Sunday, November 17, 2013

မြန်မာနိုင်ငံမှ လူ့စွမ်းအား အရင်းအမြစ်များနှင့် ဂျပန်နိုင်ငံမှ နည်းပညာများ ပေါင်းစပ်ကာ မြှုပ်နှံမှုများပြုလုပ်ရန် စိတ်ဝင်စားကြောင်း အာရှစီးပွားရေး ခေါင်းဆောင်များ အဖွဲ့ဥက္ကဋ္ဌ ပြောကြား

Sunday, 17 November 2013


ဂျပန်နိုင်ငံမှ မြှုပ်နှံထားသည့် ဆီဒိုးနား ဟိုတယ်အား တွေ့ရစဉ်

မြန်မာနိုင်ငံမှ လူ့စွမ်းအား အရင်းအမြစ်များနှင့် ဂျပန်နိုင်ငံမှ အဆင့်မြင့် နည်းပညာများ ပေါင်းစပ်ကာ မြန်မာနိုင်ငံတွင် မြှုပ်နှံမှုများ ပြုလုပ်ရန် စိတ်ဝင်စားကြောင်း အာရှစီးပွားရေး ခေါင်းဆောင်များအဖွဲ့ (Asia Business Leader Association) ဥက္ကဋ္ဌ မစ္စတာ ဆ၀ါဒဟီဒီရိုက နိုဝင်ဘာ ၁၆ ရက်က ပြုလုပ်ခဲ့သည့် How to Invest in Myanmar ဆွေးနွေးပွဲတွင် ပြောကြားသည်။

"ဂျပန်မှာက တဖြည်းဖြည်းနဲ့ သက်ကြီးရွယ်အိုဦးရေ များလာပြီး အလုပ်လုပ်နိုင်တဲ့အရွယ် လျော့ကျမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာတော့ အလုပ်လုပ်နိုင်တဲ့ လူသားအရင်းအမြစ်အင်အား ပေါများစွာ ရှိနေတဲ့အပြင် သယံဇာတတွေလည်း ပေါများစွာ ရှိပါတယ်။ ဒါ့ကြောင့် ဂျပန်နိုင်ငံက အဆင့်မြင့် နည်းပညာတွေနဲ့ မြန်မာနိုင်ငံက လူသားအရင်းအမြစ်၊ သယံဇာတ အရင်းအမြစ်တွေ ပေါင်းစပ်ပြီး စီးပွားရေးလုပ်ဖို့ ကျွန်တော်တို့ စိတ်ဝင်စားပါတယ်" ဟု မစ္စတာ ဆ၀ါဒဟီဒီရိုက ပြောကြားသည်။

အာရှစီးပွားရေး ခေါင်းဆောင်များ အဖွဲ့ မှာ အာရှနိုင်ငံများအတွင်း ရင်းနှီးမြှုပ်နှံနေသည့် စီးပွားရေး လုပ်ငန်းရှင်များ စုပေါင်းဖွဲ့စည်းထားသည့် အဖွဲ့အစည်း တစ်ခုဖြစ်ပြီး ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများနှင့်လည်း ချိတ်ဆက်ထားသည့် အဖွဲ့အစည်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဒသမမြောက် အကြီးဆုံး သဘာဝဓာတ်ငွေ့သိုက် ပိုင်ဆိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံ လူဦးရေ၏ ၆၂ ရာခိုင်နှုန်းသည် အလုပ်လုပ်နိုင်သည့် အရွယ်များဖြစ်ကြောင်း၊ နိုင်ငံသား ၉၁ ရာခိုင်နှုန်းသည် စာတတ်မြောက်ပြီး ဒေသတွင်း အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါကလည်း လုပ်အားခ သက်သာသည့်အတွက် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ကောင်းမွန်သည့် နိုင်ငံဖြစ်ကြောင်းကို အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ဇောမောင်က ဆိုသည်။

"ကျွန်တော်တို့ အစိုးရဘက်က အာမခံနိုင်တာကတော့ လူကြီးမင်းတို့ရဲ့ လုပ်ငန်းတွေကို ဘယ်တော့မှ ပြည်သူပိုင် မသိမ်းဖို့နဲ့ ကာလသက်တမ်း မကုန်ခင် ရပ်ဆိုင်းခြင်း မပြုဖို့ အာမခံပေးနိုင်ပါတယ်။ ဒါ့အပြင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ချိန်မှ ငါးနှစ်အတွင်း အခွန်ကင်းလွတ်ခွင့်၊ မိမိနိုင်ငံကို အမြတ်ငွေ ပြန်လည်လွှဲပြောင်းခွင့်တို့ကို ခွင့်ပြုပါတယ်။ အရင်တုန်းက မြေငှားရမ်းတဲ့ အခါမှာ နှစ် ၃၀ သက်တမ်းသာ ခွင့်ပြုခဲ့ရာက အခုဆိုရင် စုစုပေါင်း အနှစ် ၇၀ ထိ မြေငှားရမ်းခွင့် ပေးထားပါတယ်" ဟု ၎င်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ယခုလက်ရှိ၌ တရုတ်၏ ရင်းနှီးမြှုပ်နှံမှုမှာ အမြင့်ဆုံးဖြစ်ကြောင်း၊ ဂျပန်နှင့် ပူးပေါင်းလုပ်ဆောင်နေသည့် အထူးစီးပွားရေးဇုန် စီမံကိန်း နှစ်ခုရှိသည့်အနက် သီလ၀ါ အထူးစီးပွားရေးဇုန်မှာ ၂၀၁၄ ခုနှစ် ဇန်န၀ါရီတွင် စတင်လည်ပတ် နိုင်မည်ဖြစ်ကြောင်း ဦးကျော်ဇောမောင်က ဆိုသည်။

ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန ညွှန်ကြားရေးမှူး ဦးလှိုင်ဦးက ဟိုတယ်ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် မြန်မာနိုင်ငံ၌ ခရီးသွား လုပ်ငန်းသည် ယခင်အချိန်များနှင့် နှိုင်းယှဉ်ပါက တိုးတက်မှုကြီးမားပြီး ဟိုတယ်အခန်း လိုအပ်ချက် မြင့်မားလာမှုကြောင့် ဟိုတယ်လုပ်ငန်းသည် ရင်းနှီးမြှုပ်နှံရန် သင့်တော်သည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း ပြောကြားသည်။

ယခုလက်ရှိတွင် ဟိုတယ်လုပ်ငန်း၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁ ဒသမ ၇ ဘီလျံရှိပြီး စင်ကာပူနိုင်ငံက ဒေါ်လာ ၆၇၇ သန်းဖြင့် အများဆုံးဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲကို မြန်မာဂျပန် ချစ်ကြည်ရေး အသင်းမှ ဦးစီးကျင်းပခဲ့ခြင်းဖြစ်ပြီး ဂျပန်နိုင်ငံမှ စီးပွားရေး လုပ်ငန်းများ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုရန်အတွက် ယခုလက်ရှိ ဥပဒေရေးရာ အခြေအနေများ၊ ရင်းနှီးမြှုပ်နှံမှု အခြေအနေများကို ရှင်းလင်းတင်ပြခြင်း ဖြစ်သည်။

ဆွေးနွေးပွဲသို့ ဆောက်လုပ်ရေး ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်နှင့်အတူ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့မှ ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြပြီး ဂျပန်နိုင်ငံသား စီးပွားရေး လုပ်ငန်းရှင် အများအပြား တက်ရောက်ခဲ့ကြသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...