Sunday, November 17, 2013

အစိုးရအဖွဲ့နှင့် စည်ပင်တို့မှ ဘောလုံးကွင်းနှင့် ပန်းခြံများကို ပုဂ္ဂလိကသို့ လွှဲပြောင်း လုပ်ကိုင်စေခြင်းကို မကျေနပ်သည့်အတွက် ဆန္ဒပြမှုဖြစ်ပွား

Sunday, 17 November 2013


နိုဝင်ဘာ ၁၆ ရက်၊ နံနက်ပိုင်းက ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့ရှိ မဟာဗန္ဓုလ ပန်းခြံအနီး ဆန္ဒပြနေကြသူများကို တွေ့ရစဉ်

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့မှ ဘောလုံးကွင်းနှင့် ပန်းခြံများကို ပုဂ္ဂလိက လုပ်ငန်းရှင်များထံသို့ လွှဲပြောင်း လုပ်ကိုင်စေခြင်းကို မကျေနပ်သည့်အတွက် ဆန္ဒဖော်ပြမှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဆန္ဒပြမှုကို နိုဝင်ဘာ ၁၆ ရက်၊ နံနက်၁၀နာရီ အချိန်ခန့်တွင် ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့ရှိ မဟာဗန္ဓုလ ပန်းခြံအနီးတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဆန္ဒပြမှုကို ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဥယျာဉ်နှင့် ကစားကွင်းများအား အဆောက်အဦး ဆောက်လုပ်ခြင်းမှ ကာကွယ်ရေး ကော်မတီ(ယာယီ)မှ ဦးဆောင်၍ ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကော်မတီနှင့်အတူ အားကစားကွင်းများကို လုပ်ငန်းရှင်များသို့ လွှဲပြောင်းပေးခြင်း ခံရသည့် ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ်များမှ ပြည်သူလူထုများ အပါအ၀င် မြန်မာနိုင်ငံ ရှေ့နေများ ကွန်ရက်မှလည်း ပါဝင် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

ဘောလုံးကွင်းနှင့် ပန်းခြံများကို ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ လွှဲပြောင်းပြီး လုပ်ငန်းလုပ်ကိုင်စေခြင်းကို မကျေနပ်သည့်အတွက် ဆန္ဒပြရာတွင် ထူးခြားမှု ရှိမလာပါက တရားဥပဒေအရ ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း . . .


"အခုဆိုရင် သမိုင်းဝင် အားကစားကွင်းတွေကို လုပ်ငန်းရှင်တွေထံ လွှဲပြောင်ပေးတာတွေ အများကြီး ဖြစ်နေတယ်။ သမိုင်းဝင် အားကစားကွင်းတွေကို တိုင်းဒေသကြီး ၀န်ကြီးချုပ်နဲ့ အာဏာပိုင်တွေက ပေါင်းပြီးတော့ လွှဲပြောင်းပေးလိုက်တယ်။ ပြီးခဲ့တဲ့လကလည်း သိမ်ဖြူကွင်းမှာ ဆန္ဒထုတ်ဖော်ပွဲ လုပ်ပြီးသွားပြီ။ လုပ်ငန်းရှင်တွေက သူတို့ဆက်လုပ်ဖို့ပဲ ကြိုးစားနေကြတယ်။ အဲဒါတွေအတွက် ဒီမှာက စုပေါင်းပြီး ဆန္ဒပြတာ ဖြစ်ပါတယ်"ဟု ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဥယျာဉ်နှင့် ကစားကွင်းများအား အဆောက်အဦး ဆောက်လုပ်ခြင်းမှ ကာကွယ်ရေး ကော်မတီ(ယာယီ)မှ အတွင်းရေးမှူး၊ မြန်မာနိုင်ငံ ရှေ့နေများ ကွန်ရက်အဖွဲ့ဝင်ဖြစ်သူ ဦးအေးမင်းက ပြောကြားသည်။

လက်ရှိတွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း၌ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ သိမ်ဖြူ အားကစားကွင်း၊ တာမွေမြို့နယ်ရှိ ရာပြည့်အားကစားကွင်း၊ ကော့မှူးမြို့နယ်ရှိ အားကစားများ အပါအ၀င် ပဲခူးတိုင်း၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်တို့တွင်လည်း ဘောလုံးကွင်းနှင့် ပန်းခြံများအား သိမ်းဆည်းခံရမှုများ ရှိကြောင်း မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်မှ ဦးအေးမင်းက ပြောကြားသည်။

"တာမွေ ရာပြည့်ကွင်းက ၁၉၈၉ ခုနှစ်က သိမ်းသွားတယ်။ စည်ပင်က အထက်တင်ပြတဲ့ နေရာမှာ ဈေးအဖြစ် တင်ပြတယ်။ မြန်မာ့အားကစားလောက ဘာကြောင့် မေးမှိန်လဲ ဒီလိုလူတန်းစားတွေ ရှိနေတဲ့အတွက် အားကစားကွင်းတွေ ဖျောက်ဖျက်နေတဲ့ အတွက်ကြောင့် အားကစား နိမ့်ကျသွားတာ ဖြစ်တယ်။ အားကစား နိမ့်ကျမသွားအောင်က ကွင်းဆိုတာ ရှိကိုရှိရမယ်"ဟု ဆန္ဒပြရာတွင် ပါဝင်ခဲ့သူ ကိုမောင်မောင်က ပြောကြားသည်။

ထိုသို့ ဘောလုံးကွင်းနှင့် ပန်းခြံများကို ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ လွှဲပြောင်းပြီး လုပ်ငန်းလုပ်ကိုင်စေခြင်းကို မကျေနပ်သည့်အတွက် ဆန္ဒပြရာတွင် ထူးခြားမှု ရှိမလာပါက တရားဥပဒေအရ ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်မှ ဦးအေးမင်းက ပြောကြားသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...