်တွင် လက်နက်ကိုင် တပ်ဖွဲ့များ ထားရှိခြင်း၊ (၁၀) ပြည်နယ်သစ် ထူထောင်ခွင့် ရှိခြင်းတို့ဖြစ်သည်။ ထို့ပြင် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရာတွင် ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ်/တိုင်းများ၌ သီးခြားဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲအသုံးပြုရန် သဘောတူ လက်ခံကြသည်နှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို စစ်မှန်သော ဖက်ဒရယ်စနစ်သို့ ဦးတည်ပြီး ပြင်ဆင်သည်ဟု သဘောတူ လက်ခံကြပါသည်ဟူ၍ အချက်အလက်များကို သဘောတူ ဆုံးဖြတ်ခဲ့ကြသည်။

EMG

နေပြည်တော်တွင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ဆန္ဒသဘောထား ရယူရေးပွဲကို နိုဝင်ဘာ ၁၈ ရက်တွင် ပြုလုပ်မည်

Sunday, 17 November 2013


NLD ပါတီ ရန်ကုန်မြို့တွင် နိုဝင်ဘာ ၁၀ ရက်က ပြုလုပ်ခဲ့သော ရန်ကုန်တိုင်းလုံးကျွတ် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့သဘောထား ရယူပွဲသို့ လူထု ၂၀၀၀၀ ကျော် တက်ရောက်ခဲ့စဉ်

နေပြည်တော်တွင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ပြည်သူ့ဆန္ဒ သဘောထား ရယူရေးပွဲကို သက်ဆိုင်ရာမှ တားမြစ်မှု ပြုလုပ်ခဲ့သော်လည်း နိုဝင်ဘာ ၁၈ ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က The Daily Eleven သို့ ပြောကြားသည်။

အဆိုပါ ဟောပြောပွဲအား နိုဝင်ဘာ ၁၈ ရက် နံနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီအထိ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ လက်ပံခါးလှ ကျေးရွာတွင် ပြုလုပ်ရန် သက်ဆိုင်ရာသို့ လျှောက်ထားခဲ့သော်လည်း သတ်မှတ်ချက်များ မပြည့်စုံသဖြင့် ကျင်းပခွင့် မပြုနိုင်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဦးညီဝင်းမှ လက်မှတ်ထိုး၍ ငြင်းပယ်သည့် အမိန့်အား ပေးပို့ခဲ့သည်။

"အန်ကယ်တို့က ဆက်လုပ်မှာပါပဲ။ အခုတော့ သွားပြီးညှိနှိုင်းတာတွေ လုပ်နေပါတယ်။ သူတို့ပေးတဲ့ ဆင်ခြေက အဓိပ္ပာယ်မှ မရှိတာဘဲ။ နေပြည်တော် ကောင်စီရုံးနားနီးလို့ မလုပ်စေချင်တာပါ။ အန်ကယ်တို့ကတော့ ဆက်လုပ်မှာပဲ" ဟု ဦးဝင်းထိန်က The Daily Eleven ၏ ဆက်သွယ်မေးမြန်းချက်ကို ဖြေကြားသည်။

ထိုသို့ ဇမ္ဗူသီရိမြို့နယ် ရဲစခန်းမှ ဟောပြောပွဲနှင့် ပတ်သက်၍ အကြောင်းကြားစာ ပေးပို့ရာတွင် ဦးဇာနည်လင်း အတွင်းရေးမှူး ကျင်းပရေး ဦးစီးကော်မတီမှ ဦးဆောင်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းမြင့်၊ ဗဟိုကော်မတီဝင် ဦးအောင်ကြည်ညွန့်တို့က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာနှင့် ပတ်သက်၍ ဟောပြောဆွေးနွေးမည် ဖြစ်သဖြင့် ငြိမ်းချမ်းစွာ စုဝေးခွင့်ပြုပါရန် လျှောက်ထားလာမှုနှင့် ပတ်သက်၍ ငြိမ်းချမ်းစွာ စုဝေးခွင့်ပြုရန် လျှောက်ထားခြင်း ပုံစံ (၁)ပါအတိုင်း အချက်အလက်များ ပြည့်စုံစွာ မပါရှိခြင်း၊ ကျင်းပမည့် နေရာသည် ပျဉ်းမနား-တောင်ညိုသွား ကားလမ်းဘေးဖြစ်ပြီး ကျင်းပမည့်ရက်သည် ရုံးဖွင့်ရက်ဖြစ်သည့် တနင်္လာနေ့ဖြစ်ခြင်း၊ နေပြည်တော် ကောင်စီရုံးနှင့် ခရိုင်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးများ၊ ဌာနဆိုင်ရာရုံးများ၊ တရားရုံးများနှင့် နီးကပ်စွာ ရှိနေခြင်းတို့ကြောင့် ခွင့်မပြုနိုင်ကြောင်းဟု ပြန်ကြားထားသည်။

ထို့အပြင် ဟောပြောပွဲ ကျင်းပမည့် အချိန်သည် ရုံးသွားရုံးလာ၊ အများပြည်သူများ သွားလာမှုများသည့် အချိန် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအတွင်း ဖြစ်ခြင်းတို့ကြောင့် ယာဉ်မတော်တဆမှုများ ဖြစ်ပွားလာနိုင်ခြင်း၊ လုံခြုံရေးတာဝန် ထမ်းဆောင်ရမည့် ရဲတပ်ဖွဲ့ဝင်များ အနေဖြင့်လည်း အခက်အခဲ ရှိနိုင်ခြင်းတို့ကြောင့် ခွင့်မပြုနိုင်ကြောင်း အကြောင်းကြားခဲ့သည်။

သို့ရာတွင် ငြိမ်းချမ်းစွာ စုဝေးခွင့်ဆိုင်ရာ ပုံစံ(၁)အရ အချက်အလက်များ ပြည့်စုံစွာ ပြန်လည်လျှောက်ထားရန်နှင့် အခြားသင့်တော်မည့်နေရာ ပြောင်းရွှေ့လျှောက်ထားပါက ဥပဒေနှင့်အညီ ခွင့်ပြုမည်ဟု အကြောင်းကြားစာ၌ ပါရှိသည်။

ယင်းသို့ ဟောပြောခွင့်အား ငြင်းပယ်သည့်အမိန့်နှင့် ပတ်သက်၍ နိုဝင်ဘာ ၁၅ ရက်စွဲဖြင့် ငြိမ်းချမ်းစွာ စုဝေးခွင့်ကို ဥပဒေနှင့်အညီ တင်ပြပြီးဖြစ်၍ ဟောပြောပွဲများကို ဆက်လက်ပြုလုပ် သွားမည်ဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးသို့ လိပ်မူ၍ ကျင်းပရေး ဦးစီးကော်မတီ အတွင်းရေးမှူး ဦးဇာနည်လင်းက လက်မှတ်ရေးထိုး၍ အကြောင်းပြန်ကြားခဲ့သည်။

ထို့နောက် နိုဝင်ဘာ ၁၆ ရက်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ဥပဒေ အရာရှိတို့နှင့် တွေ့ဆုံ၍ ပွဲကျင်းပခွင့် ငြင်းပယ်မိန့်အား ပယ်ဖျက်ပေးရန် ညှိနှိုင်းမှုများ လုပ်ဆောင်ခဲ့ကြောင်း ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက ပြောကြားသည်။

"အခု ညှိနှိုင်းတိုင်ပင်တာတော့ ခွင့်ပြုတဲ့အဆင့် ရောက်သွားပါပြီ။ မကြာခင်မှာ တရားဝင် ထုတ်ပြန်မှာပါ။ အန်ကယ်ဦးဝင်းထိန် အပါအ၀င် ကျွန်တော်တို့ ၀ိုင်းပြီးတော့မှ လက်ရှိအနေအထားကိုပဲ ဆက်လက်ဆောင်ရွက်သွားပေးဖို့ လက်ရှိတရားဝင် ထုတ်ပြန်ထားတဲ့ အမိန့်ကို ပယ်ဖျက်သွားတော့မယ်လေ။ အခု တရားဝင် စာထုတ်ပေးဖို့ကို ကိုဇာနည်လင်းစောင့်ပြီး ကျန်ခဲ့ပါတယ်" ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက နိုဝင်ဘာ ၁၆ ရက် မွန်းလွဲ ၃ နာရီခန့်တွင် ပြောကြားသည်။

အလားတူ နိုဝင်ဘာ ၁၆ ရက်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သတင်းနှင့် ပြန်ကြားရေးဌာန၏ facebook စာမျက်နှတွင် နေပြည်တော်၌ ပြုလုပ်မည့် လူထုဆန္ဒ ရယူရေးပွဲနှင့် ပတ်သက်၍ "လူထုဟောပြောပွဲ ကျင်းပရေးအတွက် ဆွေးနွေးညှိနှိုင်းမှုများ အဆင်ပြေ အောင်မြင်သွားပြီ ဖြစ်ပါသည်။ မူလ သတ်မှတ်ထားသော နေ့ရက်အချိန်နေရာအတိုင်း ဆက်လက်ကျင်းပခွင့် ရရှိသွားပြီဖြစ်ကြောင်း" ဟု ဖော်ပြထားသည်။

EMG

Saturday, November 16, 2013

လှိုင်သာယာ စက်မှုဇုန်သို့ ပုဂ္ဂလိကကုမ္ပဏီ ဓနရာဇာမှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရန်စီစဉ်နေ

 Saturday, 16 November 2013


ရန်ကုန်မြို့၊ လှိုင်သာယာ စက်မှုဇုန်ဝင်းအတွင်း တစ်နေရာအား တွေ့မြင်ရစဉ်

ရန်ကုန်မြို့ရှိ စက်မှုဇုန်များအား ပုဂ္ဂလိက လုပ်ငန်းရှင်များက လျှပ်စစ်ဓာတ်အား ပေးဝေနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိရာ ဓနရာဇာ ကုမ္ပဏီမှ လှိုင်သာယာ စက်မှုဇုန်သို့ တစ်ယူနစ်လျှင် ကျပ် ၁၅၀ ဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရန် စီစဉ်နေကြောင်း လှိုင်သာယာ စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီရုံးမှ သိရသည်။

ယင်းကဲ့သို့ ပုဂ္ဂလိက ကုမ္ပဏီများမှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန် အတွက် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲမှု ကော်မတီနှင့် လုပ်ငန်းရှင်များ တွေ့ဆုံပွဲကို နိုဝင်ဘာ ၁၂ ရက်က လှိုင်သာယာ စက်မှုဇုန် စီမံခန့်ခွဲမှု ကော်မတီရုံး၊ ကနောင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

''လှိုင်သာယာ စက်မှုဇုန်ကို ပုဂ္ဂလိက ကုမ္ပဏီက လျှပ်စစ်မီးပေးဖို့ကို ဓနရာဇာ ကုမ္ပဏီနဲ့ YESB (ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးရေးအဖွဲ့) နဲ့ ပေါင်းပြီး ဓာတ်အားပေးမှာပါ။ ဓာတ်အား ပေးတာကိုတော့ ၂၀၁၄ အစောပိုင်းကာလမှာ ပေးနိုင်ဖို့တော့ စီစဉ်နေပါတယ်။ ဒီကြားထဲ စာချုပ်ချုပ်ဆိုမှုတွေ ပြုလုပ်ရဦးမှာပါ။ ပြီးမှ အသေးစိတ် အစီအစဉ်တွေ သိရမှာဖြစ်ပြီး တစ်ယူနစ်ကို ၁၅၀ ကျပ်နှုန်းနဲ့ အကြမ်းဖျင်း သဘောတူ ထားပါတယ်'' ဟု လှိုင်သာယာ စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီရုံးမှ အမှုဆောင် အင်ဂျင်နီယာ ကိုအောင်ကျော်ဦးက နိုဝင်ဘာ ၁၄ ရက်က ပြောကြားသည်။

''လှိုင်သာယာ စက်မှုဇုန်ကို ဓနရာဇာ ကုမ္ပဏီအနေနဲ့ မီးပေးမှာတော့ သေချာပါတယ်။ ဒါပေမဲ့ ၂၀၁၄ ခုနှစ်အတွင်း ဘယ်လပိုင်းမှာ ဓာတ်အားစပေး နိုင်မယ်ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး'' ဟု The Daily Eleven သတင်းစာ၏ ဆက်သွယ် မေးမြန်းချက်အပေါ် ကိုအောင်ကျော်ဦးက ပြောကြားသည်။

အချိန်အကန့်အသတ်ဖြင့်သာ မီးရနေသော၊ လျှပ်စစ်မီး အပြည့်အ၀ မရသည့် စက်မှုဇုန်များသို့ အစိုးရဈေးဖြင့် မီးမပေးဘဲ ပုဂ္ဂလိက အနေဖြင့်သာပေးရန် စီစဉ်ထားကြောင်း လျှပ်စစ်ဝန်ကြီးက ပြောကြားသည်။

ပုဂ္ဂလိကသို့ လျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးခွင့်ပြုမည် ဆိုပါက စံသတ်မှတ်ထားသည့်ဈေးနှုန်း၊ အချက်အလက်များ ပါသည့် ဥပဒေတစ်ရပ်ကို အတည်ပြုပြီးမှ ချထားပေးသင့်ကြောင်းလည်း သုံးသပ်မှုများ ရှိနေသည်။

ထို့ပြင် ၂၀၁၃ ခုနှစ် ဇူလိုင်လ မတိုင်မီကတည်းက လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနအနေဖြင့် ပုဂ္ဂလိက ကုမ္ပဏီများသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းများကို စာချုပ်ချုပ်ဆို လုပ်ကိုင်ခွင့် ပေးနေခဲ့ပြီး မြို့နယ်ပေါင်း ၈၄ မြို့နယ်အထိပေးရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သို့သော် နိုဝင်ဘာလမှစ၍ လျှပ်စစ်ဓာတ်အားခများ တိုးမြှင့်ကောက်ခံမည့် အစီအစဉ်အား လွှတ်တော်တွင် အရေးကြီးအဆို တင်သွင်းကာ ရပ်ဆိုင်းခဲ့သည်။ ထို့နောက် တိုးမြှင့်ထားသည့် မီတာခနှုန်းထားအား ပြန်လည် လျှော့ချပေးမည် မဟုတ်ဘဲ လာမည့် ဘဏ္ဍာနှစ်အစမှစ၍ စတင်ကောက်ခံ သွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၅ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ နိုင်ငံတော်သမ္မတက သ၀ဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရသည်။

EMG

ရည်းစားကိုသားမယားကျင့်ကာ အ၀တ်မဲ့ပုံများ ညီမထံပို့ခဲ့သူအား အီလက်ထရွန်နစ်ဥပဒေဖြင့် ထပ်မံအမှုဖွင့်အရေးယူ

 
နေပြည်တော် ပျဉ်းမနားရဲစခန်းအပိုင်နယ်မြေတွင် ရည်းစားဖြစ်သူကို အလိုမတူဘဲ သားမယားပြုကျင့်ပြီး အ၀တ်အစားမဲ့ဓာတ်ပုံရိုက်ကာ အွန်လိုင်းမှ ညီမဖြစ်သူထံပေးပို့ခဲ့သည့် အသက်(၂၇)နှစ်ရှိ ကုမ္ပဏီဝန်ထမ်းအမျိုးသားအား အမှုဖြစ်ပွားစဉ်က မုဒိမ်းမှုဖြင့် အမှုဖွင့်ခဲ့ပြီး ယခုအခါတွင် စစ်ဆေးပေါ်ပေါက်ချက်အရ အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မအရပါ နိုဝင်ဘာ ၁၃ ရက် ညနေက ထပ်မံအမှုဖွင့်ခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ နေပြည်တော် ပျဉ်းမနား၊ အောင်မင်္ဂလာ (၂)လမ်းနေ ပြည့်ဖြိုးအောင်သည် ရည်းစားဖြစ်သူကို သြဂုတ် ၂၇ ရက်က လူကြားထဲ ဆဲဆိုကြိမ်းဝါးကာ နေထိုင်ရာအိမ်သို့ ဆိုင်ကယ်ဖြင့်ခေါ်ဆောင်သွားပြီး သားမယားအဖြစ်ပြုကျင့်ကာ အ၀တ်မဲ့ဓာတ်ပုံများကို အလိုမတူဘဲ လက်ပြန်ကြိုးတုပ်ကာ ရိုက်ကူးခဲ့ပြီး ထိုပုံကို ရည်းစား၏ညီမဖြစ်သူထံ ပို့ခဲ့သည်။

ထို့အတွက် ညီမဖြစ်သူက တိုင်တန်းခဲ့ရာ သြဂုတ်လတွင် ပြစ်မှုပုဒ်မ ၃၇၆ (မုဒိမ်းမှု)ဖြင့် အမှုဖွင့်ဖမ်းဆီးခဲ့ရသည်ဟု ဆိုသည်။

အမှုကို ပျဉ်းမနားမြို့မရဲစခန်းမှူးကိုယ်တိုင် စစ်ဆေးပြီး တရားစွဲဆိုတင်ပို့ရာတွင် ပြည့်ဖြိုးအောင်၏ ပြုမူဆောင်ရွက်ချက်သည် ၂၀၀၄ ခုနှစ် အီလက်ထရွန်နစ်ဆက်သွယ်ဆောင်ရွက်ရေးအက်ဥပဒေပုဒ်မ ၃၄(ဃ)အရ ပုဂ္ဂိုလ်တစ်ဦးဦး၏ ဂုဏ်သိက္ခာညှိုးနွမ်းကျဆင်းအောင် ကာယကံရှင်၏ အ၀တ်အစားမဲ့ဓာတ်ပုံများအား ထုတ်လွှင့်ခြင်းဖြင့် ပြစ်မှုကျူးလွန်ရာရောက်ကြောင်း သုံးသပ်သဖြင့် အဆိုပါအက်ဥပဒေဖြင့်ပါ ထပ်မံတရားစွဲဆိုသင့်ကြောင်း ဥပဒေအကြံပြုပြန်ကြားခဲ့သည်။

နဂိုမူလအမှုဖွင့်ထားရာ ပြစ်မှုပုဒ်မ ၃၇၆ အပြင် နိုဝင်ဘာ ၁၃ ရက်တွင်၂၀၀၄ ခုနှစ် အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေးအက်ဥပဒေပုဒ်မ ၃၄(ဃ)ပါ ထပ်မံအမှုဖွင့်ထားကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြပါရှိသည်။

7day Daily

ကထိန်အလှူခံ ဖျော်ဖြေရေး ယဉ်ကျေးမှု ပြောင်းလဲလာ





ကထိန် အလှူခံပွဲ တခု (ဓာတ်ပုံ – စည်သူ)

ရန်ကုန်မြို့မှာ ကထိန်ရာသီရောက်ပြီဆိုရင် ကထိန်ပွဲတွေ ဖြစ်မြောက်အောင် အပြိုင်အဆိုင် အလှူခံတဲ့ ဆိုက်ကားဂိတ်၊ ကားဂိတ်၊ ရပ်ကွက်လူငယ်၊ အသင်းအဖွဲ့တွေက အလှူခံထွက်ကြတဲ့အခါ အရင်လို မြန်မာသံစဉ်၊ ရိုးရာတီးလုံးတွေ၊ သီချင်းတွေ ဖွင့်ပြီး အလှူခံတဲ့ ဓလေ့ထက် နိုင်ငံတကာတီးလုံးတွေ၊ DJ နဲ့ Remix တွေလို ဂီတတွေနဲ့ အလှူခံကြတာ ပိုများနေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

အလှူခံမှာ ဖွင့်နေကြတဲ့ သီချင်းတွေရဲ့ အဓိပ္ပာယ်ဟာ မြန်မာလိုပြန်ရင် ယဉ်ကျေးမှုမရှိဘဲ တော်တော်လေး နားမခံသာဘဲ ဘာသာရေးအမြင်နဲ့ ကြည့်ရင် မလျော်ညီတဲ့ သီချင်းတွေ ဖြစ်နေတယ်လို့ ဒေါပုံမြို့နယ်မှာ နေတဲ့ မမီးမီးက ဧရာဝတီကို ပြောပါတယ်။

“နိုင်ငံခြားသီချင်းတွေကို အဓိပ္ပာယ် မသိဘဲ ဖွင့်နေကြတာ တော်တော်ဆိုးတယ်။ ဥပမာ ဂျနီဖာလိုပက်ဇ်ရဲ့ On the Floor ဆိုတဲ့ သီချင်းက နိုက်ကလပ်တွေမှာ ဖွင့်သင့်တဲ့ သီချင်းမျိုး။ Hotel Room Service ဆိုတဲ့ သီချင်းမျိုးတွေ။ ပြီးတော့ အင်္ဂလိပ်လို Low, Low လို့ဆိုတဲ့ သီချင်းတပုဒ်ကို မြန်မာလို အသံလိုက်ထွက်ပြီး ဆိုနေကြတာ ကြားရတာ တော်တော်ဆိုးတယ်” လို့ မမီးမီးက သူရဲ့ အမြင်ကို ပြောပါတယ်။

ရန်ကုန်မြို့မှာ အလှူခံထွက်ကြတဲ့အခါ ကိုရီးယားအဆိုကျော် PSY ရဲ့ အိုပါဂန်းနမ်းစတိုင် သီချင်းကို အသံချဲ့စက်နဲ့ အသံကုန် ဖွင့်ကြောင်း၊ နေ့ညအချိန်မလပ် အလှူခံတော်တော်များများမှာ ဒီသီချင်းကို နှစ်နှစ်ခြိုက်ခြိုက်ဖွင့်ပြီး ဒီသီချင်းထဲက သရုပ်ဆောင်ရဲ့ ဟန်အတိုင်း မကတတ်ကတတ်နဲ့ လိုက်ကကြကြောင်း၊ တချို့ဆိုရင် အလှူခံထွက်ရင် သောက်စားမူးယစ် နေတာမျိုးတွေပါ ရှိကြောင်း ဒဂုံမြို့သစ် မြောက်ပိုင်းမှာနေတဲ့ ဒေါ်ဥမ္မာက ပြောပါတယ်။

“လှူဖို့ အလှူခံရင်တော့ မပြောပါဘူး။ တချို့ကြတော့ အလှူခံပြီးတော့ အဲဒီပိုက်ဆံထဲက အရက်ဝယ်သောက် နေတာမျိုးတွေကတော့ မကောင်းဘူးပေါ့လို့” ဒေါ်ဥမ္မာက ဆက်ပြောပါတယ်။

အိုပါဂန်းနမ်းစတိုင် သီချင်းအပါအ၀င် သီချင်းအမြူးလေးတွေ ဖွင့်ရတာဟာ လူစိတ်ပါလာပြီး လှူချင်တန်းချင်လာအောင် လုပ်ရတာ ဖြစ်ပြီး အလှူခံလှည့်တဲ့အခါ ကတဲ့သူတွေကို မြူးအောင်၊ စိတ်ပါလက်ပါ ကချင်လာအောင် လုပ်ရတာဖြစ်ကြောင်း ဒဂုံမြို့သစ် မြောက်ပိုင်း (၄၀) ရပ်ကွက်မှာ ဘုံကထိန်ဖြစ်မြောက်ရေး ဦးဆောင်အလှူခံတဲ့ ကိုသီဟက ဧရာဝတီကို ပြောပါတယ်။

“ဂန်းနမ်းစတိုင် သီချင်းက မြူးတယ်။ အဲတာကြောင့် လူများတဲ့နေရာရောက်ရင် ဂန်းနမ်းစတိုင်သီချင်း ဖွင့်ထည့်လိုက်တာပဲ။ တခါတလေ ဗီဗာဟိန်း၊ DJ သီချင်းတွေ ဖွင့်တယ်” လို့ ကိုသီဟက ဆိုပါတယ်။

ဘာသာရေး၊ ဓမ္မသီချင်းတွေ ဖွင့်ရင် အလှူခံငွေ နည်းနည်းပဲ ရတယ်လို့ အလှူလှည့်ခံတဲ့သူတွေက ယုံကြည်နေကြပြီး ဂီတအသံစုံနဲ့ ဖွင့်ပြီးအလှူခံတာ တရက်ကို မြန်မာကျပ်ငွေ ခြောက်သောင်းကနေ တစ်သိန်းထိရတယ်လို့ သိရပါတယ်။

အလှူခံထွက်တဲ့ အခါမှာလည်း တချို့ရပ်ကွက်တွေက ပေးမ၀င်တာမျိုးတွေရှိကြောင်း၊ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေဆီကို တရက်ကြိုပြီး အကြောင်းကြားမှ ရပ်ကွက်ထဲ ဝင်ခွင့်ရလေ့ရှိကြောင်း၊ ကြိုတင် အကြောင်းမကြားမိလို့ ဒဂုံမြို့သစ် မြောက်ပိုင်း (၃၆) ရက်ကွက်မှာ သွားအလှူခံတဲ့အခါ မရဘဲ လှည့်ပြန်ခဲ့ရတာ ရှိကြောင်းလည်း ကိုသီဟက ပြောပါတယ်။

“သောက်တာစားတာ ရှိကြတာတော့ ဟုတ်တယ်။ လူအမျိုးမျိုး စိတ်အထွေထွေပဲ။ သောက်တာစားတာကတော့ သိပ်မဆန်းတော့ဘူးလို့ ပြောရမယ်” လို့လည်း သူက ဆိုပါတယ်။

အခုလိုမျိုး သောက်စား အလှူခံနေတာမျိုးတွေ ဖြစ်မှာစိုးလို့ ကထိန်အလှူခံကို ကိုယ်ထူကိုယ်ထ အနေနဲ့ ဖြစ်အောင် ကထိန်ရာသီ မတိုင်ခင် လွန်ခဲ့တဲ့ လေးလလောက်က စပြီးတော့ ကိုယ့်ဂိတ်က တက္ကစီ ယာဉ်မောင်းတွေကို တယောက်လျှင် တရက် ၂၀၀
ကျပ်နဲ့ ကြိုပြီးတော့ အလှူခံထားလို့ တခြားနေရာတွေမှာ လိုက်ပြီးတော့ အလှူခံဖို့ မလိုတော့ဘူးလို့ ဒဂုံမြို့သစ် မြောက်ပိုင်း (၄၀) ရက်ကွက် ကုန်းထိပ်မှတ်တိုင် တက္ကစီဂိတ်က ကိုမြင့်နိုင်က ဧရာဝတီကို ပြောပါတယ်။

“ကျနော်တို့ ဂိတ်မှာက တက္ကစီ ယဉ်မောင်း ၂၅ ဦးလောက် ရှိတယ်။ သူတို့ဆီက ငွေနဲ့ ကိုယ့်အသိ အိမ်လေးတွေမှာပဲ အလှူခံလိုက်တာ ၇ သိန်းကျော် ရတယ်။ အလှူမခံဘူးဆိုတာက အရက်သေစာသောက်စားမှာ၊ သရုပ်ပျက်တာမျိုးတွေ
မဖြစ်စေချင်လို့” လို့ ကိုမြင့်နိုင်က ဆိုပါတယ်။

ကထိန်ပွဲဆိုတာဟာ တနှစ်မှာတခါ၊ တလမှာတကြိမ်၊ တကြိမ်မှာ တခါပဲဆိုသလို့ ပြုလုပ်ရတဲ့ ကာလဒါန တမျိုးဖြစ်ပြီး ဘုရားကိုယ်စား သံဃာတွေကို ပူဇော်တာဖြစ်လို့ တတ်နိုင်ရင် တရားနဲ့ ပူဇော်တာ၊ ပဌာန်းနဲ့ ပူဇော်တာမျိုးကသာ အကောင်းဆုံးလို့ တောင်ဥက္ကလာ (၂) ၀ိုင်းမှာ ရှိတဲ့ စိန်ရတနာ ပရိယတ္တိ စာသင်တိုက်က စာချဆရာတော် အရှင် ဥတ္တရက ဧရာဝတီကို မိန့်ပါတယ်။

“ပုံစံအမျိုးမျိုးနဲ့ အလှူခံကြတာက သူတို့ရဲ့ လုပ်ငန်းအပေါ်မှာ တက်ကြွအောင် လုပ်ကြတာပေါ့။ အတိုင်းအထက်လွန်
သရုပ်ပျက်သွားတာမျိုး ဆိုရင်တော့ မကောင်းဘူးပေါ့။ ဆိုင်ကယ်တွေ၊ ကားတွေရှေ့မှာ အရုပ်ကြီးတကားကားနဲ့ ပိတ်ပြီး အတင်းအလှူခံတာမျိုးတော့ မကောင်းဘူးပေါ့” လို့ အရှင် ဥတ္တရက မိန့်ပါတယ်။

ကထိန်သင်္ကန်းကို သီတင်းကျွတ်လပြည့်ကျော် (၁) ရက်နေ့ကနေ တန်ဆောင်မုန်း လပြည့်နေ့အထိ ကပ်လို့ရပြီး ကထိန် အကျိုးတရားကိုတော့ တပေါင်းလပြည့်နေ့အထိ ခံစားလို့ရတယ်လို့ သိရပါတယ်။

ဧရာဝတီ

နတ်မိမယ်များ အလှချင်းပြိုင်ခဲ့သည့် Victoria's Secret နှစ်ပတ်လည်ပွဲ




နယူးယော့ခ်ရှိ မက်ဟမ်တန်တွင် ဗုဒ္ဓဟူးနေ့က ကျင်းပသော ဖက်ရှင်ပွဲတွင် အသက်(၂၅)နှစ်ရှိ တောင်အာဖရိက အလှမယ်သည် ဒေါ်လာ (၁၀)သန်းတန် Fantasy ဘရာစီယာကို ဝတ်ဆင်ကာ ကိုယ်ဟန်ပြသွားခဲ့



Victoria's Secret၏ နှစ်ပတ်လည် ဖက်ရှင်ပွဲတွင် အများမျှော်လင့်ပြီး ဖြစ်သည့်အတိုင်း ကန်ဒိုက်စ် ဆွမ်နီပိုဝယ်လ်သည် အာရုံအစိုက်ခံရဆုံး အလှမယ် ဖြစ်လာခဲ့သည်။ နယူးယော့ခ်ရှိ မက်ဟမ်တန်တွင် ဗုဒ္ဓဟူးနေ့က ကျင်းပသော ဖက်ရှင်ပွဲတွင် အသက်(၂၅)နှစ်ရှိ တောင်အာဖရိက အလှမယ်သည် ဒေါ်လာ (၁၀)သန်းတန် Fantasy ဘရာစီယာကို ဝတ်ဆင်ကာ ကိုယ်ဟန်ပြသွားခဲ့သည်။ သူမသည် ပွဲမစမီက ယင်းအခွင့်အရေးအတွက် အလွန်စိတ်လှုပ်ရှားပြီး မတည်မငြိမ် ခံစားနေရကြောင်း ဖွင့်ဟခဲ့သော် လည်း လျှောက်လမ်းပေါ်တွင် တည်ငြိမ်ရဲရင့်စွာဖြင့် ထွက်ပေါ်လာနိုင်ခဲ့သည်။ Victoria's Secret သည် နှစ်စဉ် Fantasy ဘရာစီယာများကို ဖန်တီးပြလေ့ရှိရာ ယခုနှစ် ဖက်ရှင်ပွဲတော်အတွက် ကန်ဒိုက်စ် ကို ရွေး ချယ် ခဲ့ခြင်း ဖြစ်သည်။


သူမသည် မီရန်ဒါကားရ်၊ တိုင်ရာဘန့်ခ်၊ ဂီဆလီဘန်ချန်၊ ဟေဒီကလမ်၊ အလက်ဇန္ဒရာ အမ်ဘရိုစီယို၊ အက်ဒရီယာနာ လီမာနှင့် ကလော်ဒီယာ ရှက်ဖားတို့နောက် ယင်းကဲ့သို့ အခွင့်အရေးကို ရရှိသူ ဖြစ်လာ သည်။ The Royalဟု အမည်ပေးထားသည့် Fantasy ဘရာစီယာကြောင့် ကန်ဒိုက်စ်ကို လူအများ စိတ်ဝင်စားခဲ့သလို အခြားသော Victoria's Secret နတ်မိမယ်များ၏ ကြွရွဝံ့ကြွားသော ကိုယ်ဟန်ပြမှုများကလည်း ပရိသတ်ကို မျက်စိပသာဒ ဖြစ်စေခဲ့သည်။ အလက်ဇန္ဒရာ၊ အက်ဒရီယာနာ တို့အပြင် အီရင်ဟီသာတန်၊ ဟီလာရီရိုဒါ၊ ကွန်စတန် ဂျာဘလိုစကီ၊ ယိုအန်စမောလ်၊ မက်ဂ်ဒါလီနာ ဖရန်ကိုဝိတ်ခ်တို့အပြင် စူပါမော်ဒယ်လ် အများအပြားက ယခုပွဲတွင် အားဖြည့် ပါဝင်ခဲ့ကြကြောင်း သိရှိရသည်။




Planet Myanmar Network

မ​တ​ရား​သင်း​ဆက်​သွယ်​မှု​ဖြင့် ​ဒု​က္ခ​သည် ၄ ​ဦး​ကို ​ထောင်​ဒဏ်​ချ​မှတ်




15 November 2013​နိုင်​ငံ​ရေး ​အ​ကျ​ဉ်း​သား​တွေ​ကို ​ပြန်​လွှတ်​ပေး​နေ​စ​ဉ်​မှာ​ပဲ ​က​ချင်​ပြည်​နယ်​မှာ ​မ​တ​ရား ​အ​သင်း​နဲ့ ​ဆက်​သွယ်​မှု​နဲ့ ​စစ်ေ​ရှာင်​ဒု​က္ခ​သည် ၄ ​ဦး​ကို ​ထောင်​ဒဏ်​တွေ ​အ​သီး​သီး​ချ​မှတ်​လိုက်​ပါ​တယ်။နိုဝင်​ဘာ ၁၅ ​ရက်​နေ့​မှာ ​မြစ်​ကြီး​နား​မြို့​နယ် ​တ​ရား​ရုံး​တွေ​မှာ ​မ​တ​ရား​အ​သင်း ​ဆက်​သွယ်​မှု​နဲ့ ​စွဲ​ဆို​ခံ​ထား​ရ​သူ ၆ ​ဦး​အ​နက် ၄ ​ဦး​ကို ​ထောင်​ဒဏ် ၂ ​နှစ်​စီ ​ချ​မှတ်​လိုက်​တယ်​လို့ေ​ရှ့​နေ ​ဦး​မား​ခါး​က ​ပြော​ပါ​တယ်။
၂၀၁၂ ​ခု​နှစ် ​ဇွန်​လ​မှာ ​စ​တင်​ပြီး​တော့ ​မြစ်​ကြီး​နား​ခ​ရိုင်​နဲ့ ​မြို့​နယ်​ရုံး​တွေ​က ​ပေါက်​ကွဲ​မှု၊ ​မ​တ​ရား​အ​သင်း ​ဆက်​သွယ်​မှု​တွေ​နဲ့ ​တ​ရား​စွဲ​ဆို​ထား​တာ ​ဖြစ်​ပြီး ​အ​ခု​ချ​မှတ်​လိုက်​တဲ့ ​ထောင်​ဒဏ်​တွေ​က​တော့ ​မ​တ​ရား​အ​သင်း ​ဆက်​သွယ်​မှု​နဲ့ ​မြို့​နယ် ​တ​ရား​ရုံး​က ​ချ​မှတ်​လိုက်​တာ ​ဖြစ်​တယ်​လို့ ​သူ​က ​ပြော​ပါ​တယ်။
ထောင်​ဒဏ် ၂ ​နှစ် ​ချ​မှတ်​ခံ​ရ​တဲ့​သူ​တွေ​က​တော့ ​ဦး​လ​ဖိုင်​ဂမ်၊ ​ဦး​ဘ​ရန်​ရုန်း​၊ ​ဦး​ဇော်​ဘောက်၊ ​ဦး​လ​ရိန်​တို့ ​ဖြစ်​ပြီး ​က​ချင်​စစ်ေ​ရှာင် ​ဒု​က္ခ​သည်​တွေ​ဖြစ်​ပါ​တယ်။
သူ​တို့​နဲ့​အ​မှု​တွဲ​ဖြစ်​တဲ့​ ​တာ​လော​ကြီး​ကျေး​ရွာ​က ​ဦး​လ​မာ​အောင်​နဲ့ ​ဦး​ခ​ယာ​န​န္ဒ​တို့ ​က​တော့ ​ထောင်​ဒဏ်​က​နေ ​ကင်း​လွတ်​ခဲ့​ပါ​တယ်။
ဒီ​က​နေ့ ​စီ​ရင်​ချက် ​ချ​မှတ်​ခံ​ထား​ရ​သူ​တွေ​ဟာ ​မြစ်​ကြီး​နား​ခ​ရိုင် ​တ​ရား​ရုံး​က ​စွဲ​ဆို​ထား​တဲ့ ​ပေါက်​ကွဲ​မှု ​စွဲ​ဆို​ချက်​တွေ​နဲ့ ​ဆက်​လက် ​ရင်​ဆိုင်​ရ​မယ်​လို့ ​ဦး​မာ​ခါး​က ​ပြော​ပါ​တယ်။
ဦး​မာ​ခါး​က “​တ​ရား​စွဲ​ဆို​တာ ​လုံး​၀ ​မှန်​ကန်​မှု​မ​ရှိ​ပါ​ဘူ။ ​သူ​တို့​ကို ​လမ်း​မှာ​တွေ့​ပြီး ​ဖမ်း​ဆီး​ပြီး ​လူ​မ​ဆန်​စွာ ​နှိပ်​စက်​ညှ​ဉ်း​ပန်း​ပြီး​မှ ​သူ​တို့​ကို ​စစ်​ကြော​ခဲ့​တယ်။ ​ဆိုး​၀ါး​တဲ့ ​လူ့​အ​ခွင့်​အ​ရေး ​ချိုး​ဖောက်​မှု​ပေါ့​။ ​ဘယ်​နေ့​ဘယ်​ရက်​မှာ ​ကေ​အိုင်​အေ​အ​ဖြစ် ​ဆောင်​ရွက်​တယ်။ ​ဘယ်​နေ့​ဘယ်​ရက် ​မြို့​ပေါ်​မှာ ​ဗုံး​ဖောက်​ခွဲ​တယ်၊ ​အဲ​လို ​မ​တ​ရား ​ရေး​သား​ပြီး​မှ ​တ​ရား​ရုံး​မှာ ​တ​ရား​စွဲ​တာ။ ​အ​ခု​က ၁၇/၁ ​နဲ့ ​အ​ရင်​အ​မိန့်​ချ​တယ်။ ​ဖောက်​ခွဲ​မှု​တွေ​က​တော့ ​ခ​ရိုင်​မှာ ​အ​မှု​စွဲ​ထား​တော့ ​တ​ပတ်​ကို ​သုံး​ကြိမ်​လောက် ​ရုံး​ချိန်း​သွား​နေ​ရ​ပြီး ​ငွေ​ရေး​ကြေး​ရေး​က​လည်း ​အ​များ​ကြီး ​ကုန်​ကျ​တယ်။”
ယ​ခင်​က​လည်း ​က​ချင်​ပြည်​နယ်​မှာ ​ဒု​က္ခ​သည်​စ​ခန်း​မှာ​နေ​ထိုင်​ခဲ့​တဲ့ ​လ​ထော်​ဘ​ရန်ေ​ရှာင်​ကို ​က​ချင်​လွတ်​လပ်​ရေး ​တပ်​မ​တော်​က ​အ​ရာ​ရှိ ​အ​ဖြစ်​စွပ်​စွဲ​ပြီး ​မ​တ​ရား ​အ​သင်း​နဲ့ ​ဆက်​သွယ်​မှု​နဲ့ ​ထောင်​ဒဏ် ​ချ​မှတ်​ခဲ့​တဲ့ ​ဖြစ်​ရပ်​တွေ ​ရှိ​ခဲ့​သ​လို ​ဖမ်း​ဆီး​ထား​စ​ဉ်​မှာ​လည်း ​နှိပ်​စက်​ညှ​ဉ်း​ပန်း​မှု​တွေ ​ရှိ​ခဲ့​တယ်​လို့ ​လ​ထော်​ဘ​ရန်ေ​ရှာင်​က ​ပြော​ဆို​ခဲ့​ပါ​တယ်။

By ​ဒီ​ဗွီ​ဘီ

အာဏာရှင်ဟောင်း ဦးနေ၀င်း၏ မြေး ၂ ဦးကို ပြန်လွှတ်ပေး




အင်းစိန် အကျဉ်းထောင်မှ ယနေ့ ပြန်လည် လွတ်မြောက်ကြသော ကိုကျော်နေ၀င်း နှင့် ကိုအေးနေ၀င်း (ဓာတ်ပုံ- ခင်မောင်ဝင်း (ရွှေအင်းသား))
အာဏာရှင်ဟောင်း ဦးနေ၀င်း၏ မြေး ၂ ဦးဖြစ်သော နိုင်ငံတော် ပုန်ကန်မှုဖြင့် သေဒဏ်ကျခံ နေရသည့် ကိုကျော်နေ၀င်း နှင့် ကိုအေးနေ၀င်း တို့သည် အင်းစိန် အကျဉ်းထောင်မှ ယနေ့ ပြန်လည် လွတ်မြောက် လာကြောင်း သတင်း ရရှိသည်။
“ကျော်နေ၀င်းနဲ့ အေးနေ၀င်းရယ်၊ သူတို့ ၂ ယောက်အပြင် သူတို့ရဲ့ အမှုတွဲ ဘိုးတော် စကြာအောင်ပွင့်ခေါင်လည်း လွတ် လာ တယ်”ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း(AAPP) (ရန်ကုန်အခြေစိုက်)မှ ကိုကျော်စိုး က ဧရာဝတီ ကို ပြောသည်။
၎င်းတို့၏ မိသားစုနှင့် နီးစပ်သူ ကိုကျော်သူရ ကလည်း အင်းစိန်အကျဉ်းထောင်မှ လွတ်မြောက်လာသော ကိုကျော်နေ၀င်း နှင့် ကိုအေးနေ၀င်း တို့ ၂ ဦး နေအိမ်သို့ ကောင်းမွန်စွာ ရောက်ရှိပြီဖြစ်ကြောင်း၊ ဘိုးတော် စကြာ အောင်ပွင့်ခေါင်သည် လည်း သာယာဝတီ အကျဉ်းထောင်က ပြန်လည် လွတ်မြောက်လာကြောင်း ဧရာဝတီကို သည်။

သမ္မတ ဦးသိန်းစိန်ထံသို့ နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေး ကော်မတီက စိစစ်တင်ပြခဲ့ပြီးနောက် အကျဉ်းသား ၆၉ ဦး ကို ယနေ့ ပြစ်ဒဏ်က လွတ်ငြိမ်းခွင့်ပြုရာမှ ဦးနေ၀င်း၏ မြေး ၂ ဦးလည်း လွတ်မြောက်လာခြင်း ဖြစ်ကြောင်း သိရသည်။
ကိုအေးနေ၀င်းနှင့် ကိုကျော်နေ၀င်းတို့ ၂ ဦးသည် အဘိုးဖြစ်သည့် ကွယ်လွန်သူ အာဏာရှင်ဟောင်း ဦးနေ၀င်း၊ မိခင် ဒေါ်စန္ဒာဝင်း၊ ဖခင် ဦးအေးဇော်ဝင်း၊ ညီအစ်ကို တဦးဖြစ်သည့် ကိုဇွဲနေ၀င်း တို့နှင့်အတူ စစ် အစိုးရ ခေါင်းဆောင်များအား ဖမ်းဆီး ၍ နိုင်ငံတော် အာဏာသိမ်းရန် ကြံစည်သည် ဆိုသော နိုင်ငံတော် ပုန်ကန်မှုဖြင့် ၂၀၀၂ ခုနှစ်က ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
ထိုစဉ်က ဒေါ်စန္ဒာဝင်းနှင့် ဦးနေ၀င်းတို့ကို နေအိမ် အကျယ်ချုပ် ချမှတ်ခဲ့ပြီး ဦးအေးဇော်ဝင်း၊ ကိုဇွဲနေ၀င်း၊ ကိုအေးနေ၀င်း၊ ကိုကျော်နေ၀င်းတို့သည် သေဒဏ် အပြစ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သို့သော် နောက်ပိုင်းတွင် သေဒဏ်မှ တသက်တကျွန်းသို့ ယခင် စစ်အစိုးရက ပြစ်ဒဏ်ပြောင်းလဲ သတ်မှတ်ခဲ့သည်။
နေအိမ် အကျယ်ချုပ် ကျခံနေရစဉ် ဦးနေ၀င်းသည် ၂ဝဝ၂ ခုနှစ် ဒီဇင်ဘာလ (၅) ရက် နံနက် ၇ နာရီခွဲခန့်တွင် ရန်ကုန်မြို့ အေဒီလမ်း နေအိမ်၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက်(၉၂)နှစ် ရှိပြီ ဖြစ်သည်။
ဒေါ်စန္ဒာဝင်းသည် ၂၀၀၈ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့တွင် နေအိမ်အကျယ်ချုပ်မှ ပြန်လည် လွတ်မြောက်ခဲ့ပြီး ဦးအေးဇော် ၀င်း နှင့် ကိုဇွဲနေ၀င်း တို့သည် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလက သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ် မြောက်ခဲ့သည်။
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် တလျှောက် ဒေါ်စန္ဒာဝင်းသည် တပ်တွင်း ဗိုလ်မှူးကြီး ရာထူးဖြင့် တာဝန်ထမ်းဆောင် စဉ် နာမည်ဆိုးဖြင့် ကျော်ကြားသူ ဖြစ်သည်။ ဒေါ်စန္ဒာဝင်းနှင့်အတူ သားများသည်လည်း ရမ်းကားမှုများဖြင့် နာမည်ဆိုး ထွက် ခဲ့သည်။
ယခုအခါ မြန်မာနိုင်ငံ အကျဉ်းထောင်များထဲတွင် ထောင်ဒဏ် ကျခံနေရသည့် နိုင်ငံရေး အကျဉ်းသား စုစုပေါင်း အနည်း ဆုံး ၆၀ ကျော်နှင့် အမူရင်ဆိုင်နေရဆဲ ၂၆၅ ဦး ကျန်ရှိနေဆဲဖြစ်ကြောင်း AAPP တွဲဖက် အထွေထွေအတွင်းရေး မှူး ဦးဘိုကြည်က ပြောသည်။
“ဒီနေ့ လွှတ်ပေးတာက နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ပြီးလွှတ်ပေးတာမျိုးတော့ မဟုတ်သေးဘူးထင်တယ်။ ဒါ ကတော့ အစိုးရဘက်က ဆက်ပြီး လုပ်ပေးဖို့ လိုတယ်။ ကျနော်တို့ကတော့ နိုင်ငံရေးအကျဉ်းသားအဖြစ် အသိအမှတ် ပြုပြီး ခြွင်းချက်မရှိ ပြန်လွှတ်ပေးတာမျိုးကို လိုလားပါတယ်”ဟု သူက ပြောသည်။
လွတ်မြောက်လာသူများထဲတွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဒေါ်နော်အုန်းလှပါဝင်ကြောင်း သိရသော်လည်း မြောက် ကိုရီးယားနှင့် စစ်ရေးဆက်ဆံမှု သတင်းပေါက်ကြားသည်ဟု စွပ်စွဲကာ ဖမ်းဆီးထောင်ချထားသည့် ဗိုလ်မှူးဟောင်း ၀င်းနိုင် ကျော်နှင့်အခြား လူများ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း သိရသည်။
သမ္မတရုံး၏ ယနေ့ လွတ်ငြိမ်းခွင့် အမိန့်ကြေညာချက်တွင်“ဆက်လက်၍လည်း ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ မကုန်မီ နိုင်ငံရေး အကျဉ်းသား အားလုံးကို ပြစ်ဒဏ်မှ လွတ်ငြိမ်း ချမ်းသာခွင့်ပြုနိုင်ရေးအတွက် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော် မတီက ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်”ဟု ဖော်ပြသည်။
“နောက်ထပ် လွတ်ငြိမ်းခွင့်ပေးရင် အမှုရင်ဆိုင်နေဆဲ လူတွေကိုလည်း ထည့်သွင်းစဉ်းစားပေးဖို့ လိုမယ်”ဟုလည်း ဦးဘိုကြည် က ပြောဆိုသည်။

လင်းသန့်-ဧရာဝတီ

Related Posts Plugin for WordPress, Blogger...